အသုံးချခံ မီဒီယာ မဖြစ်စေလိုပါ

zaw mgAugust 20, 20101min04

အသုံးချခံ မီဒီယာ မဖြစ်စေလိုပါ

|

အယ်ဒီတာခင်ဗျား …

အခုနောက်ပိုင်းမှာ အရည်အချင်းရှိတဲ့ အစိုးရဝန်ထမ်းအရာရှိတွေကို သူတို့နဲ့မတည့်တဲ့ အစိုးရဝန်ထမ်းတွေ၊  စီးပွားရေးသမားတွေက နိုင်ငံခြားမီဒီယာတွေကို အသုံးချပြီး နာမည်ဖျက်နေတာတွေ၊ တိုင်စာပို့နေတာတွေ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖြစ်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ လပိုင်းလောက်က နိုင်ငံခြား မီဒီယာတွေမှာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာအကြောင်း မဟုတ်တဲ့ သတင်းတွေကို ဌာနဆိုင်ရာ ဝန်ထမ်းအရာရှိတွေနဲ့ သူတို့နဲ့ ရင်းနှီးပတ်သက်တဲ့ စီးပွားရေးသမားတွေက ပေးပို့ခဲ့ကြပါတယ်။

တကယ်တော့ အဲဒီ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ပုသိမ်ကို မရောက်ခင်က အရင် မြို့နယ်အင်ဂျင်နီယာ လက်ထက်က ဒေသခံ စီးပွားရေးသမားတွေ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းပိုင်ရှင်တွေနဲ့ ပေါင်းပြီး လျှပ်စစ် ခိုးယူသုံးစွဲမှုတွေ မသမာတဲ့နည်းနဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေ၊ ရပ်ကွက်နေအိမ်တွေမှာ မီးအား အလွန်အမင်း ကျဆင်းမှုတွေ အများကြီးပါပဲ။ စက်ရုံအလုပ်ရုံ၊ ဟော်တယ်ကြီးတွေ၊ အစိုးရဌာနပိုင် စစ်တပ်ပိုင် လုပ်ငန်းတွေ တလလုံးမှ မီတာခ ထောင်ဂဏန်း၊ သောင်းဂဏန်းပဲ ပေးဆောင်ပြီး မီတာခိုးယူသုံးစွဲမှုတွေက တမြို့လုံးနီးပါးပါပဲ။ ဒါပေမဲ့ တိုင်တန်းမှု၊ အရေးယူမှု တစုံတရာ မရှိခဲ့ပါဘူး။

မြို့/ယာအသစ် ရောက်လာတော့မှ လျှပ်စစ်ဝါယာကြိုး သွယ်တန်းမှုတွေ စနစ်တကျ ဆောင်ရွက်လာတယ်။ မီတာခိုးယူသုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်လာပါတယ်။

ရပ်ကွက် နေအိမ်ဘက်တွေမှာလည်း လျှပ်စစ်မီး စနစ်တကျ ရရှိပြီး မီးအားတွေ ကောင်းလာပါတယ်။ အဲဒါကို အရေးယူခံရတဲ့ စီးပွားရေးသမားတွေထဲမှာ မကျေနပ်တဲ့ စီးပွားရေးသမားတွေ၊ လူကြီးတွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတွေနဲ့၊ မတည့်တဲ့ ဝန်ထမ်းတွေက မဟုတ်တဲ့ သတင်းတွေကို နိုင်ငံခြားမီဒီယာကို ပေးပို့ခဲ့ကြတာပါ။

နောက်ပြီး ဆက်သွယ်ရေးနဲ့ ပတ်သက်လို့လည်း မဟုတ်တဲ့ သတင်းတွေ ပေးပို့ကြပါတယ်။ လက်ရှိ တိုင်းဆက်သွယ်ရေး မန်နေဂျာလက်ထက်မှာ ပုသိမ်မြို့မှာ ဖုန်းချပေးတာ ယူနိုင်တဲ့သူတောင် မရှိတဲ့ အခြေအနေထိ ဖြစ်သွားပါတယ်။ သူရောက်လာကတည်းက ဖုန်းချပေးတဲ့အပိုင်းမှာ ဆက်သွယ်ရေးက ကိုင်ရမယ်လို့ ပြောကြောင်း ဆက်သွယ်ရေး ဝန်ထမ်းတွေကတဆင့် သိရပါတယ်။

သူဆိုလိုတာက နေရာတိုင်း၊ ဒေသတိုင်းမှာ ဖုန်းလိုချင်တဲ့သူက များပြီး ဆက်သွယ်ရေးက ချပေးတာ နည်းနေပါတယ်။ သူ့လက်ထက်မှာ ချပေးခဲ့တဲ့ ကြိုးဖုန်းတွေ CDMA ဖုန်းတွေ မနည်းပါဘူး။ တိုင်းဌာနက ကောက်ခံတဲ့ ရန်ပုံငွေကလွဲပြီး ဆက်သွယ်ရေးက သီးခြား ကောက်ခံတဲ့ငွေ မရှိတော့ ပြင်ပဈေးကွက်မှာ ဖုန်းဈေးကွက်က ပျက်သွားတဲ့ အနေအထားအထိ ဖြစ်သွားပါတယ်။ ဖုန်းဝယ်ရောင်းတွေ ပွဲစားတွေ အလဲလဲအကွဲကွဲ ရှုံးကြပါတယ်။ အဲဒီမှာ မကျေနပ်တဲ့ ဖုန်းဝယ်ရောင်းသမားတွေက မဟုတ်တဲ့ သတင်းတွေ လွှင့်ကြတာပါ။

တကယ်တော်တဲ့၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေလည်း အစိုးရဌာနတွေမှာ ရှိကြပါတယ်။ ဒါပေမဲ့ အကျင့်မကောင်းတဲ့ ဝန်ထမ်းတွေ၊ သူတို့နဲ့ပတ်သက်တဲ့ သူတွေကြောင့် အခုလို အမျိုးမျိုး မဟုတ်မှန်တဲ့ သတင်းတွေ၊ အကောက်ကြံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုမဟုတ်မှန်တဲ့ သတင်းတွေကို ဘယ်သူပဲဖြစ်ဖြစ် မှန်ကန်မှု အတည်မပြုနိုင်ဘဲ မပြောဆို မရေးသားသင့်ပါဘူး။

စီးပွားရေးသမား အနေနဲ့လည်း မသမာလောဘစိတ်ထားပြီး ကိုယ်တဦးတယောက် အကျိုးအတွက်နဲ့ အခြားသူတဦး ထိခိုက်အောင် မလုပ်သင့်ပါဘူး။

ဒီလိုသာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို လုပ်ကြံရေးသား ပြောဆိုမှုကြောင့် ဆုံးရှုံးရရင် ဒေသအနေနဲ့ အလွန်နစ်နာပါတယ်။ သတင်းဌာနတွေအနေနဲ့လည်း အဆိုပါသတင်းနဲ့ ပတ်သက်ပြီး အရည်အချင်းရှိတဲ့၊ ဝန်ထမ်းတွေ နစ်နာမှုရှိတဲ့အတွက် မှန်ကန်မှု ရှိမရှိ စုံစမ်းပြီး အမှန်အတိုင်း ပြန်လည် ထုတ်လွှင့်စေချင်ပါတယ်။

(အခြား ပြည်ပသတင်းဌာနများသို့ပါ မိတ္တူပေးပို့သော စာဖြစ်သည်။)

ပုသိမ်မြို့ခံတဦး
ဧရာဝတီတိုင်း

4 comments

  • chitsayar

    August 20, 2010 at 5:20 pm

    ကောသလမင်း အိမ်မက်ထဲမှာလေ ဘာလဲဆိုတော့
    ကောသလမင်း အိမ်မက်ထဲမှာပါဘဲ
    ကိုယ်ကသူများထက်ထူးပြီး ရိုးသားတာကိုး
    ဟီဟိ

    Reply

  • moethidasoe

    October 15, 2010 at 5:05 am

    တကယ်က မီဒီယာကို အခြားလူတွေက အသုံးချတာမဟုတ်ဘူး .. တချို့တချို့သော မီဒီယာ သမားများကိုယ်တိုင်က အာဃာတတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ချင်တာ များလို့ ရေးကြတာကနေ .. သူ့ကို အသုံးချချင်သူတွေကလဲ အဲဒီခြေရာအတိုင်း လိုက်နင်းကြတော့ .. သူ့ကျတော့ ထည့်ပေးတယ် .. ငါ့ကျတော့ မထည့်ပေးဘူး ဖြစ်လာမှာ ကြောက်လို့ အမှားပေါ် အမှား ထပ်သွားတာပါ ..

    Reply

  • etone

    October 15, 2010 at 7:14 am

    ပုသိမ်က ဘာသတင်းတွေလဲ ဖတ်တောင်မဖတ်ဖြစ်ခဲ့ဖူးဘူး ။

    Reply

  • winkyawaung

    October 15, 2010 at 7:25 am

    မီဒီယာသည် ပြည်သူ့ကောင်းကျိုုးအတွက် ဆောင်ရွက်နေကြသော ပြည်သူ့ဘက်တော်သားများမှာ% က ပိုများကြပါတယ်..။ နှစ်ဖက်ချွန် လုပ်စားနေကြတဲ့ လူတစ်စု မီဒီယာသမားများကြောင့် မီဒီယာကို မီဒီယာဖြင့်ပြန်တိုက်မယ် ဆိုသူများကြောင့်… သတင်းသမားများအာလုံး၊ သတင်းမီဒီယာတစ်ခုလုံးကိုတော့ နာမည် ပျက်အောင် မဆိုသင့်ပါ..။

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.