*အမေ*

Good IdeaOctober 20, 20101min01

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

ရေးသူနာမည် မသိပါ။ ကြိုက်လို့ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

One comment

  • kopauk mandalay

    October 20, 2010 at 3:22 pm

    ဒီလိုဖတ်လို့ကောင်းတော့ အဖေဖြစ်ရတာကိုဝမ်းနည်းတယ်ဗျာ။
    ကလေးတစ်ယောက်ပြုစုပျိုးထောင်ဘို့ရာက အဖေလဲမော အမေလဲမော။
    ဒါပေမယ့်လူတွေက ဝမ်းနဲ့လွယ်မွေးတယ်ဆိုတဲ့အမေ မှ အမေဖြစ်နေတယ်။

    Reply

Leave a Reply

Your email address will not be published.