ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်

သူရႆဝါOctober 9, 20101min04

“ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်”

ဘာလိုသလဲဆိုတော့ ဘာမှမလိုဘူး

ဘာမှမလိုဘူးလားဆိုတော့ လက်လိုတယ်၊

ဘောလ်ပင်လိုတယ်၊ စာရွက်လိုတယ်၊ ဝက်ဘ်ပေ့ချ်တွေလိုတယ်၊

ကီးဘုတ်ကိုကောင်းကောင်းသုံးတတ်ဖို့လိုတယ်၊

အနုပညာစိတ်တွေ ထောင်းထောင်းထနေတဲ့ ဝိဉာဉ်လိုတယ်

ကျွန်တော်က ခင်ဗျားတို့လိုတော့မဟုတ်ဘူး

ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ

ကဗျာရေးလာတာကြာပြီ

ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့လိုမဟုတ်ဘူး

သီအိုရီပိုင်းအရကြည့်ရင် ကျွန်တော့်ကဗျာကြီးက ပြားချပ်ချပ်ဖြစ်နေ

ပိုစ့်မော်ဒန်သဘောတရားအရကြည့်တော့

ကျွန်တော့်ကဗျာကြီးက ဉာဏ်စဉ်မမှီတဲ့ကလေး၊ ဟိုမရောက်ဒီမရောက်၊

အူလည်လည်၊ ကျွန်တော့်ကဗျာကြီးက ပြောမဆုံးပေါင်တောသုံးထောင်

ခင်ဗျားတို့ရေးတဲ့ကဗျာလိုတော့မဟုတ်ဘူးပေါ့

ဒါပေမယ့် ခင်ဗျားတို့ရေးတဲ့ကဗျာလိုပါပဲ

နှလုံးသွေး၊ ခံစားချက်၊ နာကျင်မှုတွေ

ကျွန်တော့်ကဗျာထဲ တောင်ပုံရာပုံ

ကဗျာအနုပညာက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ

ကဗျာမရေးရရင် အသက်ရှူရပ်သွားမှာ

ကဗျာဆရာဖြစ်ဖို့မွေးဖွားလာပြီး

ကဗျာတွေက ကျွန်တော့်ကို ကဗျာဆရာအဖြစ် မွေးဖွားလိုက်တာ

မူးရင်မရေးဘူး၊ ရေးရင်လည်းမမူးဘူး လက်ကိုင်ဝါဒ

ကဗျာတွေကို အဲဒီလို သစ္စာရှိရှိ

သူငယ်ချင်းလို လည်ပင်းဖက်ပေါင်းတာ

ဒီလောက်ပါပဲ

ကဗျာဆရာဖြစ်ဖို့ ဘာလိုအပ်သလဲဆိုတော့ ခင်ဗျားတို့လိုတယ်၊

ကျွန်တော်လိုတယ်၊ မပြောအပ်တဲ့စကားတွေဖယ်ခဲ့ဖို့လိုတယ်၊

ကိုယ်ကဗျာမဟုတ်တဲ့သူများကဗျာတွေကို ကဗျာလို့မြင်ပေးဖို့လိုတယ်၊

ကျွန်တော်အခုပြောခဲ့တာတွေလိုတယ်

ဘာလိုအပ်သလဲဆိုတော့ ဘာမှလည်းအရေးတကြီးမလိုဘူး

ဘာမှမလိုဘူးလားဆိုတော့လည်း အားလုံးမရှိမဖြစ်လိုအပ်တယ်။

သူရဿဝါ

အောက်တိုဘာလ ၉ ရက် ၊ ၂၀၁ဝ ခုနှစ်

4 comments

  • michaelaungpu

    October 9, 2010 at 9:35 am

    ကောင်းလိုက်တဲ့ကဗျာ
    ဟုတ်သလိုလို မဟုတ်သလိုလို နဲ ့
    မဟုတ်သလိုလိုနဲ ့ကို ဟုတ်နေပြန်ပါပေါ့လား
    ဖတ်နေစဉ် တစ်ခဏလေးမှာ
    ကိုယ့်ကိုကိုယ်တောင် မမြင်နိုင်အောင်
    သပွတ်အူကြား တူတူ ပုန်းတမ်းကစားရသလို ပါဘဲလားကွယ်။

    Reply

  • MYO MYINT AUNG

    October 9, 2010 at 10:44 am

    ကိုယ့်မိန်းမရဲ့အဖေက မယ်ဂဇင်း တစ်ခုရဲ့ အယ်ဒီတာဖြစ်ရမယ်

    Reply

  • kopauk mandalay

    October 9, 2010 at 2:18 pm

    ကျနော်ကတော့ဘာလိုသလဲညာလိုသလဲတွေးမနေဘူးဗျာ။
    တစ်ခုတော့ ရှိတယ် ကဗျာစပ်သူက ရိုးသားဘို့တော့လိုမယ်။
    ရေးချင်စိတ်ပေါက်လာရင်ချရေးလိုက်တာဘဲ။
    ဘာပေတံနဲ့မှလဲမတိုင်းဘူး။
    စိတ်ထဲမှာ ကဗျာလို့ ယူဆပြီးရေးလိုက်တယ်။
    ပြန်ဖတ်လို့ အသံသာယာတယ်။
    သူများကိုထိခိုက်နစ်နာစေတဲ့စာလုံးတွေမပါရင် ကောင်းတယ်လို့သတ်မှတ်ပြီး
    စာမျက်နှာပေါ်တင်ထဲ့လို်က်တာဘဲ။

    Reply

  • Nan Shin

    August 31, 2011 at 2:51 am

    ကဗျာဆရာဖြစ်ဖို့ကတော့ ဟုတ်တယ်ဗျာ။
    ကိုယ့်လူ ပြောသလိုပဲ လိုတာတွေလိုတယ်။မလိုတာတွေမလိုဘူး။
    တခါတရံမှာတော့ မလိုတာတွေလဲ လိုသလို လိုတာတွေလဲ မလိုဘူးဖြစ်သွားတတ်တယ်။ဟီး…..
    သံယောင်လိုက်ဖြီးကြည့်တာ ကဗျာနဲ့ပက်သက်လို့တော့ ဘာမှသမိသေးတာပဲ သိတယ်။
    တခါတခါ သိတယ်ဆိုတာကိုတောင် မသိချင်သလိုလိုဖြစ်ဖြစ်သွားသေး။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.