မတူညီသော အတွေးအမြင်များ

weiweiJanuary 19, 20171min014

ဒီနေ့ အဖျားသွေးနဲနဲရှိပြီး ခေါင်းကိုက်နေတာနဲ့ ရုံးအလုပ်တွေ ခဏဖယ်ပြီး ဖဘပေါ်လျှောက်ကြည့်ရင်း ရေးစရာတွေပေါ်လာတယ်။ ဦးဆာ အစပျိုးပေးလို့ YBS နဲ့ ပက်သက်တဲ့ အမြင်တစ်ချို့ပါ .. တစ်ချို့ဆိုတာ တကယ့်ကိုတစ်ချို့ပဲနော် .. အများအမြင်လို့ မယူဆစေလိုပါ ..

 

ကျွန်မတို့ရုံးမျာ YBS ပြောင်းလဲမှုကြောင့် အဆင်မပြေဖြစ်ရတဲ့သူတစ်ဦး ရှိလာချိန်မှာ ကြားရတဲ့ အမြင်တစ်ချို့ ..

သူက အရင်က တစ်ဆင့်စီးရုံနဲ့ ရောက်ပါတယ် .. ဒါတောင် တစ်နာရီခွဲလောက် ကားပေါ်မှာနေရတယ် .. ဂိတ်စလိုနေရာကနေစီးတာမို့လို့ ထိုင်စီးလို့ရခဲ့တယ် … အခု ကားနှစ်ဆင့်ဖြစ်သွားတယ် .. ပထမအဆင့်ကားက ကားသေးတွေဖြစ်သွားလို့ နေရာမရတော့ပါဘူးတဲ့ .. မတ်တပ်ရပ်ပြီးစီးရတယ် .. နောက်တစ်ဆင့်ပြောင်းတော့လဲ အတင်းလုတက်ရပြီးနေရာမရလို့ မတ်တပ်ပဲဆိုတော့ တစ်နာရီခွဲအချိန်အားလုံးမတ်တပ်စီးရတယ် .. ကားခ ၂ ဆ ဖြစ်သွားတယ် .. အပြန်လဲ အတူတူပဲ မတ်တပ်ရပ်စီးပြီး ပြန်နေရပါတယ်တဲ့..

 

ပထမလူ (ကိုယ်ပိုင်ကားစီးသူ) ..

အပြောင်းအလဲလုပ်တဲ့အခါ ဒီလောက်တော့ သီးခံရမှာပေါ့ … ဒီလောက်လေး သီးမခံလို့ဖြစ်မလား ..

 

ဒုတိယလူ (ကိုယ်ပိုင်ကားစီးတဲ့သူ) ..

ရုံးနောက်ကျရင်ကျပါစေ .. YBS ကိုပဲစီး .. အဆင်မပြေဖြစ်တာမှန်သမျှတင်ပြ .. လူကြီးတွေ ပြေလည်အောင်လုပ်ပေးလိမ့်မယ် ..

 

တတိယလူ (ကိုယ်ပိုင်ကားစီးတဲ့သူ)

ဘာပဲဖြစ်ဖြစ် .. ကားတွေ ဘယ်လိုပဲဖြစ်ဖြစ် .. အလုပ်ချိန်မှီအောင်လာရမယ် … အလုပ်ဝင်ကထဲက အလုပ်ချိန်မှီအောင်လာပါ့မယ်ပြောလို့ ခန့်ထားပေးခဲ့တာ ..

 

စတုတ္ထလူ (ကိုယ်ပိုင်ကားစီးတဲ့သူ)

ငါသာ သူ့လို ကားစီးပြီးလာရမယ်ဆိုရင် ဒီအလုပ်ကို မလုပ်တော့ဘူး .. ဒါမှမဟုတ်ရင်လဲ အလုပ်နားမှာ အခန်းငှားပြီး နေမိတော့မယ် .. ကားစီးရတဲ့ဒုက္ခကို မခံစားနိုင်ဘူး ..

 

ပဉ္စမလူ (လိုင်းကားမစီးရသော အလုပ်ထဲကဝန်ထမ်းများ)

ငါတို့တော့ ဘာမှမသိ .. ဘာမှလဲ မခံစားရ .. သူများ အဆင်ပြေတာ အဆင်မပြေတာ သူတို့ကိစ္စ .. ငါတို့အလုပ်လေးမြဲနေဖို့က အဓိက ..

 

ကာယကံရှင်

YBS အကြောင်း အသံတောင်မထွက်နိုင်အောင် ပင်ပန်းလွန်းလို့ ..

 

နောက်ထပ်လူတွေဆီက အသံမကြားရလို့ ကြားသလောက် သိသလောက်လေး . ဒီလောက်ပါပဲ ..

 

 

14 comments

  • Thint Aye Yeik

    January 19, 2017 at 10:45 am

    ကျနော်က ပဉ္စမလူ စာရင်းထဲ ပါတယ်။
    ရုံးကား ထုတ်ရသွင်းရတဲ့နေရာနဲ့ နီးတဲ့အဆောင် ပြောင်းနေလိုက်တာနဲ့ပဲ လိုင်းကား မစီးရတော့ဘူး။
    အချိန်ကုန် ငွေကုန် လူပန်း သက်သာသွားတယ်။
    ရင်းလိုက်ရတာကတော့ ချစ်တဲ့မိဘ မောင်နှမတွေနဲ့ ခွဲနေလိုက်ရတာပဲ။

    ဒါမယ့် ပဉ္စမလူဖြစ်တဲ့ ကျနော့်ဆီက ထွက်တဲ့အသံကတော့. . .
    ———–
    ”ပထမလူ (ကိုယ်ပိုင်ကားစီးသူ) ..
    အပြောင်းအလဲလုပ်တဲ့အခါ ဒီလောက်တော့ သီးခံရမှာပေါ့ … ဒီလောက်လေး သီးမခံလို့ဖြစ်မလား ..”
    ————

    😆

    ကျနော့် မိသားစုထဲမှာ အပြင်ထွက် အလုပ်လုပ်နေတဲ့ ညီနဲ့ ညီမ ရှိတယ်။ အစ်ကို လင်မယား ရှိတယ်။
    ဈေးသွားပြန် ဘတ်စ် စီးနေရတဲ့ အမေ ရှိတယ်။
    သူတို့ကတော့ . . .
    ————————-
    ကာယကံရှင်
    YBS အကြောင်း အသံတောင်မထွက်နိုင်အောင် ပင်ပန်းလွန်းလို့ ..
    ————————–

    Reply

  • Mr. MarGa

    January 19, 2017 at 10:57 am

    YBS အ​ကြောင်း အသံမထွက်​နိုင်အောင် ပင်​ပန်းလွန်းလို့

    တကယ်​ပဲဗျ
    သူတို့ ပြောင်းတော့လည်း ပြောင်းတယ်ပေါ့၊ မ​ပြောင်းတော့လည်း မ​ပြောင်းဘူးပေါ့ ကျနော်​တို့ သွားလာနေတာကို လုံးလုံး ပျက်​စီးအောင် မဖြစ်သေးသမျှတော့ ဘာမှ ပြောစရာမရှိသေးဘူးရယ်

    ဒီ အ​ပြောင်းအလဲက ချက်​ချင်း ရလာဒ် ထွက်လာမှာလည်းမဟုတ်
    သူတို့ ငြင်းနေချိန် ကိုယ်တွေက​တော့ ဘာစီးရမလဲ ဆိုတာပဲ လိုက်ကြည့်နေတာနဲ့ သိပ်​မ​ပြောဖြစ်

    ဖြစ်စေချင်​တာက​တော့ ကတ်​စနစ် ပါ တခါထဲ အဆင်​သင့် လုပ်ပြီး ပြင်​ဆင်ချိန်​ကိုလည်း လုံလုံလောက်လောက် ယူပြီး ပြောင်းပေါ့ ဗျာ
    အဲ့လိုမ​ပြောင်းတော့ရော ဘာဖြစ်​သတုန်းဆို ဘာမှမဖြစ်​ပါဘူးပဲ ပြောရမှာပေါ့ မဟုတ်​လည်း သွားစရာ လုပ်​စရာတွေကိုတော့ ရ​အောင် ဖြစ်အောင် သွားရမှာပဲကိုး

    သူများတွေ စကား ငှားသုံးရရင် “နှစ်ခြောက်​ဆယ် အသားကျပြီးပြီပဲ သိပ်တော့ ထူးပါဘု” ပေါ့လေ

    (ထင်​ရာဝင်ပြောခြင်း??)

    Reply

  • ဇီဇီ

    January 19, 2017 at 11:05 am

    မပြောင်းလဲ လည်း တစ်ပြစ်
    ပြောင်းလဲ လည်း တစ်ပြစ် ပြောမဲ့သူတွေ များတဲ့ တိုင်းပြည်မှာ အုပ်ချုပ်ရတဲ့ အစိုးရ အဖွဲ့ကိုပဲ သနားထာပဲ။
    ဟိ။

    :k:

    Reply

    • weiwei

      January 19, 2017 at 11:15 am

      လူတွေစိတ်က အပြောင်းအလဲကို သိသိသာသာနဲ့ ဟတ်ချလောင်းဆိုသလို ဖြစ်စေချင်နေတာပါ .. ဒါကလဲ အပြစ်တော့မဟုတ်ဘူး စောင့်ခဲ့ရတာတွေများခဲ့လွန်းလို့ ထပ်မစောင့်ချင်တော့တာ …
      အခု အားမရဖြစ်နေကြတာက ပြောင်းလဲတယ်ဆိုပေမယ့် မပြောင်းလဲတာနဲ့ ဘာမှမကွာလို့ .. ရုပ်လုံးမပေါ်သေးလို့ .. ပေါ်ဖို့လဲ ကြာအုန်းမယ်မှန်းမိလို့ ..

      Reply

  • surmi

    January 19, 2017 at 11:36 am

    အို ဗျာ . . .
    အမေ့မျက်နှာ တစ်ရွာထင်လို့ လိုက်ခဲ့တာဘဲ
    ဒါးတောင်ကိုလည်းကျော်ရဲတယ် မီးပင်လယ်လဲဖြတ်ရဲတယ် ချီးပုံတွေ့လဲ နင်းရဲတယ်ဗျာ :mrgreenn:

    Reply

    • weiwei

      January 19, 2017 at 11:44 am

      မြို့ပေါ်မှာ တိုက်ခန်းထဲ ထိုင်နေရင်း ရေးတဲ့ ကွန်မန့်ကြီး … 🙂

      Reply

  • kai

    January 19, 2017 at 11:47 am

    ဘာတွေဖြစ်နေမှန်းမသိလို့.. ဝင်ကိုမမန့်ဘူး..။ :k:

    Reply

  • Tawwin Pan

    January 19, 2017 at 1:31 pm

    အရင်ကဆို စပယ်ယာတွေ၊ ဒရိုင်ဘာတွေ အရမ်းမောင်း၊ အတင်းထိုးသွပ်ခံရတာကလွဲလို့ သွားရလာရအဆင်ပြေ။
    အခုကျတော့ တချို့တလေသာ ဆက်ဆံရေးပြောင်း၊ ကားကမလုံလောက်၊ လမ်းကြောင်းကကပြောင်းကပြန်တွေဖြစ်၊ ၂ဆင့်၃ဆင့်စီးရတာအသာထား…အရင်လို ဆူးလေကနေ ဟိုနားဒီနားစီးဖို့ရာတောင်ကားကမရှိ၊ ဗော်လန်တီယာအခမဲ့ကားတွေကြောင့် အဆင်ပြေသယောင်ယောင်ရှိ။ အဲဒါကိုပဲ အဆင်ပြေလာပြီဆိုပြီးပြောကြဆိုကြတာတွေကြားရ…….အရှိကိုအရှိအတိုင်းမမြင်ချင်ကြ……..
    အခုလောလောဆယ်တော့ နေ့လည် (၁)နာရီ တိတိ YBS39 ကြီး နောက်ကားပါတယ်ဆရာရေ ဆိုပြီး ဝရောသောပါးမောင်းတာစီးလာခဲ့ရပါသည်။ ညနေပိုင်းရုံးတက်ရုံးဆင်းချိန်ဆို ဘယ်လိုများမောင်းမလဲမသိ။
    ညကတော့ ဆူးလေကနေလှည်းတန်းဘက် ပြန်ဖို့ရာ ၅၈ စောင့်။ တော်တော်နဲ့မလာ။ လာပြန်တော့လည်း ဆက်တိုက်။ လူအပြည့် အတင်းတိုးတက်။ စံပြရောက်တော့ နောက်ကားပြောင်းစီး။ လှည်းတန်းကျော်တာနဲ့ အောက်ကသူတွေတက်မရတော့…
    ၂၁ (အရင် ၄၅ အဲကွန်းကား)ကားဆရာ စိတ်ကောင်းရှိ။ အောက်ကသူတွေတင်ချင်လို့ အပေါ်ကခရီးသည်တွေနောက်တိုးပေးပါဆိုပြီးတောင်းပန်မရ။ ကိုယ်တိုင်ဝင်စီ။ မဲ့ကာရွဲ့ကာနဲ့ အနောက်တိုးစီး။ နောက်တမှတ်တိုင်ရောက်တော့ ဒုံရင်းအတိုင်း။ ကားဆရာစိတ်မရှည် အော်ပြောလည်းမရ…..တခါချော့ပြောလည်းမရ……..နောက်ဆုံး လှည်းတန်းကျော်တာနဲ့ ဘယ်မှတ်တိုင်မှလူထပ်မတင်တော့.။။
    အချိန်က ည ၈နာရီခွဲကျော်နေပြီ။ ၄၅ အဲကွန်းကားအရင်စီးတုန်းကဆို မှတ်တိုင်ရပ်ခရီးသည်တင် နောက်ကိုတိုး အဲလိုပြောပြီး တန်းထွက်ပေးနေကြ……အဲအချိန်တုန်းကဆို ခရီးသည်ရရင်ရသလောက် ဝေစုရတာတောင်မှ အတင်းအကြပ်မတင်….
    အခုအခြေအနေအရ ကားဆရာက အောက်ကခရီးသည်တွေ အိမ်အပြန်နောက်ကျလို့ ပါလာသမျှတင်မယ်ဆိုတော့လည်း ကားပေါ်ကခရီးသည်တွေက တကိုယ်ကောင်းဆန်တာတွေများ……
    YBS ဒီပုံစံအတိုင်းဆို ဘယ်လိုပြောပြောအဆင်ပြေပြီလို့ ပြောလို့မရသေးပါဘူး…………..

    Reply

  • aye.kk

    January 19, 2017 at 3:02 pm

    ရေသောက်မြစ်အစ
    မထသ။

    Reply

  • aye.kk

    January 19, 2017 at 3:05 pm

    အခုမှ
    စပြီးကပြတာ
    အဆုံးမှာအငိုနဲ ့အပြုံး
    အားချင်းပြိုင်နိုင်မနိုင်ကြည့်ရမယ်။

    Reply

  • ကျော်လွင်ဖြိုး

    January 19, 2017 at 3:51 pm

    လောလောဆယ် ဖဘ မှာ မြင်မိ ဖတ်မိသလောက်ကတော့ တကယ်စီးနေရတဲ့ လူတွေ ဆီက အတော် အသံထွက်လာကြတယ်။
    ကူတဲ့ လူတွေလဲ ကူနေကြတာပေါ့လေ။
    ရုုံးတွေကလဲ နောက်ကျလို့ရတယ် ဘာတယ် ခွင့်ပေးကြတာပဲ။
    ဒါပေမယ့် ဒီ ကူတဲ့ လူတွေ ကားတွေ ဆိုတာကလဲ အလွန်ဆုံး တတ်နိုင် တစ်လ ပေါ့။ ရုံးတွေရောပဲ။
    ခုထိလဲ လမ်းပြောင်းပြန်ကွေ့တယ် ဆိုတဲ့ ကားတွေ
    မှတ်တိုင်မှာ ကောင်းကောင်း မရပ်ဘဲ လမ်းလယ်ရပ် လူတင်တယ် ဆိုတာတွေ
    ဂိတ်ဆုံးမသွားဘဲ ပြန်လှည့်တယ် ဆိုတဲ့ ကားတွေ
    ဂိတ်ကို ငွေအပြည့် ပြန်မအပ်ဘူးဆိုတဲ့ ဒရိုင်ဘာ စပယ်ယာ အုံနာ တွေ
    ထောင် ၈ရက် ကျသွားတဲ့ ခရီးသည် ကို ဆွဲထိုးတယ် ဆိုတဲ့ စပယ်ယာတွေ
    အဲဒီ သတင်းတွေကလဲ ဖတ်မိနေရသေးတယ်။
    ရုံးချိန် ထဲမှာ ကျတော့လဲ ကားတွေ တအားကြပ်ပြီးတော့ ခရီးဖင့် ကုန်တယ် ဆိုတာတွေလဲ တွေ့မိ။ (အရင်ကလဲ ကားကြပ်တာပါပဲ ရုံးချိန်ကတော့ အခု ပိုကြပ်တာလား အရင်လောက်ပဲလား တော့ မသေချာ)
    ကား အသစ်တွေ မှာထားတယ်။ ၃လ အတွင်း ကတ် စနစ် နဲ့ သွားမယ် ဆိုပြီးတော့တော့ ပြောနေကြတာပဲ။
    စပယ်ယာတွေ ဒရိုင်ဘာတွေကိုလဲ မှတ်လောက်သားလောက် လုပ်ရမယ် ထင်တယ်။
    ဒီလူ ဒီလူတွေပဲ ဆိုတော့ (တခြား လူလဲ ရှိမှ မရှိတာကို) အကျင့်တွေကတော့ ပြင်လို့ ရဦးမယ် မထင်ဘူး။
    ဒီ တစ်လ အတွင်း အဆင်မပြေရင်တော့ ဒုံရင်း ဒုံရင်း တင် မက ပိုဆိုးသွားမယ် လို့ တွေးမိပါကြောင်း။
    ကွီးဖြိုး ကိုလဲ ထောက်ခံပါရဲ့။ YBS ပြောင်းတာကိုလဲ ကြိုဆိုပါရဲ့။ သူများတွေ ကူနေကြတာကိုကြည့်ပြီးလဲ မုဒိတာ ပွားပါရဲ့။
    လူတွေက အခုသာ အသစ်အဆန်းလို ဖြစ်လို့ ဘတ်စ်ကား ကြပ်လဲ ဝေးဟေးဟေး နဲ့ စီးကြ လမ်းပျောက်လဲ ဝေးဟေးဟေး နဲ့ ပတ်ကြ လုပ်နေကြတာ။
    ဒါမျိုးချည်းပဲ ရက်ဆက် သွားရင် သည်းခံစွမ်းအား ကျလာမယ် ထင်တယ်။
    (ကိုယ့်တုန်းကလဲ မဲပေးတာ မနက် ၅နာရီကနေ ည ရနာရီလောက်ထိ တန်းစီလိုက်ရတာပဲ အဲ့တုန်းကတော့ ပျော်နေတာ ပျော်နေတာ ဝေးဟေးဟေး နဲ့ အဲလိုမျိုး ၃ရက်လောက် တန်းစီပါလား ဆို ရတော့မှာ မဟုတ်) း)

    Reply

    • Tawwin Pan

      January 19, 2017 at 5:39 pm

      ဘယ်နှယ့် ထောင် ၈ရက်ကျသွားတဲ့ ခရီးသည်တုန်း……….(စေတနာနဲ့ဝင်ထောက်တာပါနော်).

      Reply

      • ကျော်လွင်ဖြိုး

        January 19, 2017 at 8:26 pm

        ခရီးသည် ကို ဆ ွဲထိုးလို့ ထောင် ၈ရက် ကျသွားတဲ့ စပယ်ယာ ကို ပြောတာ ဟီးဟီး
        သူများ မှားတော့ RIP မြန်မာစာ လုပ်နေတာ။
        ကျေးဇူး ကျေးဇူး း)

        Reply

  • ko six

    January 20, 2017 at 1:11 am

    လောလောဆယ် နေပြည်တော်မှာပဲလေ။
    လမ်းတွေရှောင်ပ

    Reply

Leave a Reply

Your email address will not be published.