ခြေလှမ်းတစ်စုံ

manawphyulayAugust 29, 20101min00

ယိုင်နဲ့နဲ့ ခြေလှမ်းနဲ့
စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေနဲ့အတူ
ဘဝတွေထဲလျှောက်မိတဲ့အခါ
ပတ်ထားတဲ့ လက်ပတ်နာရီတောင်
ရပ်တန့်နေပါပေါ့….
သက်ပြင်းတွေအခါခါချ
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတဲ့အခါ
ပြုံးပြနေတဲ့ ဝန်းကျင်တစ်ခုလုံးက
ငါ့ကို လှောင်ပြုံး ပြုံးနေတာလား…
အားပေးနှစ်သိမ့်ပြုံးတွေလား…
မရေရာ ဝေခွဲခက်စွာနဲ့
အပြုံးတု အပြုံးစစ်ဆိုတာ
ဘာတွေနဲ့တိုင်းတာမိပါလိမ့်
ကြမ်းတမ်းခက်ထန်
ဘဝလှိုင်းဒဏ်ကြား
အလူးအလဲခံရင်း
ချော်လဲပြန်ထ အခါခါပြုခဲ့
ငါ့ရခဲ့တဲ့ ဒဏ်ရာ
အမာရွတ်များတောင် ဖြစ်နေခဲ့ပေါ့…..
မသက်သာ ဒီဘဝမှာဖြင့်
ဟန်ဆောင် မချိပြုံး အခါခါပြုံးရင်း
လောကကြီးထဲ လမ်းဆက်လျှောက်ဆဲ
တစ်ခါတလေ စဉ်းစားမိခဲ့
လေဒဏ်မိုးဒဏ်ခံနိုင်တဲ့
ဝါးပင်ဖြစ်ရရင် ကောင်းမလား
ဒါမှမဟုတ်
ထုသားပေသားကျနေတဲ့
ကျောက်ငရုတ်ဆုံဖြစ်ရရင်ကော
ဪ ဘာပဲဖြစ်ဖြစ်
လူဟာ လူပဲ
သဘာဝတရားက သူ့အလိုလိုဖန်တီးခဲ့
ဘယ်အရာမဆို ကြံ့ကြံ့ခံ ခုခံရင်း
ခံစားချက်နဲ့ ရှေ့ကိုဆက်မယ်
ငါဟာ……
လူသားတစ်ယောက်ဖြစ်တယ်

Leave a Reply

Your email address will not be published.