ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနဲ့ မိဘများရဲ့ ကဏ္ဍ

etoneSeptember 11, 20101min00


ခရီးကပြန်ရောက်ပြီး jet-lag ရနေလို့ ဇီးကွက်ဖြစ်ဖြစ်နေပါတယ်။
အိပ်မပျော်တာနဲ့ဘဲပို့စ်တွေလည်းဆက်တိုက်လျှောက်ရေးနေမိပါတယ်။
စာဖတ်သူအတွက်ယူစရာသိပ်မကျန်တဲ့ပို့စ်တွေဘဲများနေလို့
လာဖတ်တဲ့သူတွေကိုတောင်းပန်ပါတယ်။
ဒီညတော့ကိုအန်ဒီကလေးလေးတွေဗီဒီယိုကိုကြည့်ပြီး ကြည်နူးအားကျမိရင်း၊
ကလေးလေးတွေနှစ်ဦးစလုံးဟာ မိဘတွေရဲ့မေတ္တာအစွမ်းကုန်ရရှိပြီး
ကိုယ်ရောစိတ်ပါကျန်းမာသန်စွမ်းတဲ့ကလေးလေးတွေအဖြစ်ပေါ်လွင်နေတာတွေးနေမိရင်းကလေးသွားကျန်းမာရေးပညာအကြောင်းပြန်
စဉ်းစားနေမိပါတယ်။
ကျွန်တော်တို့ကျောင်းသားဘဝက ကလေးသွားကျန်းမာရေးပညာမှာ စသင်ရတာက psychological development of children
ကလေးတွေရဲ့စိတ်ပို်င်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအကြောင်းဖြစ်ပါတယ်။
ဘာကြောင့်ဒီအကြောင်းအရာကိုအရေးတကြီးသင်ရလဲဆိုတော့၊
ကျွန်တော်တို့သွားဆေးခန်းကိုနေ့စဉ်လာပြလေ့ရှိသူတွေထဲမှာ
ကလေးတွေလည်းပါပါတယ်။ ကလေးတွေရဲ့ဖြတ်သန်းလာရတဲ့ ပတ်
ဝန်းကျင်နဲ့မိဘဖြစ်သူရဲ့ပြုစုစောင့်ရှောက်တတ်မှုရှိမရှိပေါ်မူတည်ပြီး၊ ကလေးတွေလည်းအမျိုးမျိုးအမူအကျင့်ကွဲသွားပါတယ်။
သူတို့ကိုသွားဘက်ဆိုင်ရာကုသမှုတွေမစနိုင်ခင်မှာ ဘယ်လို psychological
background နဲ့အမူအကျင့် behaviour ရှိသလဲ။ ကောင်းတဲ့
behaviour ရှိလား၊ အားနည်းချက်ရှိတဲ့ behaviour လား၊ ကောင်းတာကိုဘယ်လိုဆက်အားပေးပြီး
မကောင်းတာကိုဘယ်လိုအပြုသဘောဆောင်လာအောင်ပဲ့ကိုင်မလဲဆိုတာတွေအရင်လုပ်ရပါတယ်။

ကလေးတွေဟာ မွေးခါစကနေတစ်နှစ်သားအရွယ်ကစပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးလာတာနဲ့အတူ psychological development လည်းစနေပါပြီ။
အဲလိုအချိန်မှာ ကလေးဟာ ယုယုယယထွေးပွေ့မှုရမယ်၊ ချော့မြူမှုရမယ်၊
ဆာတိုင်းချိုချိုသောက်ခွင့်ရမယ်ဆိုရင်
သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာလုံခြုံနွေးထွေးမှုနဲ့ယုံကြည်မှုစပြီးရရှိသွားပါတယ်။
ဒီအရွယ်မှာဒီလိုပြုစုယုယမှုတွေသေချာမရခဲ့တဲ့ကလေးတွေဟာ ကြီးတဲ့အထိ၊
လောကကြီးနဲ့ကိုယ့်ကိုကိုယ်မယုံကြည်မှု၊ ဘယ်သူကငါ့ကိုတိုက်ခိုက်မလဲဆိုပြီး
သံသယဖြစ်မှုတွေနဲ့ကြီးပြင်းရပါတော့တယ်။ Erik Erickson ကတော့ဒီအဆင့်ကို
stage of developing trust or mistrust လို့သုံးပါတယ်။

နောက်တဆင့်ကတော့ (၂)နှစ်က(၃)နှစ်သား ….development of autonomy ကိုယ့်ကိုကိုယ်အားကိုးစိတ်စတင်ဖြစ်ပေါ်တဲ့အရွယ်..
ဘာမဆို..ကိုယ့်ဟာကိုယ်လုပ်မယ်..ဆိုပြီးဖြစ်လာပါတယ်။ ဒီအဆင့်မှာလူကြီးကအရာရာဟိုမလုပ်နဲ့ဒီမလုပ်နဲ့ချုပ်ချယ်လွန်းရင်၊
စိုးရိမ်လွန်အချစ်လွန်ပြီးကိုယ်တိုင်ဘာမှပေးမလုပ်ဘဲမိဘကအရာရာလုပ်ပေးနေရင်
ကလေးဟာကိုယ့်ကိုကိုယ်ယုံကြည်အားကိုးမှုမရှိတော့ပါဘူး။
အလွန်အကျွံလွှတ်ပေးရင်လည်းစည်းကမ်းမဲ့တဲ့ကလေးဖြစ်လာတတ်တာမို့ rules
ဆိုတဲ့ဘောင်လေးတွေစပြီးချပေးရပါတယ်။
ဥပမာထမင်းဝိုင်းမှာကိုယ်စားချင်တဲ့ဟင်းကိုယ်တိုင်ထည့်စား..ဒါပေမယ့်ကုန်အောင်စားရမယ်..စတဲ့
ကိုယ့်အလုပ်ကိုယ်တာဝန်ယူတဲ့စိတ်မွေးမြူပေးရပါတယ်။
အလိုလိုက်လွန်ရင်ငါဘာလုပ်လုပ်မှန်တယ်၊ဘယ်သူမှမဟန့်တားနဲ့ဆိုတဲ့ငါတကောစိတ်ဓာတ်တွေကြီးတဲ့အထိပါသွားပါလိမ့်မယ်။
(၄)နှစ်သားအရွယ်ကိုတော့ terrible four လို့ခေါ်ပါတယ်။ autonomy
ရချင်တာသိပ်များလာလို့ထိန်းရနဲနဲခက်လာပြီး
စိတ်မလိုရင်ဒေါသထွက်တာစတာတွေပြတတ်လာပါပြီ။
လူကြီးကသိမ်သိမ်မွေ့မွေ့နဲ့မထိန်းကျောင်းရင်ကြီးတဲ့အခါအလိုမကျရန်လိုတဲ့သူတယောက်အဖြစ်
လူ့ပတ်
ဝန်းကျင်မှာ အထီးကျန်တတ်ပါတယ်။
(၅)နှစ်ကအပျိုလူပျိုဝင်ချိန်အထိ…ဒီအရွယ်ကျတော့ ကျောင်းစနေပြီ။ ပတ်ဝန်းကျင်ကကျယ်ပြန့်ပြီးသင်ယူစရာတွေများလာပြီလေ။
တံငါနားနီးတံငါ-အကျင့်တွေကူးတတ်တဲ့အရွယ်ပါ။ Role model
ဆိုတဲ့ဖန်တီးရှင်တို့၊ မင်းသားမင်းသမီးတို့စတာတွေအပြင်၊
အပြင်လောကမှာတွေ့ရတာတွေထဲက
ကိုယ်ကြိုက်ရာလိုက်အတုယူချင်စိတ်ပေါက်လာတဲ့အရွယ်ပါ။
ကြီးရင်ဘာလုပ်မယ်စတဲ့အတွေးလေးတွေစပေါ်လာပြီး
ကောင်းတဲ့ဘက်ကိုလူကြီးကထိန်းညှိပေးရပါတယ်။
ကျောင်းရဲ့အများစုပေါင်းဆောင်ရွက်မှုတွေ၊
သဘောတူမှုမတူမှုစတဲ့ကွဲပြားမှုရှိတာတွေကိုမြင်လာလက်ခံလာတဲ့အရွယ်ပါ။
ဒီအရွယ်မှာသူတို့ကျောင်းမှာကြုံတွေ့လာတဲ့အတွေ့အကြုံတွေမိဘကိုရင်ဖွင့်ချင်ကြတယ်။
မိဘတွေကအလုပ်များလို့ဖြစ်စေ၊ ဂရုမစိုက်တဲ့အခါ
ရင်ထဲမှာခံစားချက်တွေပြည့်လာပြီး
လောကကိုမကျေနပ်စိတ်အဆိုးမြင်စိတ်တွေဝင်လာနိုင်ပါတယ်။
ကလေးကိုဒီအရွယ်မှာပိုဂရုစိုက်ပြီးမျက်နှာရိပ်မျက်နှာကဲခတ်တတ်ရပါတယ်။
သူ့ရဲ့စွမ်းဆောင်မှု..ဥပမာအတန်းထဲမှာအဆင့်ကောင်းတာစတာကို
ချီးမွန်းပေးရပါတယ်။ ကလေးဆိုတာချီးကျူးတာကိုဘဲကြိုက်တယ်၊
အပြစ်တင်ခံရတာကိုမလိုလားပါဘူး။ အပြုအမူတခုအတွက်ချီးကျူးခံရရင်
ဆက်ပြီးအဲဒါကိုထိန်းချင်ကြိုးစားချင်လာကြပါတယ်။

ဒီလိုငယ်စဉ်ဘဝအဆင့်ဆင့်မှာမိဘရဲ့အခန်းကဏ္ဍဟာသိပ်အရေးကြီးပါတယ်။ ချစ်တတ်ဖို့လိုပါတယ်။ မချစ်တတ်ရင်နှစ်ရာရောက်မှာပါ။ရှောင်ရမှာတွေက
(၁) overindulging အလွန်အကျွံအလိုလိုက်တာ…naughty boy, naughty girl
တွေဖြစ်လာစေပါတယ်။ အဲလိုခလေးတွေဆေးခန်းလာရင်အရမ်းစိတ်ညစ်ရတယ်။
ကလေးရေ..ပါးစပ်ကလေးဟနော်..ဆိုရင်မဟဘူး။ တချို့ဆိုးလွန်းတဲ့ကလေးဆို
ဆရာဝန်ကိုရန်လုပ်တာ၊ တံတွေးနဲ့ထွေးတာတွေလုပ်တတ်ပါတယ်။ နယ်မှာတုန်းက
သွားနှုတ်ရင်ဒါးနဲ့ထိုးမှာနော်..ဆိုပြီး
ခဲချွန်ဒါးလေးဖွက်ကိုင်လာပြီးခြိမ်းခြောက်တာခံရဖူးပါတယ်။
(၁၁)နှစ်လောက်ရှိတဲ့ကလေးပါ။ သိပ်ရန်လိုတဲ့ကလေးကိုအဲဒီတကြိမ်ဘဲကြုံဖူးပါတယ်။
ပါလာတဲ့လူကြီးက ဆရာရေ..သူနာမှာကြောက်လို့လားမသိဘူး။ ဖြစ်ပါ့မလား စသည်ဖြင့်
ကလေးဘက်ကဝင်ပြောပေးတတ်ကြပါတယ်။ အဲဒါဆိုပိုဆိုးရောပါဘဲ။
ပိုဆိုးလာရင်မိဘကိုကုသခန်းထဲပေးမဝင်ဘဲခွဲထားရပါတယ်။ Rule တွေပြောပြရပါတယ်။
သားဒီဆေးခန်းလာရင်ဒီလိုလုပ်ရမယ်၊ အိမ်မှာလိုမရဘူး။ မပြီးရင်မပြန်ရဘူး၊
စသည်ဖြင့်ပြောပြရပါတယ်။ ဘေးမှာ
ငြိမ်ငြိမ်ဆိမ်ဆိမ်လိမ္မာစွာနဲ့ကုသခံနေတဲ့အရွယ်တူကလေးတွေကို role model
အဖြစ်ပြပြီးအတုယူစေရပါတယ်။
(၂) overprotection အလွန်အကျွံချုပ်ချယ်တာ…Shy and timid ရှက်တတ်
ကြောက်တတ်တဲ့ကလေးတွေဖြစ်လာစေပြီး လူတောမတိုးပါဘူး။
ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘဲ မေမေ ဒီနားလာ..လက်ကိုင်ထား..ကြောက်တယ်
စသည်ဖြင့်ဆေးခန်းမှာတွေ့ရပါတယ်။
အဲလိုကလေးမျိုးကျတော့မိဘကိုအနားမှာနေစေပြီး၊ သူယုံကြည်မှုရလာအောင်၊
ဆေးခန်းခုံက ခလုတ်လေးတွေနှိပ်ခိုင်း..ရေပန်းလေးတွေပန်းခိုင်း၊
လေလေးမှုတ်ခိုင်း.. ကိုယ့်သွားကိုမှန်နဲ့ပြန်ကြည့်ခိုင်းတာ စတာတွေနဲ့
ငြင်ငြင်သာသာစပျိုးရပါတယ်။ တန်းပြီးတော့သွားကို drill နဲ့
သွားပိုးစားတာကုန်အောင်ခြစ်တာ၊ ထုံဆေးထိုးတာစတာတွေလုပ်ရင်
ကလေးကြောက်သွားပြီး ဆက်ကုလို့အောင်မြင်မှာမဟုတ်ပါဘူး။ အတင်းဆက်ကုရင်လည်း
ကြီးတဲ့အထိ သွားကုဖို့ဆိုကြောက်သွားတဲ့အထိ စိတ်အနာရတတ်ပါတယ်။
(၃) maternal anxiety
အမေဖြစ်သူရဲ့စိုးရိမ်စိတ်လွန်ကဲမှု…ကလေးမှာလည်းစိုးရိမ်တတ်၊
ကြောက်တတ်တာမျိုးဖြစ်သွားပါတယ်။ ကြောက်စရာအတွေ့အကြုံတွေ၊
ပျော်စရာမကောင်းတဲ့အတွေ့အကြုံတွေကလေးရှေ့မှာမပြောဖို့၊
စိုးရိမ်ပူပန်မှုတွေမပြဖို့အရေးကြီးပါတယ်။

ကျွန်တော်တို့သွားဆရာဝန်ဆိုတာသွားတင်မက လူနာရဲ့စိတ်ပိုင်းကိုယ်ပိုင်းအားလုံးကို ဂရုစိုက်ကြည့်နေရပါတယ်။
ကလေးဆိုလည်းကလေးအလျောက်၊ လူကြီးဆိုလည်း psychosocial status
အမျိုးမျိုးရှိတတ်တာမို့၊ ဆေးခန်းထဲလာတာနဲ့ အကဲခတ်ခြင်းစရတော့တာပါဘဲ။
လူကြီးဆိုရင်စကားထဲကဇာတိပြတယ်၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ အပိန်အဝ
အသားအရည်အထူအပါးစတာတွေပေါ်မူတည်ပြီး စိတ်အမူအကျင့်ကိုမှန်းလို့ရတယ်။
မျက်လုံးတွေကိုကြည့်ပြီး အတွင်းစိတ်သဘောကိုလည်းအကဲခတ်တတ်ရတယ်။
တခြားရောဂါရှိမရှိရှာဖွေရပါတယ်။ ကုသမှုအောင်မြင်ဖို့၊
လူနာရဲ့စိတ်ပိုင်းဆိုင်ရာရော၊ သွားနဲ့ခံတွင်းပါကောင်းအောင်ကုသပေးရာမှာ
ဒါတွေကအများကြီးအသုံးဝင်ပါတယ်။
နောက်အချိန်ရရင် ဆက်လက်ဝေမျှပါဦးမယ်။

Posted by Dr. Nyan

Leave a Reply

Your email address will not be published.