ခေါင်းကိုက်ခြင်းအကြောင်း လေ့လာရအောင်

Yin Nyine NwayAugust 24, 20102min01

ခေါင်းကိုက်ခြင်း ဟာ ဦးခေါင်း၊ မျက်နှာ၊ ပါးစပ်၊ လည်ပင်း လည်ဂုတ် တစ်နေရာ (သို့) တစ်နေရာ ထက်ပိုမို၍ ကိုက်ခဲ နာကျင်ခြင်း ကို ခေါ်ဆို ပါတယ်.. လူတိုင်း လူတိုင်းလည်း ခေါင်းကိုက်ခြင်း ကို ခံစားဖူး ကြပါတယ်.. အချို့မှာ သာမန် လောက်သာ ကိုက်ပြီး အချို့မှာ မိမိ နေ့စဉ် လုပ်နေကျ အလုပ် မလုပ်နိုင် လောက်အောင် ပြင်းပြင်း ထန်ထန် ကိုက်ခဲတတ် ကြပါတယ်.. ခေါင်းကိုက်ခြင်း ဟာ ဦးခေါင်း၊ ဦးခေါင်းခွံ အောက်ခြေ တို့တွင်ရှိ ကြွက်သား၊ တစ်ရှူး၊ သွေးကြော များ၏ အာရုံ ကြောငယ် များကို ထိခိုက် မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်… အဓိက အားဖြင့် ခေါင်းကိုက်ခြင်း ကို နှစ်မျိုး ခွဲခြား ထားပါတယ်…

  1. မူလ ခေါင်းကိုက်စေသော အကြောင်းရင်းကြောင့် ခေါင်းကိုက်ခြင်း (Primary Headache)
  2. အခြားရောဂါတစ်မျိုးမျိုးကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)

တို့ ဖြစ်ပါတယ်…

မူလ ခေါင်းကိုက်စေသော အကြောင်းရင်းကြောင့် ခေါင်းကိုက်ခြင်း (Primary Headache)
ခေါင်းကိုက်ခြင်း များရဲ့ ၉၀% ဟာ ဒီအကြောင်းရင်း ကြောင့် ဖြစ်ကြပြီး ထပ်မံ၍ အမျိုး အစား (၃)မျိုး ခွဲထား ပါတယ်..

  1. ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်း (Tension Headache)
    • ဒီခေါင်းကိုက်ခြင်း အမျိုး အစားဟာ Primary Headache မှာ အများဆုံး ဖြစ်ပွား တတ်ပြီး အမျိုးသမီး များဟာ အမျိုးသားများထက် ပိုမို ဖြစ်ပွား တတ်ကြ ပါတယ်.. ဖြစ်ပေါ် ရတဲ့ အကြောင်းရင်းကို သေချာစွာ မသိရသော်လည်း ခန္ဓာကိုယ် စိတ်ပန်း လူပန်း ဖြစ်တဲ့ အခါ ဦးခေါင်းနဲ့ ဦးခေါင်း အောက်ခြေ ရှိ ကြွက်သား များ ကျုံ့ပြီး တင်းမာ မှု (Contraction of Skull muscles) ကြောင့် နာကျင် ကိုက်ခဲမှု ဖြစ်ပေါ် ရကြောင်း သိရှိ ရပါတယ်.. စိုးရိမ် ပူပန်မှု များသူ၊ စိတ်ကျ ရောဂါ ရှိသူ၊ လည်ပင်းရိုး ရောင်ရမ်း/ ပျက်စီး နေသူ၊ မေးရိုး အဆစ် ချို့ယွင်း မှုရှိသူ များတွင်လည်း ကြွက်သား တင်းမာမှု ဖြစ်ပေါ် စေပြီး ခေါင်းကိုက် ခြင်း ဖြစ်ပေါ် တတ်ပါတယ်.. လက္ခဏာ များကတော့ ဦးခေါင်း နောက်စေ့ (Occipital Region) မှ လည်ပင်း ဂုတ်ကြော တစ်လျှောက် တစ်စုံ တစ်ခုက စည်းနှောင် ထားသလို တင်းကျပ် ပြီး ကိုက်ခဲ တတ်ပါတယ်.. အထူးသဖြင့် မျက်ခုံး တစ်ဝိုက်မှာ စည်းနှောင် ထားသလိုမျိုး ပိုမို နာကျင် ကိုက်ခဲ တတ်ပါတယ်.. အများအားဖြင့် ဘယ်ညာ နှစ်ဖက်လုံး (Bilateral) ဖြစ်ပွား တတ်ပြီး ပြင်းထန်မှု မရှိဘဲ နေ့စဉ် အလုပ်ကို ပုံမှန် လုပ်ကိုင် နိုင်ပါတယ်..
  2. ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
    • ခေါင်းတစ်ခြမ်း ကိုက်ခြင်းဟာ Primary Headache မှာ ဒုတိယ အများဆုံး ဖြစ်ပွား ပြီး အမေရိက မှာ လူဦးရေ ၂၈ သန်းခန့် ခံစား နေရ ကြောင်း ခန့်မှန်း ထားပါတယ်.. အမျိုး သမီးများ ဟာ အမျိုးသား များထက် ပိုမို ဖြစ်ပွား တတ်ပါတယ်.. ဦးနှောက် တွင်းရှိ သွေးကြော များ ကျယ်လာ ခြင်း (cerebral vasodilatation) ကြောင့် သွေးကြော ပတ်လည် အာရုံ ကြောများ တင်းမာ လာပြီး ဓါတု ဓါတ်ပစ္စည်း များထွက်ရှိ လာမှုနှင့် အတူ ရောင်ရမ်း ကိုက်ခဲ လာပါတယ်.. ကိုက်ခဲမှုဟာ ပြင်းထန် တတ်ပြီး တစ်စုံ တစ်ခုနဲ့ ထုထောင်း ထားသလိုမျိုး၊ သွေးခုန် နှုန်းနဲ့ အတူ စည်းချက် မှန်မှန် ထိုးသလို မျိုး ကိုက်ခဲ တတ်ပါတယ်.. အများ အားဖြင့် ဦးခေါင်း တစ်ခြမ်း တွင်သာ ဖြစ်ပေါ် လေ့ရှိပြီး ကိုက်ခဲ ချိန် သုံးပုံတစ်ပုံ ခန့်မှာ နှစ်ဖက်လုံး ဖြစ်ပွား တတ်ပါတယ်.. တစ်ကြိမ် နဲ့ တစ်ကြိမ် ဦးခေါင်း အခြား ဖက်ခြမ်းသို့ ပြောင်းလဲ (ဘယ်ညာ ပြောင်းလဲ ကိုက်ခဲ တတ်ခြင်း) ဖြစ်ပွား တတ်ပြီး ပြောင်းလဲ ကိုက်ခဲခြင်း မရှိဘဲ တစ်သ မတ်တည်း တစ်ဖက် တည်းသာ ကိုက်တတ် ပါက အခြား ဦးနှောက် တွင်းရောဂါ တစ်မျိုးမျိုး (ဥပမာ- ဦးနှောက် အကျိတ် – Brain Tumor) ကြောင့် ကိုက်ခဲတတ် ကြောင်းကို ထည့်သွင်း စဉ်းစား သင့်ပါတယ်.. ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဖြစ်ပွား လျှင် ခန္ဓာကိုယ် ရှိ အလို အလျှောက် အာရုံ ကြောစနစ် တစ်မျိုး (activate sympathetic nervous system) ကို လှုံ့ဆော်မှု ဖြစ်ပေါ် စေသဖြင့် အခြား လက္ခဏာ များလည်း ဖြစ်ပေါ် တတ်ပါတယ်.. ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားများခြင်း စသည့် အူလမ်းကြောင်း တစ်လျှောက် လက္ခဏာများ၊ သွေးလှည့် ပတ်မှုကို လျော့ကျ စေခြင်းကြောင့် ခြေဖျား လက်ဖျား ဖြူဖတ် ဖြူရော် နဲ့ အေးစက်လာခြင်း၊ အလင်းရောင် နဲ့ ဆူညံသံ ကို မခံ နိုင်ခြင်း၊ အမြင် ဝေဝါး ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်…
  3. စုဖွဲ့ ခေါင်းကိုက်ခြင်း (Cluster Headache)
    • ဒီလို ခေါင်းကိုက်ခြင်း မျိုးဟာ Primary Headache မှာ ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပြီး အမျိုးသား များမှာ ပိုမို ဖြစ်ပွား တတ်ပါတယ်.. ဖြစ်ပွားမှု အများဆုံး အသက် အရွယ် ကတော့ ၂၀-၄ဝ နှစ် ကြား ဖြစ်ပြီး အချို့မှာ ကလေး ဘဝ ကတည်းက စတင် ဖြစ်ပွား တတ်ကြ ပါတယ်.. အများ အားဖြင့် တစ်ခါ ဖြစ်ပွားလျှင် ၁၅ မိနစ်မှ ၄၅ မိနစ် ကြာ နေ့စဉ် ဖြစ်ပွား တတ်ပြီး ရက်သတ္တ ပတ်ပေါင်း များစွာ၊ အချို့မှာ လပေါင်း များစွာ ဖြစ်ပွား တတ်ကြ ပါတယ်.. ဦးခေါင်း တစ်ခြမ်း မျက်စိ တစ်ဖက် တွင်သာ ဗဟိုပြု ကိုက်ခဲ တတ်ပြဲီး နှာခေါင်း ပိတ် နှာရည် ကျခြင်း နဲ့ အတူ မျက်ရည် ကျခြင်းပါ တွဲဖက် ဖြစ်ပွား တတ်ပါတယ်.. ကိုက်ခဲ ခြင်းဟာ ဓား၊ သံ တို့နဲ့ ဦးခေါင်းတွင်း ထိုးသွင်း နေသလို ခံစား ရတတ် ပါတယ်.. ခေါင်းတစ် ခြမ်းကိုက် ခြင်းနဲ့ မတူတဲ့ အချက် ကတော့ ဤစုဖွဲ့ ခေါင်းကိုက် ခြင်းဟာ လဲလျောင်းပါက ပိုမို ဆိုးရွား တတ်ပါတယ်.. ဖြစ်ပွား ရတဲ့ အကြောင်း ရင်းကို သေချာစွာ မသိရ သေးသော်လည်း အိပ်ရေး ပျက်ခြင်း၊ အရက် သောက်ခြင်း နဲ့ နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် သုံးသော နိုက်ထရို ဂလစ် စရင် (Nitroglycerin) ဆေးများ သောက်သုံး ခြင်းကြောင့် ပိုမို ဆိုးရွား လာတတ် ပါတယ်…
အခြားရောဂါတစ်မျိုးမျိုးကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)
ဦးနှောက် အကျိတ် (Brain tumor)၊ ဦးနှောက် အမြှေး ရောင်ရောဂါ (Meningitis)၊ ဦးနှောက် တွင်းသွေး ယိုစီးခြင်း (Intracranial Haemorrhage)၊ ဦးနှောက် သွေးကြော ကျယ်ခြင်း (Cerebral aneurysm)၊ နာတာရှည် ချောင်းဆိုး ခြင်း (Chronic cough)၊ မျက်စိ ရေတိမ် ရောဂါ၊ လေဖြတ် ခြင်း (Stroke)၊ နမိုး နီးယား တုပ်ကွေး ကဲ့သို့ ရောဂါ ပိုးဝင်ခြင်း၊ သွေးတိုး ရောဂါ (Hypertension)သိုင်းရွိုက် ဟော်မုန်း အထွက် လွန်ကဲ သော ရောဂါ (Hyperthyroidism) အစ ရှိသည့် ရောဂါ များကြောင့် လည်း ခေါင်းကိုက် ခြင်း ဖြစ်ပွား တတ်ပါတယ်..

ရောဂါ ရှာဖွေ ရေးအနေ ဖြင့် အဓိက အားဖြင့် ခေါင်းကိုက် တတ်သည့် လက္ခဏာ များကိုသာ မေးမြန်း ရမှာ ဖြစ်ပါတယ်.. ခေါင်းကိုက် ခြင်းသည် တစ်ဖက် တည်း (သို့) နှစ်ဖက် စလုံးလား? ပျို့ခြင်း၊ အန်ခြင်း အလင်းရောင် နဲ့ အသံ ကို မခံ နိုင်ခြင်း ရှိမရှိ? မျက်ရည် ကျခြင်း၊ နှာရည် ယို နှာပိတ် ခြင်း ရှိမရှိ? စစ်ဆေး မေးမြန်း ရမှာ ဖြစ်ပါတယ်.. အခြား ရောဂါ တစ်မျိုး မျိုးကြောင့် ခေါင်းကိုက် ခြင်း ဖြစ်နိုင် ပါက ဆက်လက် စစ်ဆေး ရပါမယ်.. ဦးခေါင်း တွင်းရောဂါ များသိရှိ နိုင်ရန် CT Scan, MRI ၊ ဦးနှောက် အမြှေး ရောင်ခြင်း ကိုသိရှိ နိုင်ရန် Lumbar puncture၊ သိုင်းရွိုက် ဟော်မုန်း အထွက် လွန်ကဲ ခြင်းရှိမရှိ T3,T4,TSH သွေးစစ် ဆေးခြင်း၊ အသည်း လုပ်ငန်း သိရှိရန် Liver Function test၊ ဓာတု ဓါတ်ပစ္စည်း စစ်ဆေး ခြင်း (Electrolyte disturbances) တို့ကို ပြုလုပ် ရမှာ ဖြစ်ပါတယ်..

ရောဂါ ကုသမှု အနေဖြင့် Tension headache ဖြစ်ပါက Aspirin, Paracetamol (Acetaminophen), Ibuprofen, Naproxen အကိုက် အခဲ ပျောက်ဆေး များကို သင့်တော် သလို သုံးစွဲ နိုင်ပါတယ်.. Aspirin, Ibuprofen ဆေးများ ဟာ အစာ အိမ်သွေး ယိုခြင်း ဖြစ်ပွား နိုင်သဖြင့် အစာအိမ်နာ (Peptic ulcer) ရှိသူ များ သတိထား သုံးစွဲ ရမှာ ဖြစ်ပါတယ်.. Paracetamol (Acetaminophen) ဟာလည်း များစွာ သုံးစွဲ ရင် အသည်းကို ထိခိုက် စေနိုင်လို့ အရက် အလွန် အကျွံ သုံးစွဲ သူများ သတိထား ရမှာ ဖြစ်ပါတယ်.. စိတ်ဖိ စီးမှု နည်းအောင် နေထိုင်ခြင်း ဖြင့်လည်း ခေါင်းကိုက် ခြင်း မကြာ ခဏ မဖြစ်ပွား အောင် နေသင့် ပါတယ်.. နှိပ်နယ် ခြင်းဖြင့် လည်း ခေါင်းကိုက် ခြင်းကို သက်သာ စေနိုင် ပါတယ်..

ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဖြစ်ပွားလျှင် Triptans {Sumatriptan (Imitrex), Zolmitriptan (Zomig), Rizatriptan (Maxalt)} စသည့် ဆေးများ ကို ပေးနိုင် ပါတယ်.. ယင်းဆေး များသည် သွေးကြော နှင့် အာရုံ ကြောများ ရှိ ဆီရို တိုနင် ရီစက်ပ်တာ (Serotonin Receptors) များကို တွယ်ကပ် ခြင်းဖြင့် သွေးကြော များကို ကျဉ်းစေပြီး ရောင်ရမ်း မှုကို လျော့စေ ခြင်းဖြင့် ကိုက်ခဲ ခြင်းကို သက်သာ စေပါတယ်.. ထိုးဆေး၊ သောက်ဆေး၊ ရှူဆေး များအနေဖြင့် ထုတ်လုပ် ထားပြီး ပထမ ဦးစား ပေးဆေး အနေဖြင့် သတ်မှတ် ထားပါတယ်.. ယင်းဆေး များရဲ့ ဆိုးကျိုး များအနေ ဖြင့် သွေးကြော ကိုကျဉ်း စေသည့် အတွက် နှလုံး သွေးကြော ကျဉ်းရောဂါ ရှိသူများ၊ လေဖြတ် ရောဂါ ရှိသူများ၊ ခြေထောက် သွေးကြော ကျဉ်းရောဂါ ရှိသူများ အနေဖြင့် သုံးစွဲ ရန် မသင့် တော်ပေ.. နောက် တစ်မျိုး အနေဖြင့် Ergots (Migranal, DHE-45), (Ergomar, Wigraine, and Cafergot) ဆေးများ ကို သုံးစွဲ နိုင်ပါတယ်.. ယင်းအုပ်စု ဆေးများ ဟာ နှလုံးနှင့် ခန္ဓာကိုယ် အားလုံးရှိ သွေးကြော များကို အချိန် ကြာမြင့် စွာ ကျဉ်းစေ သောကြောင့် Triptans ဆေးလောက် စိတ်ချ ရမှု နည်းပါး ပါတယ်.. ပျို့ခြင်း၊ အန်ခြင်း ပိုမို ဖြစ်ပွား စေပြီး ကိုယ်ဝန် ဆောင်မိခင် များ အနေဖြင့် သုံးစွဲ ပါက သားအိမ် ကို တာရှည် ညှစ်ခြင်း ဖြစ်စေတဲ့ အတွက် သားပျက် သားလျှောခြင်း ဖြစ်တတ် ပါတယ်.. Midrin ဆေးသည် သွေးကြော ကျဉ်းစေတဲ့ isometheptene, ကိုက်ခဲ ခြင်း သက်သာ စေတဲ့ acetaminophen, အနည်းငယ် အိပ်ချင် စေတဲ့ dichloralphenazone ဆေးများ ပေါင်းထား တဲ့အတွက် ခေါင်း တစ်ခြမ်း ကိုက်ခြင်း နဲ့ Tension Headache တို့တွင် သုံးစွဲ နိုင်ပါတယ်.. ခေါင်း တစ်ခြမ်း ကိုက်ခြင်း တွင် ပျို့အန်ခြင်း ဆိုးရွား ပါက Triptans , Ergots ဆေးများ နဲ့ အတူ အအန် ပျောက်ဆေး Antiemetics {prochlorperazine (Compazine) or metoclopramide (Reglan)}များနဲ့ တွဲဖက် ပေးနိုင် ပါတယ်..

စုဖွဲ့ ခေါင်းကိုက် ခြင်းဖြစ် ပွားလျှင် အောက်ဆီ ဂျင် (inhalation of high concentrations of oxygen) ပေးရ ပါမယ်.. ခေါင်းတစ်ခြမ်း ကိုက်ရောဂါ အတွက် သုံးသော Sumatriptan (Imitrex), Zolmitriptan (Zomig), Rizatriptan (Maxalt) စသည့် ထိုးဆေး၊ သောက်ဆေး၊ ရှူဆေး များ ပေး နိုင်ပါတယ်.. သွေးကြော ကိုကျဉ်း စေတဲ့ Dihydroergotamine (DHE, Migranal) ဆေးကို လည်း ပေးနိုင် ပါတယ်..

စိတ်ဖိ စီးမှု (stress), အိပ်ရေး ပျက်ခြင်း (sleep disturbances), အဆာ လွန်ခြင်း (fasting), ဟော်မုန်း ပြောင်းလဲမှု (hormone changes), စူးရှ အလင်းရောင် (သို့) တဖျတ်ဖျတ် ခတ်နေသော မီး (bright or flickering lights), ဆိုးရွား တဲ့ အနံ့ အသက် (odors), စီးကရက် သောက်ခြင်း (cigarette smoke), အရက် သောက်ခြင်း (alcohol), သက်တမ်း လွန် ဒိန်ခဲ စားခြင်း (aged cheeses), ချောကလက် (chocolate), ဟင်းခတ် အချိုမှုန့် (monosodium glutamate), နှလုံး သွေးကြော ကျယ်ဆေး များ (nitrites), aspartame, ကဖင်း ဓါတ် (caffeine) များဟာ ခေါင်း တစ်ခြမ်း ကိုက်ခြင်းကို ဖြစ်ပေါ် စေသဖြင့် အထူး ရှောင်ရှား ရပါမယ်..

One comment

  • Pyaung Gye

    August 24, 2010 at 6:44 pm

    ကျမ္မာရေး ဗဟုသုတလေး ကောင်းတယ်ဗျာ

    Reply

Leave a Reply to Pyaung Gye Cancel Reply

Your email address will not be published.