ရောင်းချမှုပိတ်ပင်တော့မည်ဆိုသော ခြင်ဆေးခွေနှစ်မျိုး ရောင်းချနေကြဆဲ

cobraAugust 26, 20101min02

နယ်စပ်မှ ဝင်ရောက်လာသည့် မှတ်ပုံတင်ထားခြင်းမရှိသော ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးတို့မှာ ဈေးကွက်အတွင်း ယခုအချိန်အထိ ရောင်းချနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ထိုခြင်ဆေးခွေများထဲတွင် သတ်မှတ်ထားသော ဓာတုပစ္စည်းများ ပိုမိုပါဝင်နေသည့်အတွက် သုံးစွဲသူများ၏ ကျန်းမာရေးအား ထိခိုက်စေနိုင်၍ ပိုးသတ်ဆေးဥပဒေအရ တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးမှ 7Day News သို့ ဩဂုတ်လဆန်းကပြောကြားခဲ့ရာ 7 Day News ဂျာနယ် အတွဲ ၉ အမှတ် ၂ဝ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ “အခုထိ ဆိုင်မှာတော့ ရောင်းနေတုန်းပဲ။ မရောင်းရတော့ဘူးလို့ ကြားလိုက်ပေမယ့် သတင်းစာတွေထဲမှာလည်း ကြေညာတာမတွေ့တဲ့အပြင် လာဝယ်တဲ့သူလည်း များတဲ့အတွက် အခုအထိ ဈေးကွက်ထဲမှာတော့ ရောင်း နေကြတာပဲ” ဟု ကုန်စုံဆိုင်တစ်ဆိုင်မှ သိရသည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေပြီး မကြာခင် တရားဝင်ထုတ်ပြန်ကြေညာ၍ ဈေးကွက်အတွင်း ရောင်းချမှုကို ပိတ်ပင်တော့မည်ဖြစ်ကြောင်း အဆိုပါဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအေးထွန်းက ဩဂုတ်လ တတိယပတ်တွင် ထပ်မံပြောကြားသည်။ ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးခွေတို့မှာ ယခုနှစ်ဇွန်လခန့်မှစ၍ ဈေးကွက်အတွင်း ရောက်ရှိလာခြင်းဖြစ်ပြီး ယခုအချိန်တွင် ခြင်ဆေးခွေများအတွင်း ရောင်းအားအကောင်းဆုံး ခြင်ဆေးများဖြစ်ကြောင်း သိရသည်။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ပြည်ပမှနည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာသော ဈေးကွက်တွင်းရောင်းချနေသည့် ခြင်ဆေးခွေအချို့မှာ အဆိပ်ရှိပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ တင်သွင်းခြင်း၊ ရောင်းချခြင်းတို့ကို တားဆီးအရေးယူခြင်းဖြင့် သိမ်းဆည်းမှုပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ဩဂုတ်လ ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ သို့သော် သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟုဆိုသော အဆိုပါခြင်ဆေးခွေများ၏ အမည်နာမများကိုမူ ဖော်ပြထားခြင်းမရှိပေ။

2 comments

  • Pyaung Gye

    August 26, 2010 at 5:53 am

    သဘောပေါက်လေ

    Reply

  • Yin Nyine Nway

    August 26, 2010 at 9:18 am

    ဒီနာမည် နဲ့ ပေးမရောင်းရင ်နာမည်ပြောင်းမှာပဲ
    ဆေးလဲအတူတူပဲ
    date ကုန်နေပြီသာပြောတယ်
    date ပြန်ချိန်း လိုက်တာပဲရှိတယ်

    Reply

Leave a Reply

Your email address will not be published.