ခဏလေးနေပြီးအပြီးသေရမှာကို မေ့နေတာလား

ko sixSeptember 4, 20181min03

========================

တစ်ချို့အတွက်
ကံတရားက
ပွဲမပြီးသေးဘဲနဲ့ မီးသေလိုက်ရတာမျိုး ရှိတယ်။
ဒါဟာ
ဒေါ်လာဈေးတက်တာနဲ့တော့ ဘာမှမဆိုင်ဘူး။
တစ်ချို့ဆိုတဲ့ ရာခိုင်နှုန်းက
မင်းနဖူးမှာ ပါလာတာဆိုရင်တော့ ခါးပြီ။
ဒီလိုမျိုး စိန်ခေါ်ပွဲက
ငါတို့အားလုံး ဂလက်ဒီရေတာ အကျဉ်းသားတွေပဲ။
မင်း သိထားဖို့က
ကိုယ့်အသက်ကို သတ်တဲ့လက်နက်ဟာ
ဖြူစင်တဲ့ ကိုယ့်နာမည်ပဲ ဖြစ်ရမယ်လို့ပေါ့။
လူတိုင်းသေရမယ်ဆိုတာ
ရိုးရှင်းတဲ့ ခက်ဆစ်ပဲ။
ရှင်သန်နေတဲ့ကာလတစ်လျှောက်
ခံနိုင်ရည်ကို ဆေးသွားတင်ထား။
မြေကြီးပေါ်မှာမွေးခဲ့တဲ့ဘီလုံးငှက်တွေတောင်
ကောင်းကင်ကို ပိုင်စိုးနိုင်သေးရင်
မင်းကလူမဟုတ်ဘူးလား။
ငါတို့အားလုံးဟာ
ခဏလေးနေပြီးရင်
အသက်ကို ထိုးအပ်ရမယ့်အတူတူ
သောကတွေကို ပန်းနဲ့ဖုံးထား။
လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။
ဒေါသတွေကို မြောင်းထဲစွန့်ပစ်။
မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။
နောက်ဆုံး
အစားတစ်လုတ်အတွက်
အစွယ်ထုတ်ဖို့
ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ
တကယ့်ကို
ခဏလေးနေပြီး
အပြီးတိုင်ထွက်ခွာသွားရမယ်ဆိုတာ
လုံးဝ လုံးဝ မမေ့ပါနဲ့။

ကိုစစ်(Phys)

3 comments

  • Shar Thet Man

    September 4, 2018 at 11:40 am

    ဟုတ်တယ်
    သောကတွေကို ပန်းနဲ့ဖုံးထား။
    လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။
    ဒေါသတွေကို မြောင်းထဲစွန့်ပစ်။
    မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။

    Reply

  • Thint Aye Yeik

    September 5, 2018 at 11:42 am

    ဆရာစစ်
    ကဗျာစုစည်းမှု ထုတ်ဖြစ်ရင် ပြောအုန်း။
    ဆရာစစ် ကဗျာတွေ တစ်စုတစ်စည်းထဲ ဝယ်ပြီး သိမ်းထားဖို့…

    Reply

  • အစားတစ်လုတ်အတွက်
    အစွယ်ထုတ်ဖို့
    ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ
    တကယ့်ကို
    ခဏလေးနေပြီး
    အပြီးတိုင်ထွက်ခွာသွားရမယ်ဆိုတာ
    လုံးဝ လုံးဝ မမေ့ပါနဲ့။……ကြိုက်တယ်ဆြာစစ်

    Reply

Leave a Reply

Your email address will not be published.