စတင်ခြင်း

ko sixAugust 11, 20171min06

။။။။။။။။။။။။

ခုနေအချိန်မှ စ,တင်၍
ငါ့ကိုငါ တော်လှန်တော့မည်။

ငါသည်
ငါ့မြင်း ငါသာ စိုင်းမည် ဖြစ်၍
ဘယ်သူ့မှ အားနာနေစရာမလို။
ငါသည်
ငါ့ကို ငါသာ အားကိုး၍
ဘယ်သူ့ကိုမှ ကြောင်လန့်နေမှာ မဟုတ်။
ငါသည်
ငါ့စိတ် ငါသာ လမ်းပြ၍
ဘယ်ရပ်ရွာကိုမှ စတည်းချနေမှာ မဟုတ်။
ငါသည်
ငါ့ဝဋ် ငါသာ ထမ်း၍
ဘယ်အမှောင်ကိုမှ ရိတ်သိမ်းနေမှာ မဟုတ်။
ငါသည်
ငါ့အတွေး ငါသာ ပိုင်၍
ဘယ်သူ့အိပ်မက်မှ နယ်ချဲ့နေမှာ မဟုတ်။
ငါသည်
ငါ့ခြေ ငါသာ ထောက်၍
ဘယ်သူ့လှေကားမှ နင်းကြည့်နေမှာ မဟုတ်။
ငါသည်
ငါ့လက် ငါသာ လှမ်း၍
ဘယ်သူ့စာလုံးမှ ဖျက်စီးနေမှာ မဟုတ်။
ငါသည်
ငါ့လျှာ ငါသာ လိပ်၍
ဘယ်သူ့သမိုင်းမှ တံတွေးစွတ်နေမှာ မဟုတ်။
ငါသည်
ငါ့သွေးငါသာ ဆေးချယ်၍
ဘယ်သူ့အနာမှ ငေးမောနေမှာမှာ မဟုတ်။
ငါသည်
ငါ့တံတိုင်း ငါသာ ဖျက်၍
ဘယ်သူ့အသားကိုမှ လှီးဖြတ်နေမှာ မဟုတ်။
ငါသည်
ငါ့မေတ္တာ ငါသာ ကျဲပက်၍
ဘယ်သူ့အမုန်းမှ ထိုင်ငိုနေမှာ မဟုတ်။
ငါသည်
ငါ့ကြိုးငါသာ ဖြတ်၍
ဘယ်သူ့ချည်တိုင်မှ အားကျနေမှာ မဟုတ်။
ငါသည်
ငါ့အလင်းငါသာ ထွန်း၍
ဘယ်သူ့ကြယ်မှ စပ်စုနေမှာ မဟုတ်။
ငါသည်
ငါ့ယုံကြည်မှုငါသာ မြတ်နိုး၍
ဘယ်သူ့ကိုးကွယ်မှုမှ ကြိတ်ခိုက်နေမှာ မဟုတ်။
ငါသည်
……
ဟုတ်ပြီ
ငါသည်
မြစ်လိုလည်း မကောက်ချင်တော့
အနှစ်ကိုလည်း မပျောက်ချင်တော့
ပစ္စုပ္ပန်ကို ဖြန့်ခင်း၍
ငါ့အနာဂတ် ငါသာ ရှင်းတော့မည်။
ငါ့ဘဝငါညှာ၍
ငါ့အသား ငါစားတော့မည်။
ငါ့အချစ် ငါထောက်၍
ငါ့အစွဲ ငါသတ်တော့မည်။
ငါ့အပြစ် ငါရှာ၍
ငါ့ခန္ဓာ ငါအမဲဖျက်တော့မည်။
ငါ့ကျင်း ငါတူး၍
ငါ့ကိုယ်ငါ သဂြိုဟ်တော့မည်။
ငါ့လွတ်လပ်ရေးကို
ငါကိုယ်တိုင် တိုက်မယူသ၍
ငါ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်။
အချိန်သည်
ငါ့ကို မသေမချင်း ချောက်တွန်းနေသည်။
ဟုတ်ပြီ
ငါ
ခုကနေ စတင်၍
အမည်းတောင်ကို ကျော်ကာ
ပင်လယ်ဖြူကို ဖြတ်တော့မည်။

ကိုစစ်(ရူပဗေဒ)
16.3.2017 ၊ သောကြာနေ့
နံနက် (3: 30)

6 comments

  • သင့်အေးရိပ်

    August 12, 2017 at 9:41 am

    စာသားတွေ တအား မိုက်

    Reply

    • ko six

      August 15, 2017 at 12:22 pm

      ဂယ်ရီးလား

      Reply

  • Shar Thet Man

    August 15, 2017 at 9:34 am

    Right

    Reply

    • ko six

      August 15, 2017 at 12:23 pm

      Thanks

      Reply

  • manawphyulay

    August 15, 2017 at 2:56 pm

    ငါ အစွဲလေးပဲ ဖျောက်ဖို့ လိုတော့သည်….
    စတာဘာ………….
    Nice Poem!

    Reply

    • ko six

      August 21, 2017 at 12:32 am

      ငါ ဆိုတာလေတော့
      အင်း
      ရိပ်သိမ်းရဦးမှာပဲလေ

      Reply

Leave a Reply

Your email address will not be published.