ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?

meengelayOctober 8, 20101min06

နေရောင်ခြည်…
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။

လေ…. အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိူက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။

သူငယ်ချင်းသံယောဇဉ်…. အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။

ချစ်ခြင်းမေတ္တာ…. အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေသမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။

ပန်းတိုင်… အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ြ
ဖစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။

နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်…. စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။

ကဲ သူငယ်ချင်းတို့လည်း အားသစ် မာန်သစ်တွေနဲ့ ဘဝခရီးကိုလျှောက်လှမ်းနိုင်ကြပါစေ။

6 comments

  • R Ga

    October 8, 2010 at 11:30 am

    ဖတ်ရတာတော်တော် ကောင်းပါတယ်။ အခုလို အခမဲ့တွေကို အခမဲ့ဖတ်ခွင့် ရတဲ့အတွက် အခမဲ့ ကျေးဇူးတင်လိုက်ပါတယ်။

    Reply

  • unclegyi1974

    October 8, 2010 at 2:33 pm

    နေ အခမဲ့ ဟုတ်ပါတယ်
    လေအခမဲ့ မဟုတ်ပါဘူး မြန်မာရာဇဝင်မှာ လေခွန်ကောက်ဖူးတယ်လေ
    မိသားစုသံယောဇဉ် အရင်ခေတ်တွေမှာမှန်ပါတယ် အခုခေတ်အမွေ ကိစ္စနဲ့ ရုံးရောက်ဂါတ်ရောက်နဲ့
    မိဘကလဲကလေးစွန့်ပစ်လိုပစ် ရောင်းစားလိုရောင်းစားနဲ့
    သူငယ်ချင်း သံယောဇဉ် ကိုယ့်ကိုသစ္စာဖောက်သွားတဲ့သူငယ်ချင်း ဇာတ်လမ်းတွေ ဝတ္ထုတွေရေး
    ဗီဒီယိုတွေရိုက်ကြနဲ့
    ချစ်ချင်းမေတ္တာ အခမဲ့ ဒီခေတ်မှာ မဟုတ်ဖူးနဲ့တူတယ်နော်
    ပန်းတိုင်အခမဲ့ ထောက်ခံပါတယ်
    ယုံကြည်မှု မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက် အခမဲ့ ဟုတ်ပါတယ်

    Reply

    • ဆူး

      October 9, 2010 at 3:10 am

      လေခွန်ကောက်တာ တကယ် ရှိဘူးလား.. အန်ကယ်ကြီး.. လူကြီးတွေ နောက်တာ ထင်နေတာ.. ရှိရင်လည်း နဲနဲ ပြောပြပေးပါ သိချင်လို့

      Reply

  • michaelaungpu

    October 9, 2010 at 11:41 am

    အခမဲ့တွေကို အခမဲ့ဖတ်ခွင့် ရတဲ့အတွက် အခမဲ့ ကျေးဇူးတင်နေကြမှတော့ ကိုယ်ကလည်း အခမဲ့ သဘောကျပေးရတာပေါ့ ဟဲဟဲဟဲ

    Reply

  • Gong Zhu

    October 10, 2010 at 7:35 pm

    အခမဲ့ ဆိုတာလေးကို သဘောကျတယ် … စေတနာရှိ်မှ အခမဲ့ ဆိုတာဖြစ်တာပါနော် …

    Reply

  • shwemanthar

    October 12, 2010 at 9:43 am

    လေခွန် ကောက်တာရှိခဲ့ဖူးပါတယ်။
    ဦးပေါ်ဦးကို ဘိုးတော်ဦးဝိုင်းကခွင့်ပြုခဲ.တာပါ။
    ရှင်ဘုရင်က နောက်တာဖြစ်ပေမယ်.
    ဦးပေါ်ဦးကတကယ်ကောက်ခဲ့ပါတယ်။

    Reply

Leave a Reply to R Ga Cancel Reply

Your email address will not be published.