မြန်မာပြည် သတင်းဒိုင်ယာရီ November 2025

မြန်မာပြည် သတင်းဒိုင်ယာရီ

Nov 28 ။ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ၂ နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေအကြား US ဒေါ်လာ ၉ သန်း တန်ဖိုးရှိတဲ့ သဘောတူစာချုပ် ၁၆ စောင် ချုပ်ဆိုနိုင်ခဲ့ကြောင်း ဘယ်လာရုစ်(BelCCI)ဘက်က သတင်းထုတ်ခဲ့ပါတယ်။

Nov 27 ။ မြန်မာပြည်အပါအဝင် ၁၉ နိုင်ငံကနေ US ကို ရွှေ့ပြောင်းအခြေချသူတွေကို ထုတ်ပေးထားတဲ့ ဂရင်းကတ်(Green Card)တွေကို ပြန်လည်စိစစ်သွားမယ်လို့ ထရမ့်ပ်အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ပိုများလာကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

Nov 26 ။ အဓမ္မစစ်မှုထမ်းခိုင်းတာနဲ့ အသက်မပြည့်သေးသူကို စစ်မှုထမ်းဖို့ စုဆောင်းခံရတာတွေရှိရင် တိုင်ကြားနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ပုဒ်မ ၅၀၅ – က ​နဲ့ တရားစွဲခံရပြီးထောင်ကျနေသူတွေနဲ့ အမှုရင်ဆိုင်နေရသူတွေကို စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပြီး ဒီပုဒ်မနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကိုပါ အမှုရုပ်သိမ်းပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေကတော့ အကျဥ်းထောင်တွေထဲ​ဆက်လက်ကျန်ရှိနေပါသေးတယ်။

Nov 25 ။ မြန်မာစာလောကမှာ ထင်ရှားတဲ့ မြန်မာစာ ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင်(အသက် ၈၉ နှစ်)ဟာ ဒီနေ့ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီးဟာ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှာလည်း ပါဝင်ခဲ့ပြီး မြန်မာဇာတ်သဘင်သမိုင်း၊ မြန်မာရုပ်စုံသဘင်၊ မြန်မာစာစာစီစာကုံးများ၊ ရေသည်ပြဇာတ်စကားပြေ စတဲ့ စာအုပ်တွေအပြင် စာအုပ်ပေါင်း မြောက်မြားစွာကို ရေးသားပြုစုခဲ့ပြီး ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်တွေမှာ အမျိုးသားစာပေးဆု ရရှိခဲ့တာပါ။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က ချိပ်ပိတ်လိုက်ကြောင်း မြိုခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း ရန်ကုန်နဲ့မန္တလေး၊ ဧရာဝတီနဲ့စစ်ကိုင်းမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိတ်သိမ်းခံရတဲ့
ပုဂ္ဂလိကဆေးရုံပေါင်း ၅၀ နီးပါးရှိသလို ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိခဲ့ပါတယ်။ 

Nov 24 ။ ပြည်ပကနေ ဆီတင်သွင်းမှု လျှော့ချပြီး ပြည်တွင်းဆီထုတ်လုပ်မှု တိုးမြှင့်လိုနေတဲ့ စစ်ကောင်စီဟာ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေး အစီအစဉ်အတွက် ပုဂ္ဂလိက ဘဏ် ၁၄ ခုနဲ့ လက်မှတ်ထိုးလိုက်ပြီး ကျပ် သိန်း ၁၀,၀၀၀ ထိ ထုတ်ချေးသွားမယ်လို့ သိရပါတယ်။

မြန်မာစစ်တပ် ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာတွေအနေနဲ့ ဒီဇင်ဘာ ၂ ရက်ကစပြီး ကြိုတင်မဲပေးနိုင်ကြောင်း စစ်ကောင်စီသံရုံးတွေကနေ အသိပေးထားပါတယ်။ ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေး အင်အားစုတွေက ပြောထားပါတယ်။ 

Nov 23 ။ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲမှာ အမတ်လောင်းတဦးကို ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း(၃၀၀) သတ်မှတ်ထားတဲ့အတွက် အမတ်လောင်း (၅,၀၀၀)နီးပါး ဝင်ပြိုင်မယ့် ရွေးကောက်ပွဲ အသုံးစရိတ်က ဘီလျံပေါင်းများစွာရှိလာမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို နိုဝင်ဘာလ ဒုတိယပတ်ကစပြီး စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုး၊ မီးရှို့နေသလို လေကြောင်းကပါ ပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေသလို ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ 

Nov 22 ။ နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းသား (၂၈,၃၃၉)ဦး ကြိုတင်မဲပေးခဲ့ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) - (အသက် ၉၁ နှစ်)ဟာ ဒီနေ့ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ အမျိုးသားစာပေဆု၊ တသက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆုနဲ့ အလင်္ကာကျော်စွာဆုရ စာပေပညာရှင်တဦး ဖြစ်ပြီး မြန်မာ့စာပေလောကမှာ ထင်ရှား ကျော်ကြားပါတယ်။ 

Nov 21 ။ ရွှေပြည်သာက သပိတ် ကော်မတီဝင် ၃ ယောက်ကို ရွေးကောက်ပွဲ နှောက်ယှက် ဟန့်တားမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃(က) အပါအဝင် အမှု ၅ မှုစီနဲ့ တရားစွဲပြီး တယောက်ကို ထောင်ဒဏ် နှစ်(၄၀)စီ ချမှတ်ခဲ့ပါတယ်။

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ မြဝတီမြို့နယ်ထဲက KK PARK ကို မြန်မာစစ်တပ်က ဝင်စီးပြီးနောက် ရွှေကုက္ကို မြို့သစ်မှာလည်း နိုဝင်ဘာ ၁၈ ရက်စပြီး ကျားဖြန့် နှိမ်နှင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ KK PARK မှာတုန်းကလို အဆောက်အအုံတွေကို ဖောက်ခွဲ ရှင်းလင်းတာမျိုး မဟုတ်ဘဲ ပစ္စည်းတွေကို သိမ်းပြီး လူတွေကို လိုက်လံ ဖမ်းဆီးတာမျိုးပဲ ရှိပါတယ်။ 

Nov 20 ။ ဒီနေ့ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကနေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး စစ်‌ရေး၊ နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ကြုံနေရတဲ့ မြန်မာပြည်မှာတော့ ကလေးငယ် ၄ သိန်းကျော် အာဟာရချို့တဲ့မှုနဲ့ ကြုံနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ချက်ကြိုးတောင် မဖြတ်ရသေးတဲ့ မွေးကင်းစ ကလေးတွေ၊ လူမမယ်ကလေး စွန့်ပစ်ခံရတဲ့ ဖြစ်စဥ်တွေ ပြီးခဲ့တဲ့ ၂နှစ်အတွင်း တိုးမြင့်လာတဲ့အပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မူဆယ်၊ တောင်ငူ စတဲ့ မြို့နယ်တွေက ပရဟိတအဖွဲ့ ၅ ဖွဲ့ထက်မနည်းကလည်း ဒီနှစ်ပိုင်း မိဘမဲ့ ၊အုပ်ထိန်းသူ စွန့်ပစ်တာ၊ မွေးစားဖို့ ပေးလာတာ စတဲ့ ကလေးတွေ ပိုများလာကြောင်း ပြောကြပါတယ်။ 

Nov 19 ။ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့၊ ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(Scam Center Strike Force)ကို US အစိုးရက ဖွဲ့စည်းလိုက်တာဟာ ကျားဖြန့်နှိမ်နင်းရေးထက် လျှို့ဝှက်ရည်ရွယ်ချက်တခု ရှိနိုင်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ ပြင်ပကနေ ခရီးသည်လာကြိုပို့တဲ့ အိမ်စီးကားအပါအဝင် တက္ကစီတွေ ရပ်နားလိုက်တာကို တွေ့တာနဲ့ တပြိုင်တည်း ရဲ၊ အရပ်ဝတ် စောင့်ကြည့်ဖမ်းဆီးတဲ့သူတွေ ရောက်လာပြီး ကားတစီးကို အနိမ့်ဆုံး ၃၀,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်ထိ တောင်းနေတာတွေကြောင့် ခရီးသည်တွေ၊ ယာဉ်မောင်းတွေ အခက်အခဲကြုံနေရကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ 

Nov 18 ။ မြန်မာပြည်တွင်း ဈေးကွက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာပြီး လုပ်ငန်းခွင်တွေ ရပ်ဆိုင်းထားရတာကြောင့် အဲဒီအလုပ်နဲ့ဆက်စပ်တဲ့ အခြေခံအလုပ်သမားအများအစုဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အောက်တိုဘာလကစပြီး ကြက်သားဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး CP ကြက်သား တပိဿာကို ၂၅,၀၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ 

Nov 17 ။ မြန်မာစစ်တပ် ထောက်ခံသူ အနုပညာရှင်တွေ ပြည်ပမှာ လာဖျော်ဖြေမယ့်ပွဲတွေကို ဆန့်ကျင်တဲ့ Boycott အရှိန် အောင်မြင်နေပြီး၊ Iron Cross ‌ဖျော်ဖြေပွဲကို ပြည်သူတွေ ဆက် Boycott လုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာလုပ်မယ့် Boycott လှုပ်ရှားမှုက အထိုက်အလျောက် အောင်မြင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပမယ့် Iron Cross ‌ဖျော်ဖြေပွဲကို ပြည်သူတွေ ဆက်ပြီးဆန့်ကျင် Boycott ဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

ဒီကာလအတွင်း မြန်မာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ပြင်းထန်စွာ ကြုံတွေ့နေရပြီး ကလေးငယ် ၄ သိန်းကျော်နဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အစီရင်ခံစာ ထုတ်ပါတယ်။ 

Nov 16 ။ ရခိုင်ပြည်နယ်ထဲ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ)တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်ပြီးပြင်းထန်ခဲ့ကြောင်း
ဒေသခံတွေက ပြောပါတယ်။


မြန်မာ့စပါးအုံးလို့ သိကြတဲ့ MMA သိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန်ဟာ Hall of Fame ဂုဏ်ပြု ဆုယူဖို့ ဂျပန်ရောက်ရှိနေခဲ့ပြီး Hall of Fame ဆုဟာ ဂန္တဝင်ကစားသမားတွေထဲက အကောင်းဆုံးတွေကိုသာ အသိအမှတ်ပြုတဲ့အနေနဲ့ ဝမ်းချန်ပီယံရှစ်က ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ 

Nov 15 ။ မြန်မာပြည်ရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ ချိုင်းနားပြည်နဲ့အတူ ကမ္ဘာ့နိုင်ငံတွေထဲ အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေကြောင်း Human Rights Myanmar က ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က အခုရက်ပိုင်းအတွင်း ကရင်နဲ့ မွန်ပြည်နယ်က ဘားအံနဲ့ မော်လမြိုင်မြို့ပေါ်တွေကို သွားရောက်ခဲ့ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်း ရှင်းလင်းမယ်လို့ ပြောခဲ့ပါတယ်။ 

Nov 14 ။ ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမယ့် LNG ဓာတ်ငွေ့သင်္ဘော ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်နေကြောင်း BBC သတင်းက ပြောပါတယ်။



အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘွဲ့ထူးဂုဏ်ထူးတွေကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ ပေးအပ်ရာမှာ စစ်တပ်ထောက်ခံသူ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီး၊ ခိုင်နှင်းဝေနဲ့ ဝေဠုကျော် အပါအဝင် ၁၂ ယောက်က လူမှုထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ 

Nov 13 ။ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတဝိုက်မှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်သူတွေကို ရဲစခန်းကိုတိုင်ပေမဲ့ အရေးယူခြင်း မရှိကြောင်း YBS‌ နေ့စဉ်စီးနင်းသူ ပြည်သူတွေက ပြောပါတယ်။ ခါးပိုက်နှိုက်သူတွေဟာ YBS (ဘတ်စ်)တွေပေါ်မှာ ဝန်ထမ်းသဖွယ် ဝတ်စားဆင်ယင်ပြီး ဖုန်းတွေကို အဓိကပစ်မှတ်ထား နှိုက်ယူနေတာပါ။

လတ်တလောကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ လူမှုစီးပွားအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)က သုတေသနစစ်တမ်းတခုမှာ ဖြေဆိုသူ ၄၀ % ကျော်ဟာ မျှော်လင့်ချက်မဲ့ အခြေအနေ ဖြစ်နေကြောင်း ပြောပါတယ်။ 

Nov 12 ။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကနေ နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ မြန်မာစစ်တပ်က ရေနံထုတ်မယ့် စီမံကိန်းအသစ်တွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုးပြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။ ထိုင်းကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum Myanmar တို့ဟာ Total, Chevron, Petronas တို့ မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက် စီမံကိန်းတွေကနေ ထွက်သွားပြီးနောက် ရှယ်ယာတွေကို MOGE နဲ့ ခွဲဝေယူကာ စစ်တပ်ကို ဆက်လက်ထောက်ပံ့နေကြောင်း Blood Money camping က ပြောထားပါတယ်။

"အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICJ)အနေနဲ့  အကြမ်းဖက် စစ်ရာဇဝတ်သား ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက် ချက်ချင်းချဖို့ လိုနေပြီ"လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

Nov 11 ။ မန္တလေး PDF ထိန်းချုပ်နယ်မြေကို စစ်တပ်က ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်ပြီး စစ်တပ်ထိုးစစ်ကြောင့် ထိန်းချုပ်နယ်မြေတွေကနေ တဖြည်းဖြည်း ဆုတ်ခွာနေရတဲ့ မန္တလေး PDF နဲ့ မဟာမိတ်တပ်တွေက “တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသတွင်း ပြည်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့” သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်း လိမ်လည်မှုတွေနဲ့ နာမည်ကြီးတဲ့ KK Park ထဲက အဆောက်အအုံတချို့ကို စစ်တပ်နဲ့ BGF တပ်တွေက ဖောက်ခွဲမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ 

Nov 10 ။ စစ်တပ် ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ ရှိရင် တိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေအစိုးရ NUG ၊ ပြည်ထဲရေး ဌာနက ထုတ်ပြောထားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တွေဆီ ဦးတည်တဲ့မြေပြင်စစ်ရေး ဖြန့်ကြက်မှုတွေလုပ်ဖို့ ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာကြောင်း မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

Nov 09 ။ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော်က လွှတ်တော်အဆောက်အအုံတွေကို မြေတူးစက်များ၊ ကရိန်းစက်ယန္တရားကြီးများနဲ့ ပြင်ဆင်နေကြပြီး ကုန်တင်ကားကြီးတွေနဲ့လည်း ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဆောင်နေတာကို Myanmar Now သတင်းဌာနက တင်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်နေတဲ့ Radio NUG ထုတ်လွှင့်မှုတွေ အခု နိုဝင်ဘာ ၇ ရက်က စ ရပ်နားလိုက်ပြီလို့ သိရပါတယ်။  ၂၀၂၁ ဩဂုတ်ကနေ ၂၀၂၅ နိုဝင်ဘာ ၇ ရက်ထိ နေ့စဉ် တင်ဆက်ခဲ့ရာကနေ ဘဏ္ဍာရေးအခက်အခဲ အခြေအနေတွေကြောင့် ရပ်တာလို့ ဆိုပါတယ်။ 

Nov 08 ။ စစ်မှုထမ်း သက်တမ်းပြည့်သွားသူတွေကို သူတို့ ဆန္ဒပြုရာ ပြည်ပထွက် လုပ်ကိုင်လိုတဲ့အလုပ်တွေ ရှာပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ လက်ရှိမှာတော့ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ရလဒ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ 

Nov 07 ။ နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းမှာ ဒီနေ့ လုံခြုံရေးတိုးမြှင့်ပြီး ကျင်းပခဲ့ပါတယ်။

မန္တလေး - မြစ်ကြီးနားလမ်းမှာ ကုန်တင်ယာဉ်တွေ လမ်းကြေး သိန်းရာချီ ပေးဆောင်နေရတာကြောင့် ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေ အခက်အခဲကြုံနေကြကြောင်း DVB သတင်းက ပြောပါတယ်။ 

Nov 06 ။ မြန်မာစစ်တပ်ရဲ့ လေကြောင်း၊ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ တလတာအတွင်း နိုင်ငံတဝန်းမှာ အမျိုးသမီး အယောက် ၇၀ အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ဦးရေ ၈၀ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အုပ်ချုပ်ရေးလည်ပတ်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အခွန်ငွေ ကျပ်သိန်းပေါင်းသောင်းကျော် အလွဲသုံးစားလုပ်မှုတွေကြောင့် ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ကြောင်း BBC က ပြောပါတယ်။ 

Nov 05 ။ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းမှုကို အကြောင်းမပြန်တဲ့ အနုပညာရှင်တချို့ ခေါ်ယူ စစ်ဆေးခံရတာတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားကို ဝေဖန်လို့ ရုပ်ရှင်ဒါရိုက်တာ ၃ ဦး၊ သရုပ်ဆောင် ၂ ဦးကိုလည်း ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ စစ်တပ်က ဖမ်းဆီးထားပြီး အဆိုပါဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်တွေ ချမှတ်ဖို့ တိုက်တွန်းမှုတွေလည်း ပြည်သူအကြားမှာ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာပြည်က မြို့နယ် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး လက်ရှိအချိန်ထိ ၄နှစ်ကျော်ကြာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ ၂၂ မြို့နယ် ရှိခဲ့ကြောင်း သိရပါတယ်။ 

Nov 04 ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ပြင်သစ်အစိုးရက ဆက်လက် တိုက်တွန်းလျက် ရှိကြောင်း ရေးသားခဲ့တဲ့ ပြင်သစ် သမ္မတ အီမန်နူရယ် မက်ခရွန်းရဲ့ စာကို ရရှိကြောင်း သားငယ်ဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။


ဒါဟာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေထဲက အင်အားကြီး နိုင်ငံတခုက တောင်းဆိုလာတာဖြစ်ပါတယ်။

"မြန်မာပြည်ရဲ့ စစ်အာဏာရှင်တွေဟာ အမှန်တရားကို လက်ခံနိုင်ခြင်းမရှိတဲ့ သိမ်ငယ်စိတ်နဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူလို လိုက်လံပိတ်ပင် ထိန်းချုပ်နေကြောင်း" ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်၊  ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ “သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ”ခေါင်းစဉ်အောက်ကနေ နိုင်ငံ ၅၀ ကျော် ကိုယ်စားလှယ်တွေရဲ့
အစည်းအဝေးမှာ ပြောခဲ့ပါတယ်။  

Nov 03 ။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ နေစရာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ရန်ကုန်မြို့တွင်းက လမ်းဘေးဈေးသည်တွေကို ရွေးကောက်ပွဲကာလ ရက် ၁၀၀ စီမံချက်နဲ့ ညနေ ၅ နာရီခွဲနောက်ပိုင်းမှ ရောင်းချဖို့အချိန် ကန့်သတ်ပိတ်ပင်ခဲ့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရကြောင်း လမ်းဘေးဈေးရောင်းချနေသူတွေက ပြောခဲ့ပါတယ်။ 

Nov 02 ။ ရှမ်းပြည် မြို့တော်၊ တောင်ကြီးမှာ တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပနေပြီး မိုးရွာတာကြောင့် တန်ဆောင်တိုင်ကွင်းထဲရှိသူတွေ မိုးမိ၊ တိုးဝှေ့ ပြန်ကြရင်း လူပိမိ၊ မေ့လဲသူတွေ၊ ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြောင်းဈေးကျနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က ပြောင်းစိုက်တောင်သူတွေ အခက်ကြုံကြရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

Nov 01 ။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရင်းနှီးမြှပ်နှံမှုတွေ တဖြည်းဖြည်းနဲ့ ကျဆင်းလာပြီး ၂၀၂၅ – ၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ US ဒေါ်လာ ၂၄၈ ဒသမ ၆ သန်းသာ ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။



အောက်တိုဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၈ ခု လုပ်ငန်းရပ်နားခဲ့ကြောင်း မြန်မာစစ်အုပ်ချုပ်မှုလက်အောက် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းက ဆိုပါတယ်။ ပြည်ပကို အလုပ်သမား လွတ်လပ်စွာ လွှတ်မရတော့သလို မူဝါဒ မတည်ငြိမ် တင်းကျပ်မှုတွေ များလာတာကြောင့် ဆက်လုပ်ဖို့ စိတ်ပျက် ရပ်နားမယ့် အေဂျင်စီတွေ ထပ်ရှိနေကြောင်း သိရပါတယ်။ 

Oct 31 ။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ဒီနေ့မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ကို ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၄ ယောက်ထက် မနည်း သေဆုံးပြီး၊ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မြန်မာပြည်စစ်ခေါင်းဆောင်ဟာ အရေးပေါ်အခြေအနေကြေညာထားခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ ခုကို နောက် ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ဆက်ထုတ်ပြန်ရာ ယာယီသမ္မတ မင်းအောင်လှိုင်ကကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဒီနေ့ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ 

Oct 30 ။ မြန်မာစစ်တပ် ကျင်းပမယ့် ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါဒဖြန့် ရိုက်ကူးမှုတွေမှာ နာမည်ကြီး အနုပညာရှင် သရုပ်ဆောင်တွေ အားလုံး ပါဝင်ရမှာဖြစ်ပြီး မပါဝင်ရင် ငြင်းဆန်သူ အားလုံး အရေးယူခံရမယ်လို့ စစ်ကော်မရှင်က ခြိမ်းခြောက်ပြောဆိုကြောင်း DVB သတင်းက ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက TNLA တွေ ဆုတ်ပေးလိုက်တဲ့ နေရာတွေကို မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၂၂၂ တပ်ရင်း၊ 

TRI ဗျူဟာ Myingyan BLACK TIGER တပ်ရင်းနဲ့ မန္တလေး မိုးကုတ် သပိတ်ကျင်း မြို့နယ်တွေမှာ စစ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက ဒီနေ့ နေရာပြန်ယူထားကြောင်း သိရပါတယ်။

Oct 29 ။ နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာပြည်ဆိုင်ရာ
အထူးကိုယ်စားလှယ်က တောင်းဆိုတာကို “ရာဇဝတ်ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူး”လို့ စစ်ကော်မရှင်ဘက်က တုံ့ပြန်ခဲ့ပါတယ်။

တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို ဒီနေ့ကစပြီး ကျင်းပနေရာ ပွဲအတွင်း ခါးပိုက်နှိုက်မှုတွေ များနေသလို ငှားရပ်နားခကလည်း တစီးကို ကျပ် ၈၀,၀၀၀ ဝန်းကျင် ပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

Oct 28 ။ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဆုတ်ခွာမှာ ဖြစ်ပေမဲ့ ဒေသခံတော်လှန်ရေးတပ်အဖွဲ့တွေက မိုးကုတ်ကို ဆက်ထိန်းချုပ်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲရဲ့ ဒုတိယအပိုင်းကို ၂၀၂၆ ၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Oct 27 ။ ချိုင်းနားရဲ့ ကြားဝင်မှုနဲ့ ချိုင်းနား၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA ဆုတ်ခွာရမှာဖြစ်ပြီး နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

မြန်မာပြည်အတွက် ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေ အခုထိ အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်နိုင်တာကြောင့် 

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုပါ မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ မလေးရှားမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

Oct 26 ။ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက် အပိုင်း ၁ ရွေးကောက်ပွဲက မဲဆန္ဒနယ် ၂၇ ခုမှာ ကြံ့ခိုင်ရေးအမတ်တွေက လွဲလို့ တခြားပါတီက ပြိုင်သူမဲ့ ဖြစ်နေတာကြောင့် အဲဒီမဲဆန္ဒနယ်မှာ ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၈ ဦးဟာ မပြိုင်ခင်ကတည်းက အနိုင်ရနေတဲ့ အခြေအနေဖြစ်ကြောင်း နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂၊ ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလကုန်ထိ အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်ရေးသားမှုတွေနဲ့ 

တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံမှုကြောင့် ဖမ်းဆီးခံရသူပေါင်း (၁,၉၉၃)ယောက် ရှိကြောင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar က သတင်းထုတ်ပါတယ်။

သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။