လပွတ္တာအနီး စက်လှေမှောက်၊ လူ ၃ဝ ကျော် သေဆုံး

cobraOctober 7, 20101min02

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မိကျောင်းအိုင် ရွာရှိ ကျောင်းသားစုံ ညီပွဲသို့ သွားသည့် စက်လှေတစီး ယနေ့ နံနက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ် ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ဖလူဆိပ်နှင့် ပတဲကောရွာများရှိ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအဝင် လူ ၈ဝ ဝန်းကျင်ကို တင်ဆောင်လာသည့် စက်လှေသည် ပတဲကောရွာမှ မိကျောင်းအိုင်ရွာသို့ အထွက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။

“ဒီမှာ လေတွေကလည်း ပြင်းနေတာ၊ ပတဲကောရွာကအထွက်မှာ လူးပြီး မှောက်သွားတာ၊ မနက် ရ နာရီလောက်က၊ အခု လောလောဆယ် ဆယ်ထားမိတာ ၃၆ ယောက်ရှိပြီ၊ ဆရာမ ၂ ယောက်နဲ့ ကျောင်းသားကျောင်းသူတွေချည်းပဲ၊ ဆက်ရှာ နေကြတုန်းပဲ”ဟု ပတဲကောရွာခံ တဦးက ဧရာဝတီသို့ ပြောသည်။

စက်လှေမှာ ကျောင်းသားစုံညီပွဲတော် သွားရန်အတွက် ကျောင်းများစု၍ ရွာနီးချုပ်စပ်မှ ငှားရမ်းထားသောစက်လှေဖြစ်ပြီး စက်လှေတွင် လူတင်ဆောင်မှုများသောကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လပွတ္တာ ရဲ စခန်းကမူ စက်လှေ မှောက်ကြောင်း အတည်ပြုသော်လည်း သေဆုံးသူ စာရင်းကို အတိအကျ မသိရှိရသေး ကြောင်း ဧရာဝတီ သို့ ပြောသည်။

“ရေကူးနိုင်တဲ့ ဆရာ၊ ဆရာမတချို့နဲ့ ကျောင်းသားအကြီးတချို့တော့ ရှင်တယ်၊ သေသူ ရှင်သူ ဘယ်လောက်လည်း အတိ အကျ မသိရသေးဘူး၊ စကတည်းက ဘယ်နှယောက်ဆိုတာကို အတိအကျ မသိသေးတာ၊ အခု ဆယ်မိထားတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေ တချို့တော့ရောက်နေကြပြီ”ဟု ပတဲကောရွာခံ က ဆက်ပြောသည်။

လက်ရှိအခြေအနေအရ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ် ကြောင်း သိရသည်။

2 comments

  • ဆူး

    October 8, 2010 at 2:30 am

    သနားပါတယ်.. ရေကူးတတ်ပြီး လွတ်တဲ့လူတွေ များပါစေ..

    Reply

  • Gong Zhu

    October 10, 2010 at 7:45 pm

    ဝဋ်ပဲနော် … ကြောက်စရာကြီး …

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.