ကမ္ဘာ့ အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ် လုပ်ငန်း

Zaw WonnaSeptember 24, 20101min02

လေအားလျှပ်ထုတ်စက် အလုံး ၁၀ဝ ပါဝင်ပြီး တစ်နှစ်လျှင် အိမ်ခြေ ၂ သိန်းခန့်ကို လျှပ်စစ်စွမ်းအင် လုံလောက်စွာ ပေးနိုင်မည့် ကမ္ဘာ့ အကြီးဆုံး ကမ်းလွန် ပင်လယ်ပြင် လေအားလျှပ်စစ် ထုတ်လုပ်မှု လုပ်ငန်းကို စက်တင်ဘာလ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အရေးပါသော ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု၏ ပဏာမခြေလှမ်း အဖြစ် ယခင် ဗြိတိန် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံ တောင်ပိုင်းရှိ Kent ကမ်းခြေတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ငန်းကို ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံထားသော ဆွီဒင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် Vattenfall က လုပ်ကိုင်မည် ဖြစ်သည်။
ဗြိတိန် ရေပြင်သည် လေတိုက်နှုန်း မြင့်မားသည့် အတွက် လေအားလျှပ်စစ် ထုတ်လုပ်မှု လုပ်ငန်းအတွက် စွဲဆောင်မှု တစ်ခု ဖြစ်သည်။ ဥပမာ – ဗြိတိန် နိုင်ငံ တစ်ဝိုက်တွင် တည်ဆောက်သည့် ကမ်းလွန် လေအား လျှပ်ထုတ်စက်တစ်ခုသည် ဂျာမဏီနိုင်ငံတွင် တည်ဆောက်သော အလားတူ လျှပ်ထုတ်စက် တစ်ခုထက် ခန့်မှန်းခြေအားဖြင့် ၅ဝ ရာခိုင်နှုန်းခန့် ပိုမို၍ လျှပ်စစ် ထုတ်လုပ်နိုင်သည်။
ဥရောပ ကမ်းလွန် လေအားလျှပ်စစ်လုပ်ငန်း၏ အဆိုအရ ဥရောပ တစ်ဝှမ်းတွင် လက်ရှိ တည်ဆောက်လျှက်ရှိသော ကမ်းလွန် လေအားလျှပ်စစ် လုပ်ငန်း ၁၆ ခုရှိပြီး ထိုအထဲမှ တစ်ဝက်မှာ ဗြိတိန်တွင် ဖြစ်သည်။
လေအားနှင့် ပင်လယ်ပြင် ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု ကုန်သွယ်ရေး အဖွဲ့ဖြစ်သော RenewableUK ၏ အဆိုအရ လေအားဖြင့် ဗြိတိန်ရှိ အိမ်ခြေပေါင်း ၃ သန်းခန့်ကို လျှပ်စစ်ဓါတ်အား ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ယခု ဖွင့်လှစ်လိုက်သော Thanet ကမ်းလွန် လေအားလျှပ်စစ်လုပ်ငန်းသည် ဧရိယာ အားဖြင့် ၁၃.၅ စတုရန်းမိုင် ကျယ်ဝန်းပြီး ဘောလုံးကွင်းပေါင်း ၄၀၀ဝ စာနှင့် ညီမျှသည်ဟု Vattenfall ကုမ္ပဏီမှ ပြောကြားသည်။
ကမ်းခြေနှင့် အနီးဆုံးသော လေအားလျှပ်ထုတ်စက်သည် Margate မြို့၏ အရှေ့မြောက်ဘက် ၇.၄ မိုင်ခန့် အကွာတွင် တည်ရှိသည်။
Vattenfall ကဲ့သို့သော ကုမ္ပဏီများ အနေဖြင့် ပင်လယ်ကမ်းခြေမှ မြင်နေရသည့် လေအားလျှပ်ထုတ်စက်များကြောင့် ဒေသခံ ပြည်သူတို့၏ ကန့်ကွက်မှု မရှိကြောင်း သေချာရန် လိုအပ်သည်။ သို့သော် ထိုကုမ္ပဏီကမူ လျှပ်ထုတ်စက်များ၏ မြင်ကွင်းကို ကြည့်ရှုလိုသော ခရီးသွားများကြောင့် ခရီးသွားလုပ်ငန်းပင် တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
Thanet ကမ်းလွန် လေအားလျှပ်စစ်လုပ်ငန်းသည် ကမ္ဘာ့ အကြီးဆုံး အဖြစ် ကြာရှည်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် Thanet ဒေသ မြောက်ဘက်တွင် London Array လေအားလျှပ်စစ်လုပ်ငန်းကို တည်ဆောက်နေပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ထိုစီမံကိန်းတွင် လေအားလျှပ်ထုတ်စက် ၃၀ဝ ကျော် ပါဝင်မည်ဖြစ်ပြီး လျှပ်စစ် ၁ ဂီဂါဝပ် ထုပ်လုပ်နိုင်မည့် ကမ္ဘာ့ ပထမဆုံး ကမ်းလွန် လေအားလျှပ်စစ်လုပ်ငန်း ဖြစ်သည်။      ။

By the CNN Wire Staff
September 23, 2010

2 comments

  • kyansitthar101

    September 24, 2010 at 1:38 am

    အားရ စရာကြီးဘဲ ။ မြန်မာနိုင်ငံမှာလဲ ရေအားလျှပ်စစ်စက်ရုံတွေ လာဆောက်ကြရင်ကောင်မယ်

    Reply

  • michaelaungpu

    September 25, 2010 at 3:05 pm

    သူ ့အိမ် ချောင်းဘေးမှာမရှိတိုင်းနဲ ့
    လူဆိုး
    သွား သိပ်မုန်းတယ်

    Reply

Leave a Reply

Your email address will not be published.