နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)

manawphyulayOctober 20, 20101min00

နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀ဝ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀ဝ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇ဝ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..

နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

1. သွေးတိုးရောဂါ (Hypertension)
2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
3. ဆေးလိပ်သောက်ခြင်း (Smoking)

တို့ဖြစ်ပါတယ်…

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့

* ဆီးချိုသွေးချိုရောဂါ (Diabetes)
* စိတ်ဖိစီးမှုများခြင်း (Stress)
* အဝလွန်ခြင်း (Overweight)
* လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)

တို့ဖြစ်ပါတယ်..

အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..

နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)

* ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
o ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်း နှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
* အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
* ပျို့အန်ခြင်း၊
* အလွန်အမင်း ချွေးထွက်လာခြင်း၊
* အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ

* Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
* Cardiac Catheterization
o Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
* ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
* သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊

တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..

လိုက်နာရမည့်အချက်များ

* တိရိစာ္ဆန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ..
* ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်..
* သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်..
* သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထား သည်များကို လိုက်နာရန်..
* စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်..

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..

* Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol…), Calcium channel blockers (Amlodipine, diltiazem…) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ ။
* သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),…..။
* သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,….)။
* ခွဲစိတ်ကုသမှုအနေဖြင့်-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..။

source: www.hlayamin.com

Leave a Reply

Your email address will not be published.