တမ်းချင်း

Kaung Kin PyarApril 1, 20161min013

ဒေါ်ရင်စိမ်းး ဟေ့……

ဆိုရင်… တစ်လမ်းလုံး ကလေးက အစ ခွေးအဆုံး သိတယ်…

 

လမ်းတကာလည်နေတဲ့ ဆိုက်ကားသမားတွေဆိုတာ ဒေါ်ရင်စိမ်းရဲ့ စပိုင်တွေပေါ့…. (လိုအပ်ရင် သူတို့က စုံထောက်လဲ လုပ်တယ်..)။ ဆိုက်ကားသမားတစ်ယောက်ယောက်နဲ့များ ဒေါ်ရင်စိမ်း တိုးတိုးတိတ်တိတ် စကားပြောနေပြီဟေ့ဆိုရင် သေချာပြီ… ဗေဒင်မမေးနဲ့….။ အဲ့ဒီတစ်ရက်နှစ်ရက်အတွင်းမှာ.. ကောင်လေးတစ်ယောက်ယောက်၊ ကောင်မလေး တစ်ယောက်ယောက်တော့ မျက်ရည် ဘူးသီးလုံးလောက် ကျတော့မယ်….။

လမ်းထဲမှာ.. သူ့ယောကျာင်္းဆရာဝန်ကို ဒေါက်တာဘယ်သူ့ဆေးခန်းလို့ မေးရင် မသိကောင်းမသိ ရှိမယ်….၊ ဒေါ်ရင်စိမ်းယောကျာင်္းလေလို့ ပြောလိုက်ရင်တော့ အဲ့ဒီ ဆေးခန်း တန်းကနဲရောက်တယ်…

၂ထပ်တိုက် ၃ထပ်တိုက်တွေ တလုံးပြီး တလုံးဆောက်ပြီး … ခုံဖိနပ်စုတ်နဲ့ တလမ်းလုံးလျှောက်သွားနေတာ…။ နိုင်ငံရေးက ဘယ်လို၊ ကုန်ဈေးနှုန်းက ဘယ်လို…ပညာရေး စီးပွားရေးက ဘယ်ဝှာ.. ကြုံရင်ကြုံသလို…(မကြုံလဲ မကြုံကြုံအောင်လုပ်ပြီး..) အကုန်ပြောတာ..

အရွယ်ရောက် သားနှစ်ယောက်ရှိတယ်…၊ အဖေ့ကိုသာ မကြောက်ရင် နေရမယ်…၊ အမေတစ်ချက်ကြည့်လိုက်တာနဲ့…ငြိမ်ကုပ်သွားတာပဲ…..။

ပြီးရင် ပြောသေးတာ..

ငါက ဗလနဲ့ လုပ်စားနေတာမဟုတ်ဘူး၊ ဇ နဲ့လုပ်စားနေတာတဲ့….။

လုပ်စားစရာ ဗလလဲမရှိဘူးလေ…၊ မပိန်မပါးခန္ဓာကိုယ်လေးနဲ့၊ အရပ်ကလဲ မနိမ့်မမြင့်ပဲ….၊ သားနှစ်ယောက်မွေးထားပေမယ့်.. ကိုယ်လုံးကိုယ်ပေါက်လှချက်ဆိုတာ…. စက်ဘီးစီးပြီး လမ်းပတ်ရင်များ နောက်ကကြည့်ပြီး ရည်းစားစကားပြောဖို့လိုက်ကြတဲ့ ယောကျာင်္းလေးတွေတောင် ရှိသေးတာ…

ရှေ့မျက်နှာမြင်ပြီး ဒေါ်ရင်စိမ်းမှန်းသိမှ.. အမြီးလေးကုပ်ပြီး ပြန်ပြေးကြရတယ်…

ဇ ကတော့ မသေးဘူး….၊

ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကား တစ်လုံးမှ မပါဘဲ…ပါးစပ်နဲ့ သေအောင်သတ်နိုင်တယ်ဆိုတာ.. ဒေါ်ရင်စိမ်းကိုများ ပြောသလား မှတ်ရတယ်…။ မဟုတ်တာလုပ်ထားတဲ့သူများ… ဒေါ်ရင်စိမ်းရှေ့ရောက်ရင် အလိုလိုနေရင်း ကျောချမ်းပါတယ်ဆို….

အဲ့ဒီ ဒေါ်ရင်စိမ်း ဘာလုပ်သလဲ သိလား…

ဇွဲဘော်ဒါ ပိုင်ရှင်အုပ်…

ကိုယ်တိုုင်လဲ (၁၀)တန်း Bio သင်တယ်…..။

သာမန် ကျူရှင်ဆရာမပေါက်စ ဘဝကနေ…၃ထပ်တိုက်ကို ၄လုံးဆောက်ပြီး ဘော်ဒါ ဖွင့်ထားတဲ့အထိ အောင်မြင်ခဲ့တာ…..။ ပြောလိုက်ရင်လဲ တစ်ခါမှ ပိုက်ဆံရှိတယ် မရှိဘူး….။

ဘော်ဒါမှာ မိန်းခလေးတွေလဲ များလေတော့ ငါ့သားတွေကို နင်တို့ကြံမှာစိုးလို့..စင်္ကာပူပို့ထားရသတဲ့…..၊ ခုတစ်ယောက်ကတော့ သက်မွန်မြင့်နောက် ပါသွားပလေ….၊ ဒေါ်ရင်စိမ်း မသိလိုက်ဖူးးးး။ သူသာ ရှိရင် ဒီလိုဖြစ်လာနိုင်ပါ့မလားပဲ….။

ထက်မြက်တဲ့၊ အလှအပသိပ်မမက်တဲ့၊ ဒိုးတူဘောင်ဖက်ရုန်းနိုင်တဲ့၊ လဲကျသွားရင်တောင် ပြန်ဆွဲထူနိုင်မယ့် မိန်းကလေးမျိုးကိုပဲ ချွေးမတော်မယ်လို့ ကြုံးဝါးခဲ့တယ်……။ သူ့သားတွေကိုလဲ ဒီ ဒိုင် တွေ ထည့်ခဲ့တာပဲ…။ ဘော်ဒါက ကလေးမလေးတွေကိုလဲ ဒီ ဒိုင်တွေ ထည့်တာပဲ….၊ သူကသာ လိုရမယ်ရ ကာဆီးကာဆီးလုပ်နေတာ….၊ သူ့သားတွေ ခြင်ချော်လဲအောင်ချောတောင် ဒေါ်ရင်စိမ်းတော့ ယောက္ခမ မတော်နိုင်ပေါင် ဆိုတဲ့ကလေးမတွေ အပုံကြီး….။

 

ခုတော့ ဒေါ်ရင်စိမ်းမရှိတော့ဘူး… သေပြီ…။

 

အသဲကင်ဆာတဲ့…၊ အရက်မသောက် ဆေးလိပ်မသောက်ဘဲ အသဲကင်ဆာတဲ့…..

သေမင်းက အကောင်းကြိုက်တယ်….

 

အတန်းထဲမယ်.. .ဘယ်အသိုင်းအဝိုင်းက ဘယ်သူ့သားသမီးရှိမှန်းသိသိလဲ…. နိုင်ငံရေးကို အင်တိုက်အားတိုက် ပြောတယ်…။ သန်းရွှေမကောင်းကြောင်း ပါးစပ်ဖျားက မချဘူး…၊ ဘယ်နိုင်ငံတွေမှာ ဘယ်လိုတိုးတက်နေပြီး… မြန်မာနိုင်ငံ သယံဇာတပေါသလောက် လူဆင်းရဲများနေတဲ့ အကြောင်းကလဲ ကြုံတိုင်းပြောတာ….။

နင်တို့ ပြန်ပြောလဲ ပြောပဲ…၊ ငါက ဂရုလေးကို ပိစိတောင် မစိုက်ဘူး ဆိုတာ.. ဒေါ်ရင်စိမ်းရဲ့ လက်သုံးစကား….

ခုချိန်သာ ရှိနေရင် ဒေါ်ရင်စိမ်းသိပ်ပျော်မှာပဲ…..

ဒေါ်စုအာဏာရရင် ငါ မျက်နှာကြီးဖြီးပြီး ခုနှစ်ရက် ခုနှစ်လီ..အလှူကြီးလုပ်မတဲ့….

အလှူကြီး မစားရရင်နေ….၊ ဒေါ်ရင်စိမ်းပျော်နေတဲ့ မျက်နှာကြီးကိုတော့ တဝကြီး ကြည့်ချင်သား….

 

 

ကောင်းကင်ပြာ

 

13 comments

  • ခင်ဇော်

    April 1, 2016 at 1:24 pm

    ၁) ရေးထားတာ တော်တော်ကောင်းတယ်။ ရေးဟန်ကို ကြိုက်တယ်။
    ၂) ဒေါ်ရင်စိမ်းကို ချစ်စရာအဖြစ်ရော၊ လန့်စရာဖြစ်ရော မြင်လာတယ်။
    ၃) သနားသွားတယ်ဟယ်။ ဒီ အချိန် ရှိစေချင်လိုက်တာ။

    :a:

    Reply

  • Kaung Kin Pyar

    April 1, 2016 at 1:50 pm

    ဟုတ်တယ် မမချွိ..
    ချစ်ကြောက်ရိုသေတဲ့အထဲ.. ဒေါ်ရင်စိမ်းလဲ ပါတယ်….။ ဒီအချိန်ရှိစေချင်တယ်… ။ ထက်မြက်တဲ့၊ ဉာဏ်ကောင်းတဲ့၊ လူသိများပြီး ချစ်သူခင်သူပေါတဲ့ အသက် ၆၀ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ယောက်ရဲ့ ကျေနပ်သွားတဲ့ အပြုံးကို မမြင်လိုက်ရဘူး…
    🙁

    Reply

  • Thint Aye Yeik

    April 1, 2016 at 2:06 pm

    .နာလည်း ဒေါ်ဖွားမေကြီးရဲ့ အပြုံးကို အပြေးအလွှား သွားကြည့်ထားအုန်းမှ

    :k:

    .ရေးဟန်လေးက တမျိုးပါလား။ ကောင်းသားဟ

    Reply

    • Kaung Kin Pyar

      April 6, 2016 at 3:09 pm

      အန်တီဒေစီ ပုံစံမျိုးနဲ့ နည်းနည်းဆင်တယ် ထင်ပါတယ်…
      ဒါနဲ့..
      ဒေါ်ဖွားမေကိုကြည့်ရင်းးး ခင်ဖွေးလေးပါ ကြည့်သွားပါဟယ်…. (ခင်ဝင့်ဝါနဲ့ ဖွေးဖွေးကို ပြောပါတယ်.. ) :k:

      Reply

  • Wow

    April 6, 2016 at 1:51 pm

    ငင့် ရုပ်ဖျက်ထားသလိုပဲအရင်ကကကပြာ အရေးအသားနဲ့ကွာသွားပြီ

    Reply

    • Kaung Kin Pyar

      April 6, 2016 at 3:10 pm

      ပိုကောင်းသွားတာလား.. ပိုဆိုးသွားတာလား..ဟင်.. 🙂
      အသက်ကြီးလာလို့..ထင်ပါရဲ့ မမဝါးရေ….။ ကိုယ်တိုင်လဲ အရင်ကပိုစ့်အဟောင်းတွေ ပြန်ကြည့်ရင်း.. အလဲ့.. ငါ အတော်နုခဲ့တာပါလား လို့တောင် တခါတလေ.. တွေးမိတယ်… ဟီးးးး

      Reply

      • Wow

        April 6, 2016 at 4:51 pm

        ဂျီးတော်က သူငယ်ပြန်နာဆိုတော့ အရင်လက်ရာကြိုက်တယ် :mrgreen:

        Reply

    • Kaung Kin Pyar

      April 7, 2016 at 9:17 am

      အရင်က အတွေးမျိုးတွေနဲ့ ဝေးသွားတာကြောင့် ဖြစ်လိမ့်မယ်ထင့်….
      ပြန်ရလိမ့်မလား.. ဒီပုံစံစာတွေပဲ ပြန်ထွက်လာမလား…ပြောတတ်သေးဘူး..မမဝါးရဲ့…
      :k:

      Reply

  • ဝင့်ပြုံးမြင့်

    April 7, 2016 at 3:08 am

    အပြင်မှာ တကယ်ရှိတဲ့ ဇာတ်ကောင်လား။ စိတ်ကူးထဲကလားဟင်။ အပြင်မှာ အဲလိုမျိုး တွေ့ဖူးတယ်။ သာမန်ကျူရှင်ဆရာမ ဘဝကနေ တိုက် ၄လုံးထဆောက်တဲ့ ဆရာမကို။ တဖြည်းဖြည်းနဲ့ သိလာတာက သူတို့ဟာ ဟောက်စားတွေဆိုတာပဲ။ ငွေရေးကြေးရေးကို ဒီလောက်ရှေ့တန်းတင်လွန်းတဲ့ ပညာရေးနယ်ပယ်က လူဟာ ခလေးတွေပညာရေး တကယ်အလေးထားပါ့မလား။
    ဒါပေမယ့်ပေါ့လေ။ ဒီပို့စ်လေးကတော့ တစ်မျိုးလေး ဖတ်လို့ကောင်းပါတယ်။

    Reply

  • Kaung Kin Pyar

    April 7, 2016 at 9:19 am

    တကယ့် ဇာတ်ကောင်ပါ အမ…။ သက်မွန်မြင့်ယောကျာင်္း ကတုံးဟာ အန်တီစိမ်းရဲ့သား အကြီးကောင်ပေါ့…။
    ဘော်ဒါမယ်.. ကျောင်းအိပ်ကျောင်းစားစရိတ်က မနည်းဘူးလေ…။ ဒါ့အပြင် အပြင်က day လာတက်ကြတဲ့သူတွေလဲ များကြတယ်…
    ဒေါက်တာခင်မောင်ညိုလို ဆရာဦးရဲဝေလိုမျိုး ဆရာတွေနဲ့တော့ သင်ပါတယ်….

    Reply

  • ဦးကြောင်ကြီး

    April 10, 2016 at 8:19 am

    ကင်းကောင်ကို စားရမယ်ဆို မြေအိုးစစ်တပ်လို့ ပြောရဲတယ်…

    Reply

  • Ko Thet

    July 17, 2016 at 2:10 am

    Nice ….

    Reply

  • kotun winlatt

    July 18, 2016 at 10:07 am

    ဒေါ်ရင်စိမ်းးးးးး
    ဒေါ်ရင်စိမ်းးးး
    ဪ . . . မရှိရှာတော့ဘူးးးကိုးးးးးးး

    Reply

Leave a Reply to ဝင့်ပြုံးမြင့် Cancel Reply

Your email address will not be published.