ပီစီချစ်သူ

Zaw WonnaSeptember 22, 20101min01


ပီစီချစ်သူ

မင်းနဲ့ စရင်းနှီးတော့
ငါက အရွယ်ရောက်နေခဲ့ပါပြီ
သူများတွေလို
ကစားဖော် မဖြစ်ခဲ့သလို
စကားတွေ တွတ်ထိုးတတ်တဲ့
တိုးတိုးဖော်လည်း မဖြစ်ခဲ့ပါဘူး …..

ဒါပေမဲ့လည်း
မင်းနဲ့ စတွေ့ချိန်ကစလို့
ငါ့ရဲ့အချိန်အတော်များများကို
မင်းအတွက် ပေးထားမိပြန်တယ် …..

မင်းနဲ့အတူ
သီချင်းတွေ နားထောင်ဖြစ်ခဲ့
ရုပ်ရှင်တွေ ကြည့်ဖြစ်ခဲ့
စာအုပ်တွေ ဖတ်ဖြစ်ခဲ့
စာတွေ ရေးဖြစ်ခဲ့
ပုံတွေ ဆွဲဖြစ်ခဲ့
– – – –  ဖြစ်ခဲ့
– – – –  ဖြစ်ခဲ့
မမေ့နိုင်တဲ့ နေ့တွေပါပဲ
ငယ်ငယ်ကတည်းက
မဆုံခဲ့ကြပေမဲ့
မင်းနဲ့ပတ်သက်တဲ့
ကိုယ့်ရဲ့ သံယောဇဉ်ကို
ဘာသာ သိနေခဲ့ …..

မင်းရှေ့  ရောက်တဲ့အခိုက်မှာ
စိတ်ညစ်စရာတွေကို မေ့
ထမင်းမေ့ ဟင်းမေ့နဲ့
ကမ္ဘာသစ်တွေ့သူလို
စိတ်ဝင်စားရာနောက်
တကောက်ကောက် လိုက်ပါခဲ့
တခါတလေလည်း
ကန့်သတ်ထားတဲ့နေရာတွေ ရောက်လိုရောက်
မသွားသင့်တဲ့ နေရာတွေ ရောက်လိုရောက်
အဲလို ရက်တွေဆို
မင်းကို စိတ်ပူမိပါရဲ့…..

မင်းတို့လောကမှာ
ကူးစက်တတ်တဲ့ ရောဂါတွေကလည်း
သိပ်များတာဆိုတော့
မင်းကျန်းမာရေးအတွက်
ကိုယ်တတ်နိုင်တဲ့ဘက်က
အစစအရာရာ ဂရုစိုက်ပေမဲ့
တခါတခါ ဖြစ်လိုက်ရင်
အသည်းအသန်ချည်းပါပဲ …..

ကိုယ်တတ်နိုင်သလောက် ပြုစုရင်း
မင်းပြန်ကျန်းမာလာမယ်ဆိုတာ
ကိုယ်ယုံကြည်ပါတယ်
ဒါပေမဲ့
မင်းကိုပေးထားတဲ့
ကိုယ့်ရဲ့အမှတ်တရတွေ
ပျောက်ရှကုန်မှာကို
စိုးရိမ်မိတာပါ …..

အတိတ်မေ့သွားတဲ့မင်းက
ကိုယ့်ကို တစ်ခါမှမမြင်ဖူးသလို
ဆက်ဆံတာမျိုးကို
ကြုံရမှာ စိုးတယ်ကွယ် …..

တကယ်တော့ ကိုယ့်ဘဝဟာ
မင်းရှိမှ ပြည့်စုံတာပါ
ကိုယ့်ကမ္ဘာ ကျဉ်းကျဉ်းလေးရဲ့  အပြင်ဘက်
မင်းနဲ့ လမ်းလျှောက်ထွက်ရတဲ့အခါ
ဘာအပူအပင်မှမရှိ
ပီဘိ ကလေးလေးတစ်ယောက်လို
ကိုယ် ပြန်ဖြစ်သွားလေရဲ့…..

ဇဝန(ရွှေမြိုင်)

www.shwemyine.blogspot.com

One comment

  • Gong Zhu

    September 22, 2010 at 3:29 pm

    အဲ့ဒီပုံက ကေဇင်က ဘယ်လောက်ပေးရလဲ မသိဘူးနော် . . .

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.