ထင်းခုတ်သမားနှစ်ဦး

thura.ng2September 24, 20101min04

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”

“ဒိလို လူလေး… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘဝ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

4 comments

  • kyansitthar101

    September 24, 2010 at 12:22 pm

    သဘောကျတယ်ဗျာ….
    နေ့စဉ်လုပ်နေကျ အလုပ်တွေလုပ်ပြီး အချိန်ကုန်နေရင် အလကားဘဲ…. ဗဟုသုတ ရှိဖို့လဲ လိုအပ်လာပြီ။ နေ့စဉ်လုပ်နေကျ အလုပ်တွေနဲ့ အချိန်ကုန်နေရင် သာမန်အားဖြင့် မသိသာပေမယ့် တကယ် အခက်အခဲ နဲ့ တွေ့တဲ့ အချိန်မှာ ဗဟုသုတ ရှိတဲ့ သူ အမြင် ရှိတဲ့ သူက သာသွားမှာ ဘဲ။

    Reply

  • unclegyi1974

    September 24, 2010 at 2:39 pm

    တဘဝလုံးအသုံးဝင်တဲ့ပုံပြင်လေးပါ
    ယူတတ်ရင်ရမှာပါ

    Reply

  • unclegyi1974

    September 24, 2010 at 2:46 pm

    စားပွဲပေါ်မှာ စားစရာတွေကအများကြီးပါ ကိုယ်တိုင်ယူစားမှရမှာပါ ။

    Reply

  • kopauk mandalay

    September 24, 2010 at 3:26 pm

    သိပ်မှန်တာပေါ့ ရေဘဲသောက်ချင်နေလို့မရဘူး။
    သောက်လို့ကုန်သွားတဲ့ရေအိုးကိုပြန်ဖြည့်ရမယ်လေ။

    Reply

Leave a Reply

Your email address will not be published.