Zootopia Animation Cartoon

Foolish GirlJune 6, 20161min06

ဒီဇာတ်ကားလေးက 2016 ခုနှစ် မတ်လ ၄ ရက်နေ့မှာထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။

ယုန်ကလေး Judy Hopps အဖြစ် Ginnifer Goodwin ၊  မြေခွေး Nick အဖြစ်ကတော့ Jason Bateman    စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ်

ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ Shakira ဆိုထားတဲ့ဇာတ်ဝင်သီချင်းလေးရယ် Judy Hopps လို ့ ခေါ်တဲ့ ယုန်ကလေးရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ လုပ်တတ်တဲ့ စိတ်လေးတွေ အရှုံးမပေးတတ်တဲ့ စိတ်တွေ စတာတွေရောပေါ့

images

ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ် ဇာတ်လမ်းလေးကိုတော့ကြိုပြီးမပြောပြတော့ပါဘူး ပြောပြရင်ပေါ့သွားမှာစိုးရိမ်လို့ပါ။

ဇာတ်လမ်းကိုမကြည့်ဖြစ်တဲ့သူတွေအနေနဲ့  http://disney.wikia.com/wiki/Zootopia ဒီလင့်လေးမှာ ဇာတ်လမ်းအကျဉ်းချူပ်ရေးထားတာရှိပါတယ်

6 comments

  • ခင်ဇော်

    June 7, 2016 at 10:18 am

    Zootopia (2016)

    (Zootopia နဲ့ပတ်သက်ပြီး ရေးထားလေးပြန်ဖတ်ချင်ကြတယ်ဆိုလို့ ပြန်တင်ပေးလိုက်တယ်နော်။ ဒီရက်ပိုင်းမှ Zootopia ကြည့်ဖြစ်တဲ့သူတွေအတွက်ပါ။)

    Zootopia ဇာတ်ကားဟာ ကျွန်တော့်အတွက် 2016 မှာ ပထမဆုံးကြည့်ဖြစ်တဲ့ Animation ဇာတ်ကားဖြစ်သလို ကျွန်တော့်ရဲ့ All Time Favorite Films List ထဲကို ချက်ချင်းဆိုသလိုပဲရောက်သွားခဲ့ပါပြီ။

    Disney ရဲ့ ဒီအသစ်စက်စက် Zootopia ဇာတ်ကားဟာ သာမန်ကြည့်မယ်ရင် ချစ်စဖွယ်တိရိစာ္ဆန် Character မျိုးစုံနဲ့ ကလေးတွေကိုပျော်ရွှင်စေမယ့် ဇာတ်ကားလေးဖြစ်သလို နောက်ကွယ်မှာတော့လေးနက်ပြီး အဓိပါ္ပယ်ပြည့်ဝတဲ့ message တွေနဲ့ လှပစွာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

    – – – – – – – – – – – – – – –

    ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတော့
    ကမ႓ာကြီးပေါ်မှာ လူသားတွေဆိုတာလုံးဝမရှိပဲ တိရိစာ္ဆန်တွေသာရှိပါတယ်။ တိရိစာ္ဆန်တွေမှာ Predator (မုဆိုး) နဲ့ Prey (သားကောင်) ဆိုပြီး အခြေခံအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ ဥပမာအနေနဲ့ပြောရရင် ခြင်္သေ့၊ ကျား၊ မြေခွေးတွေက မုဆိုးတွေဖြစ်ပြီး သိုး၊ သမင်၊ ယုန် စတဲ့ တိရိစာ္ဆန်လေးတွေကတော့ သားကောင်တွေပေါ့။ မုဆိုးနဲ့သားကောင်ဆိုပေမယ့် မုဆိုးကို သားကောင်က ကြောက်လန့်နေစရာမလိုပဲ အတူယှဉ်တွဲနေထိုင်နေကြတာပါ။ ဟိုးအရင်အတိတ်အချိန်တွေက Predator (မုဆိုး) တွေဟာရက်စက်ကြမ်းကြုတ်ပြီး အရိုင်းအစိုင်းသတ္တဝါတွေအဖြစ် Prey (သားကောင်) တွေကို ရန်ပြုတိုက်ခိုက်သတ်ဖြတ်ခဲ့ပေမယ့် အခုအခါမှာတော့ တိရိစာ္ဆန်လေးတွေအားလုံးဟာ ချစ်ခင်စွာနေထိုင်နေကြပြီဖြစ်ပါတယ်။

    သာမန်မြို့ငယ်လေးတစ်မြို့မှ ယုန်မလေး Judy Hopps မှာ ငယ်စဉ်တည်းကကြီးမားတဲ့ အိပ်မက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ခေတ်မီစွာ စနစ်တကျလည်ပတ်နေတဲ့ မြို့ပြကြီး Zootopia မှာ ရဲအရာရှိတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်ချင်တာပါ။ ဒါကြောင့် Judy ဟာ Zootopia Police Academy မှာ ရဲအရာရှိသင်တန်းကို အောင်မြင်အောင်တက်ရောက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်တဲ့အပြင် အသည်းငယ်တတ်တဲ့ ယုန်လေးတွေကို ရဲအရာရှိအဖြစ် ခန့်အပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Judy ရဲ့ သွက်လက်တက်ကြွပြီး ဖြတ်ထိုးဉာဏ်ကောင်းမှုတွေကြောင့် သူမဟာ Zootopia ရဲ့ ပထမဆုံး ရဲအရာရှိ ယုန်မလေးဖြစ်လာခဲ့ပါတယ်။

    ဒါပေမယ့် ရဲအုပ်ကြီး Bogo ကတော့ Judy ကို အထင်မကြီးပါဘူး။ ပထမဆုံးရတဲ့ Judy အတွက် တာဝန်ကတော့ Parking Duty ပါတဲ့။ အမှုအကြီးကြီးတွေကို စုံစမ်းဖြေရှင်းချင်တဲ့ Judy အနေနဲ့ ရပ်နားချိန်ကျော်လွန်တဲ့ ကားတွေကို ချလန်လိုက်တပ်ရတာကတော့ တကယ့်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ တာဝန်ပါပဲ။ ဒါပေမယ့် သူမ အကောင်းဆုံး လုပ်ခဲ့တယ်။ နေ့လည်မတိုင်ခင် ကားအစီးရေ ၂၀ဝ အထိရအောင် ချလန်တပ်နိုင်ခဲ့တယ်။

    Judy အလုပ်လုပ်ရင်း အကူအညီပေးမိတဲ့ မြေခွေးလေး Nick Wilde ဟာ သူမထင်သလို တကယ်ဒုက္ခရောက်တာမဟုတ်ပဲ သူမကို တစ်ပတ်ရိုက်သွားတယ်ဆိုတာကို Judy သိလိုက်ရတဲ့ အခါမှာတော့ ခံပြင်းပြီးဒေါသဖြစ်ခဲ့ရတယ်။ ယုံကြည်လို့မရတဲ့ မြေခွေးရဲ့ ပင်ကိုယ်စရိုက်ကို ယုံကြည်မိတဲ့ သူမကို်ယ်သူမအပြစ်တင်မိတယ်။

    တစ်နေ့မှတော့ ရဲအုပ်ကြီး Bogo ကိုအကူအညီလာတောင်းတဲ့ တိရိစာ္ဆန်ပျောက်ဆုံးမှုတစ်ခုကို Judy က သူမရှာပေးမယ်ဆိုပြီး အတင်းလက်ခံလိုက်တယ်။ ရဲအုပ်ကြီး Bogo က Judy ကို အချိန်နှစ်ရက်ပေးပါတယ်။ နှစ်ရက်ပြည့်လို့မှ Judy အနေနဲ့ဒီအမှုကို အဖြေရှင်းနိုင်ဘူးဆိုရင် အလုပ်ကထုတ်ပယ်ခံရတော့မှာပါ။

    Judy တစ်ယောက်သဲလွန်စတွေလိုက်ရှာရင်း မြေခွေးလေး Nick Wilde က သူ့ကိုကူညီပေးနိုင်မယ်ဆိုတာ သိလိုက်ပါတယ်။ တကယ်တမ်းစုံစမ်းလိုက်တဲ့ အခါမှာတော့ ဒီတိရိစာ္ဆန် ၁၄ ကောင်ပျောက်ဆုံးနေမှုဟာ သာမန်ထက်ပိုမိုရှုပ်ထွေးပြီး Zootopia မြို့ကြီးက တိရိစာ္ဆန်တွေအားလုံးရဲ့ အေးချမ်းစွာယှဉ်တွဲနေထိုင်မှုကိုပါ ထိခိုက်လာတဲ့အခါမှာတော့ …. ။

    – – – – – – – – – – – – – – –

    IMDB: 8.3/10
    Rotten Tomatoes: 98%
    Metacritic: 81%

    ကျွန်တော့် အနေနဲ့ Rating ပေးရမယ်ဆိုရင်တော့ 4.5/5 ပေးပါတယ်။

    – – – – – – – – – – – – – – –

    ”ကျွန်တော်တို့တွေဟာ ဘယ်လိုလူမျိုးလဲ ဘာလဲဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်ပုံဖော်ရမှာပါ။ သူများတွေမှာ ကျွန်တော်တို့အပေါ်အမြင်တွေရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဒါကသူတို့ အမြင်သက်သက်ပဲလေ။ သူတို့အမြင်နဲ့ ကျွန်တော်တို့ ဘဝအပေါ်အလွှမ်းမိုးခံမလား။ ကိုယ်ဖြစ်ချင်တဲ့ အရာကို ကိုယ်တိုင်ပုံဖော်ယူမလား။ စဉ်းစားစရာပါ။”

    ဒါကတော့ Zootopia ကပေးချင်တဲ့ message အပေါ်ကျွန်တော်မြင်မိတာလေးပါ။
    မြေခွေးဆိုကောက်ကျစ်တယ် စဉ်းလဲတယ် ဉာဏ်များတယ်လို့ အများကသတ်မှတ်ထားပေမယ့် တကယ်တမ်းပုံဖော်ရမှာက မြေခွေးပဲ မဟုတ်ပါလား။ အများကငါ့ကိုကောက်ကျစ်တယ် သတ်မှတ်လို့ ငါကောက်ကျစ်ရမယ်ဆိုတာ မှားပါတယ်။ သိုးဆိုတာနဲ့ ဖြူစင်ပါသလား။ ယုန်ဆိုတာနဲ့ အရာရာကိုကြောက်လန့် ပြီး အသည်းငယ်နေရတော့မှာလား။

    ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အပေါ်ယံအမြင်နဲ့ဆုံးဖြတ် တံဆိပ်ကပ်ကြတဲ့ လူမှုရေးအရှုပ်အထွေးတွေကို တိရစာ္ဆန်လေးတွေနဲ့ Zootopia ကအကောင်းဆုံးဥပမာပေးသွားတာပါ။

    ကျွန်တော်တို့တွေ စဉ်းစားသင့်ပါပြီ။ ဘာလူမျိုးမို့ ဘာဘာသာမို့ ။ ဘယ်မှာနေလု့ိ ဘယ်မိသားစုကမို့ ဆိုတာတွေထက် ဒီလူတစ်ဦးတစ်ယောက်စီက ဘယ်လိုမျိုးလဲဆိုတာကို မြင်ကြည့်ပေးမယ်ဆိုရင် …
    လူသားအယောက်စီတိုင်းကလည်း အများအမြင်သတ်မှတ်ချက်ပုံစံခွက်ထဲ စီးမျောမနေပဲ ကိုယ့်စိတ်ရင်းအတိုင်းသာပြုမူနေထိုင်သွားမယ်ဆိုရင် …

    – – – – – – – – – – – – – – –

    Zootopia ဇာတ်ကားဟာ အစမှအဆုံးထိ ပျင်းစရာတစ်စက်မှမကောင်းပဲ ဇာတ်ဝင်ခန်းတိုင်းဟာ ကြည့်ရှုသူကို အာရုံတစ်ချက်မလွင့်အောင်ဖမ်းစားထားနိုင်တယ်။
    အမျိုးအစားပေါင်းများစွာသော တိရိစာ္ဆန်တွေရဲ့ အမူအကျင့်တွေကိုလည်း ချစ်စဖွယ်ကောင်းအောင် ဟာသနှောပြီးတင်ဆက်ပေးထားတယ်။

    လူတွေလုံးဝမပါပဲ အကောင်လေးတွေသာ လမ်းလျှောက်စကားပြောတဲ့ ဇာတ်ကားမျိုးတွေဟာ ဒါပထမဆုံးမဟုတ်ပေမယ့် ဒီ Zootopia မှာတော့ တစ်မျိုးထူးခြားလို့နေပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိပြင်ပကမ႓ာကို အခြေခံပုံဖော်ထားတဲ့ Zootopia ဟာ တိုက်တာအဆောက်အဦးတွေ၊ မော်တော်ယာဉ်တွေအပြင် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေကိုပါ အကောင်လေးတွေနဲ့ စိတ်ကူးယဉ်ပုံဖော်ထားတာပါ။
    ဥပမာ DMV – Department of Mammal Vehicles လိုပေါ့ဗျာ။ Sloth တွေသာ အလုပ်လုပ်တဲ့ မော်တော်ယာဉ်ဌာနပေါ့။

    ဒီ Zootopia ဇာတ်ကားအတွက် Animation Effects တွေဟာလည်း ပေါ့ပေါ့တန်တန်လုပ်ခဲ့တာမဟုတ်ပဲ နည်းပညာအသစ်တွေနဲ့ အတူ သေသေချာချာအချိန်ပေးပြီး ဖန်တီးထားတာပါ။

    အထူးသဖြင့် တိရိစာ္ဆန်တစ်မျိုးခြင်းစီရဲ့ အမွှေးအမျှင်ဖွဲ့စည်းပုံတွေကို Animators တွေကိုယ်တိုင် ပြတိုက်တွေ သဘာဝဥယျာဉ်တွေကိုသွားပြီး အသေးစိတ်လေ့လာခဲ့ရတယ်။ အထူအပါး အလင်းပြန်ပုံ စသဖြင့်ပေါ့။

    ဒါ့အပြင် Zootopia မြို့ကြီးကိုတကယ်အသက်ဝင်နေတဲ့ မြို့ပြနဲ့တူနေအောင် လှုပ်ရှားမှုတွေ background မှာ အမြဲတမ်းဖြစ်နေစေမယ့် ”Keep Alive” ဆိုတဲ့နည်းပညာအသစ်ကို ဒီဇာတ်ကားအတွက်တီထွင်ခဲ့ရတယ်။ Zootopia မှာပါဝင်တဲ့ သစ်ပင်တွေတိုင်းမှာ သစ်ရွက်ပေါင်း ၃၀၀၀ဝ ကျော်ပါဝင်ဖွဲ့စည်းထားပါတယ်။ ”Keep Alive” နည်းပညာနဲ့ပဲ သစ်ပင်တွေကို တကယ့်အစစ်တွေနဲ့ မခြားတူစေပါတယ်။

    ဒါတင်မကသေးပါဘူး။ ဇာတ်ကားတစ်လျှောက် Animation ထည့်သွင်းရာမှာ လေတိုက်တဲ့ Direction ကိုပါထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒါမှလည်း အကောင်လေးတွေရဲ့ အမွှေးအမျှင်လှုပ်ရှားမှုတွေ သစ်ပင်သစ်ရွက်တွေရဲ့ ယိမ်းနွဲ့မှုတွေဟာ လေလာရာလမ်းကြောင်းအတိုင်း သဘာဝဆန်နေစေမှာဖြစ်ပါတယ်။

    နောက်ထပ် Animators နဲ့ Designers တွေထည့်စဉ်းစားတဲ့ အချက်ကတော့ Scale ပါပဲ။ ဒီထဲက အဆောက်အဦးတွေနဲ့ တိရစာ္ဆန်တွေ မော်တော်ယာဉ်တွေ အားလုံးကို ပြင်ပက Scale အတိုင်းဖန်တီးထားတာပါ။ ရှုထောင့်ပေါင်းစုံကနေအမျိုးမျိုးစဉ်းစားထားတဲ့ Design ပုံစံတွေထဲက 20% ခန့်သာအသုံးပြုဖြစ်ခဲ့တာဖြစ်ပြီး 80% ခန့်ကတော့ မသုံးဖြစ်ခဲ့ပါဘူး။

    တိရိစာ္ဆန်တွေရဲ့ အရွယ်အစားတွေအလိုက်စီးရမယ့် ယာဉ်ပုံစံတွေ၊ လှုပ်ရှားသွားလာမှုတွေ၊ ခြေလေးချောင်းကနေ ခြေနှစ်ချောင်းအဖြစ်လမ်းလျှောက်ရင်ဘယ်လိုဖြစ်မယ် ပြေးရင်ဘယ်လိုပုံစံက အစအကုန်လုံးအသေးစိတ်စဉ်းစားခဲ့ကြတာပါ။

    သရုပ်ဆောင်တွေအသံသွင်းတဲ့အခါမှာလည်း ထိုင်ပြီး Mic လေးနဲ့ သွင်းတာမျိုးမဟုတ်ပဲ
    ကိုယ်လက်အမူအရာလှုပ်ရှားမှုအပြည့်အစုံနဲ့ပါ။ Zootopia ရဲ့ အသေးစိတ် Animation အကြောင်းတွေကတော့ ပြောလို့မကုန်ပါဘူး။

    ဇာတ်လမ်းထဲမှာ Disney ရဲ့ အခြား Animation ရုပ်ရှင်တွေဖြစ်တဲ့ Frozen, Big Hero 6 နဲ့ Wreck-It Ralph စတာတွေရဲ့ Easter Eggs လေးတွေလည်းတွေ့ရဦးမှာပါ။

    အားလုံးကို ပွဲကျစေမယ့် တိရိစာ္ဆန်ကတော့ နှေးကွေးလေးလံပြီး ချစ်စရာအပြုံးပိုင်ရှင် Sloth Flash ပါပဲ။ နာမည်က Flash ဆိုတဲ့အတိုင်း Sloth တွေထဲမှာတော့ သူအမြန်ဆုံးပါ။

    အားလုံးပဲ ဇာတ်ကားပြီးတာနဲ့ ထမပြန်ပါနဲ့။ Shakira ရဲ့ Try Everything သီချင်းလေးကို နောက်တစ်ခေါက်ထပ်နားထောင်လိုက်ပါဦး။ Sia ရေးပေးထားတဲ့ ဒီသီချင်းလေးဟာ Zootopia ရဲ့ Theme Song လေးဖြစ်သလို နှစ်သက်စရာကောင်းတဲ့ သီချင်းလေးပါ။ ဇာတ်ကားထဲက အဆိုတော် Character ဖြစ်တဲ့ Gazelle ကိုလည်း Shakira နဲ့တူအောင်ဖန်တီးထားပါသေးတယ်။

    Zootopia ဟာ 2016 အတွက်လက်လွတ်မခံသင့်တဲ့ Animation ကားတစ်ကားပါ။ ရယ်လည်းရယ်ရသလို တွေးစရာလေးတွေနဲ့ အချိန်တွေကို အလကားမဖြစ်စေမယ့် ကားတစ်ကားဆိုလည်းမမှားပါဘူး။

    Admin L

    06 March 2016 11:21 PM
    Ref: https://www.facebook.com/intlmoivenews/posts/1023891317658420
    Credit to International Movie News – IMN

    Reply

    • Foolish Girl

      June 7, 2016 at 3:14 pm

      ခင်ဇော် ပေးတဲ့ကွန့်မွန့်က ကျွန်တော်တင်တဲ့ ပို့စ် ထက်တောင်ပြည့်စုံနေပါတယ် ဗျာ ကျွန်တော်လည်းကောင်းကွက်တွေရေးမယ်ဆိုများလွန်းလို့ ပြီးတော့ ကိုယ်ကအရေးအသားကမကောင်းတော့ ပြောတာတွေများပြီးပေါ့သွားမှာစိုးရိမ်မိသဗျာ….
      အရမ်းကောင်းတဲ့ message လေးတွေကို ဒီဇာတ်ကားလေးထဲကနေရနိုင်ပါတယ်ဗျာ

      Reply

      • ခင်ဇော်

        June 7, 2016 at 3:30 pm

        ဟီးဟီးး
        ကိုယ်တိုင် ဒီ ကားကို ညွန်းမလို့ ကြံနေရာက သူတို့ ပေ့(ချ) မှာ မြင်လိုက်တော့ မရေးဖြစ်တော့ပဲ
        သိမ်းထားမိတာပါဗျာ။
        တိုက်ဆိုင်လို့ လာသိမ်းထားတာပါ။

        :k:

        Reply

  • အတင်းဝင်ကြွားရရင်တော့ ချစ်သူနဲ့အတူတူ သွားကြည့်ခဲ့တဲ့ကားပေါ့.. :k:

    ကာတွန်းကားတွေဆို အရမ်းကြိုက်တယ်.. နောက် ဇာတ်လမ်းပြီးသွားရင်လည်း စာတန်းထိုးတာတွေကို သေချာကြည့်ဖြစ်တယ်.. အဲဒါကြောင့်လည်း Shakira မှန်း သိသွားခဲ့တာ.. 🙂

    Reply

  • Foolish Girl

    June 14, 2016 at 9:55 am

    အစိုးရရုံးကအလုပ်သမားတွေကို ခိုအားလား အကောင်တွေကို သုံးထားတာ မြင်တော့ ပြုံးမိသေးတယ် (ဘာ့ကြောင့်လဲဆိုတာတော့ ပြောတော့ဘူးကွယ်)

    Reply

Leave a Reply to လုံမလေးမွန်မွန် Cancel Reply

Your email address will not be published.