ဥပဒေမရှိတဲ့ မရဏမင်း

ဆူးOctober 9, 20101min04

ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁ဝ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

သားဖြစ်သူဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။ မိခင်ကြီးဒေါ်အုံးရီသည် ၆.၁၀.၂၀၁ဝ ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစုစောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊ သားသမီးဇောတို့ဖြင့် ပေါက်ကွဲပြီးသတိလစ်နေသောသားဖြစ်သူအားလှုပ်ရမ်းကာ “သားမောင်ခင်ဦး … သားလေးမောင်ခင်ဦး” ဟု နှစ်ခွန်းသာခေါ်ဆို၍ နှလုံးဖောက်ပြန်ပြီး ဘဝတပါးသို့ ည (၆းဝ၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။ သားဖြစ်သူဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈းဝ၀) နာရီတွင် မိခင်ကြီးဒေါ်အုံးရီနောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘဝဖြင့် ကျန်ရစ်ခဲ့တော့သည်။

ကမာ္ဘမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများမတူညီကြသော်လည်းကမာ္ဘ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲဟူ၍ တွေးမိတော့သည်။

ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစားမခွဲ။ အချိန်ကာလသတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာမိတ်ဆွေရန်သူမခွဲချေ။

အာဏာကိုရူးသွပ်သူများ၊ ဥစ္စာပစ္စည်းမက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းစသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေးခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြားသီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုးထမ်းဆောင်ပေးရန်၊ သရဏဂုံတည်မြဲရန် အရေးကြီးလှပါပေသည်။

မမျှော်လင့်ဘဲ – ဗြုန်းကနဲ၊

နာလည်းနာနိုင်သည်။

မမျှော်လင့်ဘဲ – ဗြုန်းကနဲ၊

သေလည်းသေနိုင်သည်။

ငါသည်မုချ သေရမည်။

အချိန်အနည်းငယ်သာလိုတော့သည်။

အသေမဦးခင် – ဉာဏ်ဦးအောင်၊

တရားအားထုတ်ကြပါလော့။

(မိုးကုတ်ဆရာတော်ဘုရားကြီး ဩဝါဒ)

ဖေ့ဘွတ် ဦးကျော်သူ ထံမှ ကူးယူ တင်ပြပါသည်။

4 comments

  • char too lan

    October 9, 2010 at 6:18 am

    အရမ်းလန့်သွားတယ်ဗျာ………..
    ကျနော်ရဲ ့အစွဲတစ်ခုက အမေသေမှာကိုကြောက်နေတာပဲ
    တခါတလေ ‘အမေကျနော့်ထက်အရင်မသေနဲ့’ လို့တောင်ပြောမိတယ်

    Reply

  • ဆူး

    October 9, 2010 at 9:07 am

    သေမင်းကတော့ ကြီးသူလည်း မညှာသလို ငယ်သူကိုလည်း စာနာမှာ မဟုတ်ဘူး။ သူခေါ်ချင်တဲ့ အချိန်ခေါ်မှာ.. လူဆိုတာ မသေတဲ့သူမှ မရှိတာ.. အမေကို အရင်မသေစေချင်တာထက်.. အမေ အသေလှဖို့.. တရားဘဝနာတွေ ကျင့်ကြံ အားထုတ်မှုတွေ ရှိအောင် တိုက်တွန်းသင့်တယ်။ အမေဘဲ ဖြစ်ဖြစ် ကိုယ်ဘဲ ဖြစ်ဖြစ်.. မရဏကို အချိန်မရွေး ရင်ဆိုင်နိုင်အောင် အဆင်သင့်ပြင်ထားလိုက်တာ အကောင်းဆုံးဘဲ.. မင်းဘယ်အချိန်ဖြစ်ဖြစ် ငါအဆင်သင့်ဘဲ.. ငါကို လာမခြောက်နဲ့ လို့ ကြိမ်းဝါးနိုင်အောင်ပေါ့.. ကိုချာတူးလန်

    Reply

  • kopauk mandalay

    October 9, 2010 at 2:40 pm

    ကံ ကံ၏အကျိုးတရားဆိုရင် သားအမိနှစ်ယောက် က ကံတူအကျိုးပေးလို့ဘဲပြောရတော့မှာပါဘဲ။
    သေမှာတော့ သေကြမှာချည်းဘဲ။
    ဒါပေမယ့်လူ့လောကထဲမှာ သေမှာကိုဘဲစောင့်နေရတဲ့ ဘာမှအသုံးမကျတဲ့လူစားမျိုးတော့ မဖြစ်ချင်ဘူးဗျာ။

    Reply

  • tunaung

    October 11, 2010 at 11:48 am

    အော်….သဝေဂရစရာတွေပါဘဲလါး ကောင်းရာသုဂတိရောက်ကြပါစေဗျာ

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.