သင့်မျက်လုံးကို ငှားပါ

Zaw WonnaAugust 30, 20101min01

ကျနော်တို့ မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခု  ထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေး ပါရစေ။ အဲဒီအလှူက ငွေကြေး အကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့ အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ ရပါတယ်။ အချိန်လေး နည်းနည်းလောက် ပေးနိုင်ရင် ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။
မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသား ၇၁ ဦး ရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာ သင်ကြားနေတဲ့ ကျောင်းသား ၇၉ ဦး ရှိပါတယ်။ အဲဒီ မျက်မမြင် ကျောင်းသားတွေ ဖတ်နိုင်အောင်လို့ စီမံထားတဲ့ မျက်မမြင်စာအုပ်တွေ ရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တု တွေကို မျက်မမြင် စာအုပ်ထုတ်ဖို့ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် Talking Book အဖြစ်နဲ့ ထုတ်ဝေဖို့ စီစဉ်တာပါ။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသ စာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Book အဖြစ် ပြောင်းလဲ ထုတ်ပေးပါတယ်။အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့ နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်း အင်အားနဲ့ မလုံလောက်တဲ့ အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။
အသံအလှူရှင်တွေ အနေနဲ့ ကိုယ်အားတဲ့ အားလပ်ရက်တွေမှာ ကျောင်းမှာ ရှိတဲ့ အသံသွင်းခန်းမှာ သွားရောက်ပြီး အသံဒါန ပြုနိုင်ပါတယ်။ Talking Book အဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာ အဆင်သင့် ရှိနေပါတယ်။ အသံအလှူရှင်တွေ အနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဆောင်းပါး တစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းက စပြီး လုံးချင်းစာအုပ်တွေ အထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေ အနေနဲ့ ကိုယ်တိုင် အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်း နိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံ အရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။

အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ် လှူဒါန်းချင်ရင်ပဲ ဖြစ်ဖြစ် ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၊ အမှတ် – ၁၆၅၊ ဗဟိုလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ အီးမေးလ် mcfb@mptmail.net.mm ကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက် မှာလည်း လေ့လာ နိုင်ပါတယ်။
မဆီမဆိုင်ပဲ ပြောရမလား ….  အဆိုတော် လေးဖြူရဲ့ “သင်၏နားကိုငှားပါ” ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့် အနေနဲ့ “သင့်မျက်လုံးကို ငှားပါ” လို့ ပြောလိုက်ချင်ပါတယ်။

One comment

  • Gong Zhu

    September 16, 2010 at 4:56 pm

    ကျေးဇူးတင်ပါတယ် ။ အဲ့လိုနေရာလေးတွေကိုသိချင်နေတာကြာပါပြီ ။ ။ ။

    Reply

Leave a Reply

Your email address will not be published.