တစ်သက်တာမမေ့နိုင်စရာ ရှုခင်းလှလှတွေဝန်းရံထားတဲ့ အံ့ဖွယ်စားသောက်ဆိုင်(၁၈) ခု
တစ်သက်တာမမေ့နိုင်စရာ ရှုခင်းလှလှတွေဝန်းရံထားတဲ့ အံ့ဖွယ်စားသောက်ဆိုင်(၁၈) ခု
အခုဖော်ပြပေးမယ့် စားသောက်ဆိုင်တွေကတော့ ဟိုး…..ကောင်းကင်ထက်ကနေ ရေအောက်ပင်လယ်ပြင်အထိ အမြဲအမှတ်ရနေစေမယ့် ပတ်ဝန်းကျင်မှာတည်ရှိပြီး လာရောက်စားသုံးသူတွေကို ကြည်နူးမှုတွေပေးစွမ်းမှာ အသေအချာပါဘဲ။
အတိတ်ကသမိုင်းဝင်နေရာတွေဆီပြန်သွားမလား….။ မျက်စိတစ်ဆုံး ရှုခင်းတွေကို ငေးကြည့်ချင်လား….။ ဒီဆိုင်တွေက အမှတ်တရတွေကိုဖန်တီးပေးမယ့်အပြင် နောက်တစ်ခါ မလာဘဲမနေနိုင်အောင် ဆွဲဆောင်နေမှာပါ။
1 Luxury Ferris Wheel Sky Dining @ The Singapore Flyer- Singapore

ဒီစားသောက်ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးဖြစ်တဲ့ Singpore Flyer ရဲ့ ၁၆၅မီတာ (၅၄၁ပေ) အမြင့်မှာ တည်ရှိပါတယ်။ Marina Bay ရဲ့အလှကို ကောင်းကင်ယံကနေ ရှုစားနိုင်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့ မြင်ကွင်းတွေကိုလည်း အဝေးကလှမ်းမြင်ရမှာပါ။ ဝေဟင်ထက်မှာ စားသုံးနိုင်မယ့်အပြင် ဟင်းလျာတွေကို စနစ်တကျ ဘီးတပ်ထားတဲ့စင်တွေနဲ့ သယ်ဆောင်လာပေးတဲ့စနစ်ကိုလည်း ဒီဆိုင်မှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် 4 course menu ၊ ချစ်သူစုံတွဲတွေ ကြည်ကြည်နူးနူး ဝိုင်သောက်သုံးနိုင်မယ့်ဝန်ဆောင်မှု၊ စိတ်ကြိုက်ဟင်းလျာတွေကို ရွေးချယ်မှာယူနိုင်မယ့် ဝန်ဆောင်မှုတွေနဲ့အတူ ကျယ်ဝန်းပြီးသက်သောင့်သက်သာရှိတဲ့ မှန်လုံခန်းထဲမှာ ကောင်းကင်ယံကနေ ညအလှကို ခံစားရင်း ကိုယ်ချစ်တဲ့သူတွေနဲ့ ညစာစားသုံးနိုင်မှာပါ။
2 Snow Restaurant- Kemi, Finland

Snow Restaurant ကတော့ Finland နိုင်ငံ Kemi ဒေသမှာရှိတဲ့ LumiLinna နှင်းရဲတိုက်ထဲမှာတည်ရှိပါတယ်။ ဒီဆိုင်ကို နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်လေ့ရှိပြီး ပုံမှန်အားဖြင့် January လကုန်ခါနီးလောက်မှာ စဖွင့်ပြီး နေ့စဉ် နေ့လည်စာနဲ့ ညစာတွေ ကိုရောင်းချပါတယ်။ ဆိုင်ထဲကအပူချိန်က အမြဲတမ်း -5 degrees Celsius ပဲ ရှိပါတယ်။
3 Fanweng Restaurant – Yichang, China

တရုတ်နိုင်ငံ၊ Hubei ပြည်နယ်အတွင်းက Yichang မြို့အနီးမှာရှိတဲ့ Xiling George Happy Valley မှာတည်ရှိပါတယ်။ ကမ်းပါးရံကိုပတ်ပြီး တည်ဆောက်ထားတဲ့အတွက် ချောက်ကမ်းပါးဘက်ကို တွဲလဲကျနေတဲ့ ဆိုင်ရဲ့ကြမ်းပြင်က မြေပြင်ကနေ ပေပေါင်းရာချီပြီးမြင့်ပါတယ်။ အောက်မှာစီးဆင်းနေတဲ့ Yangtze မြစ်ကို လှမ်းမြင်နိုင်ပါတယ်။ စားပွဲအချို့ကိုသာ ကမ်းပါးဘက်မှာထားရှိပြီး ကျန်စားပွဲတွေကိုတော့ သဘာဝလိုဏ်ဂူအတွင်းမှာ စီစဉ်ပေးထားပါတယ်။
4 Ithaa Restaurant, Maldives

ပင်လယ်ရဲ့အောက်ခြေ ၁၆ပေ (၄.၈ရ မီတာ) အနက်မှာတည်ရှိတဲ့ Ithaa Restaurant ကတော့ ညစာစားရင်း ပင်လယ်အောက်ခြေက သဘာဝအလှတွေကို ၁၈ဝ ဒီဂရီ အနေအထားကနေ မြင်တွေ့ခံစားရမှာပါ။ ဒီဆိုင်က Conrad Maldives Rangali Island Resort ပိုင် စားသောက်ဆိုင်ဖြစ်ပြီး ကမ္ဘာ့ စိတ်ဝင်စားဖွယ် အကောင်းဆုံး စားသောက်ဆိုင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆိုင်နာမည် Ithaa ဆိုတာကတော့ Dhivehi ဘာသာစကားဖြစ်ပြီး ပုလဲမိခင်လို့ဆိုလိုပါတယ်။ ဆိုင်ရဲ့ ဖွဲ့စည်းပုံက ရေအောက်ကြမ်းပြင် သဘာဝပုံစံအတိုင်းဖြစ်ပြီး တစ်ဆိုင်လုံးမှာ လူ(၁၄)ယောက် ဆံ့ပါတယ်။ ဆိုင်ရဲ့အကျယ်အဝန်းက 5m x 9m (16ft x 30ft ) ရှိပြီး M.J.Murphy က ဒီဇိုင်းဆွဲပြီး တည်ဆေ ာက်ပေးခဲ့တာပါ။ 2007 , April 15 မှာစတင် ဖွင့်လှစ်ခဲ့ပါတယ်။ Ithaa Restaurant ကိုသွားချင်တယ်ဆိုရင်တော့ သင်္ဘောဆိပ်အဆုံးက သက်ကယ်မိုးအဆောက်အဦမှာရှိတဲ့ ကြောင်လိမ်လှေကားကနေ သွားရမှာဖြစ်ပါတယ်။
5 58 Tour Eiffel- Paris, France၁

ဒီဆိုင်ကတော့ အသိအမှတ်ပြု ဆုတံဆိပ်တွေရရှိထားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး Eiffel Tower ပထမထပ်မှာ ရှိပါတယ်။ စားသုံးသူတွေက Champ de Mars, Les Invalides, Montparnasse Tower နဲ့ Parris မြို့အလှတွေကို ရင်သပ်ရှုမော ခံစားရမှာပါ။ အရသာရှိတဲ့ ပြင်သစ်ဟင်းလျာတွေကိုတော့ စားဖိုမှုး Alain Soulard က လာရောက်စားသုံးသူတွေစိတ်ကြိုက် ပြင်ဆင်ပေးပါတယ်။
6 Berggasthaus Aescher- Wasserauen, Switzerland

Berggasthaus Aescher ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅၄ မီတာ (၄၇၇ဝ ပေ) မှာတည်ရှိပြီး နှစ်စဉ် မေလ(၁) ရက် မှ အောက်တိုဘာ (၃၁) ထိဖွင့်လှစ်ထားပါတယ်။ Switzerland နိုင်ငံ ၊ Wasserauen ပြည်နယ်အတွင်းမှာရှိတဲ့ Alpstein ဒေသ ရှုခင်းတွေကိုခံစားနိုင်ပြီး ခြေလျင်တောင်တက်သမားတွေ အတွက် အဓိက ရည်ရွယ်ပြီး ဖွင့်ထားတဲ့ ကမ်းပါးရံဘေးက ဆိုင်လေးတစ်ခု ဖြစ်ပါတယ်။ အမှီပြုထားတဲ့ ကမ်းပါးရဲ့မျက်နှာပြင် အမြင့်ကတော့ မီတာ(၁၀၀) ကျော်မြင့်ပါတယ်။ တောင်အောက်ခြေကိုပြန်ဆင်းဖို့အတွက် cable car လေးတွေလည်း ရှိပါတယ်။ အသေးစိတ်သိရှိချင်ရင်တော့ MySwitzerland.com နဲ့ Tripadvisor website တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
7 World’s Highest Restaurant At.mosphere @ Burj Khalifa- Dhubai

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ,Burj Khalifa ရဲ့၁၂၂ထပ်မြောက် (၄၄၂မီတာ/ ၁၄၅ဝ ပေ အမြင့်) မှာတည်ရှိပြီး မီတာ ၁၀၃ဝ ကျယ်ဝန်းတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ နက္ခတ်တာရာတွေကိုကြည့်တဲ့ အထပ်ရဲ့ အောက်နှစ်ထပ်မြောက်မှာရှိပါတယ်။ ဂရင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့အမြင့်ဆုံးစားသောက်ဆိုင်အဖြစ် မှတ်တမ်းဝင်တဲ့ ဆိုင်ဖြစ်ပါတယ်။
8 The Bedford Bank Vault- Chicago, United States

Chicago မြို့၊ Wicker Park မှာတည်ရှိပြီး ၁၉၂၆ ခုနှစ်က သမိုင်းဝင်ဘဏ် တစ်ခုကို ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဧရိယာအားဖြင့် ပေ (၈၀၀၀) ကျယ်ဝန်းပြီး ဆိုင်အတွင်းပိုင်းမှာ မူလဘဏ်အပြင်အဆင်အတိုင်း မြေအိုး၊ မြေခွက်တွေ၊ စကျင်ကျောက်တွေနဲ့ အလှဆင်ထားပြီး terrazzo ကြမ်းခင်း ခင်းထားပါတယ်။ VIP အခန်းမှာဆိုရင် နံရံအဖြစ် ကြေးနီသော့ခလောက်တွေ ခတ်ထားတဲ့ သေတ္တာအလုံးပေါင်း (၆၀၀၀) လောက်ကို စီပြီး ကာရံပေးထားပါတယ်။
9 Pincher & Piano- Nottingham, England

Lace Market မှာရှိတဲ့ ဘုရားကျောင်းအဟောင်းတစ်ခုကို ပြန်လည်ပြင်ဆင်ပြီး ဖွင့်ထားတဲ့ Pincher & Piano ဆိုင်ကတော့ မှန်ပြတင်းပေါက်တွေ ၊ ဘုရားကျောင်းမှာ ထားတဲ့ ဖယောင်းတိုင်အရှည်ကြီးတွေ ၊ အရည်အသွေးကောင်းပြီး တန်ဖိုးနည်းတဲ့ လက်ဝတ်တန်ဆာတွေ၊ သက်တောင့်သက်တာရှိတဲ့ ခုံတန်းရှည်တွေနဲ့ ကြည့်ကောင်းအောင် ပြင်ဆင်ထားပါတယ်။ အကောင်းစားအရက်တွေရတဲ့အပြင် Breakfast, lunch, dinner တစ်နေကုန် စားသုံးနိုင်အောင် မီနူးတွေကို စီစဉ်ပေးထားပါတယ်။
10 Dinner in the Sky Any where You Want Around the World

ကောင်းကင်ပေါ်မှာ ညစာစားချင်ရင်တော့ ပညာရှင်အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ပြီး မြေပြင်ကနေအမြင့်ပေ ၅ဝမီတာမှာ ချိတ်ဆွဲထားတဲ့ စားသောက်ခန်းပေါ်မှာ စားနိုင်ပါတယ်။ ခန့်မှန်းခြေ အကျယ်အဝန်း ၅၀ဝ စတုရန်းမီတာရှိတဲ့ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို ရွေ့လျားနိုင်ပါတယ်။ 1 session ကို (၈) နာရီကြာပြီး စားပွဲဝိုင်းကတော့ လူ(၂၂)ယောက်ဆံ့ပါတယ်။ စားပွဲရဲ့အလယ်မှာ စားပွဲထိုး(၁)ယောက်၊ စားဖိုမှုး(၁)ယောက် နဲ့ စားသုံးသူတွေကို ဖျော်ဖြေပေးမယ့် လူ(၁)ယောက် လိုက်ပါမှာဖြစ်ပါတယ်။ ယနေ့အချိန်ထိ နိုင်ငံပေါင်း (၄၀) မှာ သွားရောက်စားသုံးပြီးပြီဖြစ်ပါတယ်။
11 Ristorante Da Pancrazio- Rome, Italy

Ristorante Da Pancrazio ကတော့ B.C (၁) ရာစုလောက်ကနာမည်ကြီး ပြဇာတ်ရုံတစ်ခုဖြစ်တဲ့ Julius Ceasar လုပ်ကြံခံရတဲ့ နေရာလည်းဖြစ်တဲ့ Pompey’s Theatre ကို ပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ရောမ ရိုးရာ ဟင်းလျာတွေကိုသုံးဆောင်နိုင်တဲ့ ထူးခြားတဲ့ ခန်းမကြောင့် နာမည်ကြီး လူကြိုက်များနေပါတယ်။
12 Sarnic Restaurant- Istanbul, Turkey

ရေလှောင်ကန်ဆိုတာကတော့ မိုးရေတွေကို ပြန်လည်အသုံးပြုဖို့ သိုလှောင်ထားတဲ့နေရာဖြစ်ပါတယ်။ Turkey နိုင်ငံ Istanbul မှာလည်း နှစ်ထောင်ပေါင်းများစွာရှိပြီဖြစ်တဲ့ ကျောက်တိုင်(၆)တိုင်နဲ့ထောက်ကန်ပြီး တည်ဆောက်ထားတဲ့ လိပ်ခုံး ရေလှောင်နေရာဟောင်းကြီးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ St.Sophia အနောက်ဘက်က hotel အသေးစားလေးတွေတည်ရှိရာ လမ်းကျဉ်းလေးရဲ့ အဆုံး တောင်ကုန်းထိပ်မှာ တည်ရှိပါတယ်။ အခုဆိုရင်တော့ အဲ့ဒီ့ရေသိုလှောင်တဲ့နေရာကြီးက Sarnic လို့ခေါ်တဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ခု ဖြစ်နေပါပြီ။
13 Sirocco @ Lebua Hotel- Bangkok, Thailand

Bangkok မြို့ ၊ Lebua Hotel ရဲ့ ၆၃ထပ်မှာတည်ရှိတဲ့ Sirocco ကတော့ ဆုတံဆိပ်ပေါင်းများစွားရရှိထားတဲ့ ခေါင်မိုးထပ် စားသောက်ဆိုင်တစ်ခုပါ။ လာရောက်စားသုံးသူတွေက အရှေ့အလယ်ပိုင်းဒေသ အစားအစာတွေကို သုံးဆောင်ရင်း ဘန်ကောက်မြို့အလှကိုပါ ခံစားနိုင်မှာပါ။
14 The Rock- Zanzibar, Tanzania

ဒီဆိုင်လေးကတော့ Michamwi Pingwe ကျွန်းဆွယ်ပေါ်က Zanzibar ကျွန်း အရှေ့တောင်ဘက်မှာ တည်ရှိပါတယ်။ ကမ်းခြေနဲ့သိပ်မဝေးတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ရှိပါတယ်။ စားသုံးသူတွေက ရေကျချိန်တွေမှာဆို ကမ်းစပ်ကနေ လမ်းလျှောက်သွားလို့ရပြီး ရေတက်ချိန်တွေဆိုရင်တော့ လှေနဲ့သွားရပါမယ်
15 Treepod @ Soneva Kiri- Koh Kood, Bangkok

Koh kood မှာရှိတဲ့ Soneva Kiri Resort မှာ လာရောက်တည်းခိုသူတွေကတော့ Treepod မှာလာရောက်စားသုံးဖို့ ဖိတ်ကြားခံရပါတယ်။ ဧည့်သည်တွေက Koh Kood ရှေး မုတ်သုံတောထဲက အပူပိုင်းအပင်တွေပေါ်ကို ကြိုးနဲ့ချိတ်ဆွဲ တက်သွားရပြီး အပေါ်ရောက်ရင် ဝါးနဲ့လုပ်ထားတဲ့ ငှက်သိုက်ပုံစံနေရာမှာ ထိုင်ပြီး အရသာရှိတဲ့ဟင်းလျာ တွေကို သုံးဆောင်နိုင်မှာပါ။ မှာထားတဲ့အစားအသောက်တွေကို ဆပ်ကပ်အဖွဲ့ထဲကလူတွေလို လျင်မြန်ဖျက်လက်တဲ့ စားပွဲထိုးက လာမပို့ခင် ကျောက်ဆောင်တွေကာရံထားတဲ့ ကမ်းရိုးတန်းအလှကို ခံစားနိုင်ပါတယ်။
16 Sounds of Silence @ Ayers Rocks Resort- Australia

ကန္တာရရဲ့ တိတ်ဆိတ်တဲ့ ကောင်းကင်အောက်မှာ ညစာစားသုံးနိုင်မယ့် အတွေ့အကြုံကိုပေးစွမ်းတဲ့ ဆိုင်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးအနေနဲု့ Uluru-Katta Tjuta သဘာဝဥယျာဉ်ကို လှမ်းမြင်နိုင်တဲ့ နေရာမှာ ပေါင်မုန့်မီးကင်နဲ့ အရသာရှိတဲ့ဝိုင်ကို မြည်းစမ်းစေမှာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ တောတွင်းသားတွေဖြစ်တဲ့ မိကျောင်း၊ သားပိုက်ကောင် စတာတွေနဲ့ သဘာဝသစ်ဥသစ်ဖုတွေကို ပေါင်းစပ်ပြီးချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ဟင်းလျာတွေကို ဘူဖေးအနေနဲ့ စားသုံးနိုင်မှာပါ။ အဲ့ဒီ့နောက်မှာတော့ ဒေသခံတစ်ယောက်က ဧည့်သည်တွေကို တောင်ပိုင်းဒေသရဲ့ ညကောင်းကင်မှာတွေ့ရတဲ့ နက္ခတ်တာရာတွေ၊ zodic sign တွေ၊ ဂြိုလ်တွေ နဲ့ နဂါးငွေ့တန်း ဂလက်ဆီတွေအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။
17 Labassin Waterfall Restaurant- Philippines

ဖိလစ်ပိုင်နိုင်ငံ Villa Escudero Plantations and Resort မှာတည်ရှိပါတယ်။ နေ့လည်စာအတွက်သီးသန့်ဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီးတော့ စားသုံးသူတွေက ဝါးနဲ့ပြုလုပ်ထားတဲ့ စားပွဲတွေပေါ်မှာ ဘူဖေးဟင်းလျာတွေကို စားသုံးရမှာပါ။ ရေတံခွန်ကတော့ သဘာဝရေတံခွန်မဟုတ်ပါဘူး။ Labassin ဆည်ကရေပိုတွေက ရေတံခွန်ပုံစံဖြစ်နေတာပါ။ ကျလာတဲ့ရေတွေကနေ ရေကန်ဖြစ်သွားပြီး လာရောက်လည်ပတ်သူတွေက ရေကန်ထဲမှာ ဝါးဖောင်တွေနဲ့ ဖောင်စီးလို့လည်း ရပါတယ်။ ဒါ့အပြင် ဖီလစ်ပိုင်ယဉ်ကျေးမှုပြကွက်တွေကိုလည်း ဆိုင်ရဲ့ဖျော်ဖြေမှုတစ်ခုအနေနဲ့ ကြည့်နိုင်ပါသေးတယ်။
18 Grotta Palazzese- Polignano a Mare, Italy

Italy တောင်ပိုင်းမှာရှိတဲ့ Polignano a Mare မြို့ပေါ်မှာGrotta Palazzese ဆိုတဲ့ ထူးခြားတဲ့စားသောက်ဆိုင်လေးတစ်ခု ရှိပါတယ်။ နွေရာသီမှာသာ ဖွင့်ပြီးတော့ ပင်လယ်ပြင်ကို မြင်နေရတဲ့ ထုံးကျောက်လိုဏ်ဂူအောက်မှာ ဖွင့်ထားတာဖြစ်ပါတယ်။ ဒီဆိုင်ကတော့ ဂူရဲ့အပေါ်မှာရှိတဲ့ Grotta Palazzese Hotel ပိုင် စားသောက်ဆိုင် ဖြစ်ပါတယ်။
credits: http://dailynewsdig.com/amazing-restaurants/
PS : ရောက်ဖူးတာဆိုလို ့…ဘန်ကောက်ပဲရှိပါသေးတယ်………….

2 comments
Thint Aye Yeik
October 13, 2016 at 7:47 am
Berggasthaus Aescher ကို စိတ်အဝင်စားဆုံးပဲဗျို့…
ကုန်လိုက်မယ့် ဖြစ်ခြင်း
အားတွေရော…ငွေတွေရော…
:k:
သျှားသက်မာန်
October 13, 2016 at 4:59 pm
အမှန်ပါပဲ…