အဆောက်အဦပျက်ကြားမှ စကားပြောခြင်း

manawphyulayAugust 28, 20101min02

အေးချမ်းတည်ငြိမ်နေတဲ့
ကျွန်မတို့ရဲ့ဝန်းကျင်မှာ
ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ
ရောက်ရှိလာခဲ့တယ်နော်…
ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ်

သစ်ပင်ပန်းမန်တွေနဲ့
စည်ကားနေတဲ့
ကျွန်မတို့နေရာကို
လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။

နာဂစ်ဆိုတဲ့ လေမုန်တိုင်း
လေမုန်တိုင်းကို ဟန့်တားထားတဲ့
တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင် ဆုတ်ဖြဲပစ်လိုက်တယ်
မယုံကြည်နိုင်ခဲ့ဘူး။

အခုတော့…
စည်းစနစ်ကျနမှုနံရံ
ပြိုလဲ့ခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအတွေ အာလို့
မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ
ရှင် ဖန်တီးခဲ့တယ်။

ရှင့်ကြောင့်
အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ
ခုတော့…
အများသူငါ လေတိုက်မှာတောင်
ကြောက်နေကြတဲ့ဘဝမျိုးရောက်အောင်
ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး
အခြားမရှိတော့ပြီပေါ့…

ဝန်းကျင်တကာမှာ
အပိုင်းပိုင်း အပြတ်ပြတ်နဲ့
သစ်ပင်တွေ ပြိုလဲနေပြီး
အိမ်တွေ ပျက်စီးနေတဲ့
မြင်ကွင်းမျိုးကို
ကျွန်မရှေ့မှာ
ဘောင်ခတ်ပစ်ချင်ပြီ

ခု…
အရာအားလုံးဟာ
အော့နှလုံးနာစရာဖြစ်ခဲ့ရပြီ
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
‘ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ…

2 comments

  • kopauk mandalay

    August 28, 2010 at 11:35 am

    ရေကတော့ရေပါဘဲ
    ရေကို ရေလိုမနေအောင် ဘယ်သူတွေဖန်တီးခဲ့ပါသလဲ။

    လေကတော့ လေပါဘဲ
    လေကိုလေလိုမနေအောင်ဘယ်သူမြှောက်ပေးခဲ့ပါသလဲ။

    မြေကတော့ မြေပါဘဲ
    မြကိုမြေလိုနေလို့မရအောင် ဘယ်သူတွေဖျက်ဆီးခဲ့ပါသလဲ။

    သူ့ဘာသူနေတဲ့မြေကို တူးဆွလို့ ထားခဲ့ကြတယ်။
    အဲတော့ နာတယ်ဆိုရင်လှုပ်တာပေါ့။
    လှုပ်တော့ ပြိုတာပေါ့။
    ပြိုတော့အော်တာပေါ့ မြေကြီးကရက်စက်တယ်လို့။

    သစ်ပင်တွေကို အလကားနေရင်းခုတ်တယ်။
    ခုတ်တော့ပူတာပေါ.။
    ပူတော့ အေးအေးနေတတ်တဲ့သူတွေကမနေနိုင်တော့ ပျော်ဆင်းလာတာပေါ့။
    ပျော်ဆင်းလာတော့ အကုန်ဆွဲချတာပေါ့။
    အကုန်ဆွဲချတော့ ပါကုန်တာပေါ့။
    ပါတော့ ဝိုင်းအာတာပေါ့။
    ရေကဆိုးတယ်လို့။

    အပင်တွေမရှိတော့ ပူတာပေါ့။
    ပူတော့ပွတာပေါ့။
    ပွတော့လေတွေတိုက်တာပေါ့။
    လေတွေတိုက်တော့ အကုန်ပြိုတာပေါ့။
    ပြိုမှတော့ လဲတာပေါ့။
    လဲတော့ အပြစ်တင်တာပေါ့။
    လေရက်စက်တယ်လို့။

    သက်မဲ့ဖြစ်တဲ့ မြေရေလေ လှုပ်အောင် ဘယ်သူက အရှုပ်ထုပ်တွေသယ်လာသလဲ
    ပြန်ဘဲပြန်စဉ်းစားကြပါအုံး အရပ်ကတို့ရေ။

    Reply

  • manawphyulay

    August 28, 2010 at 12:00 pm

    ဘာမှ မစဉ်းစားချင်ဘူး။ ဘာမှလည်း မသိချင်တော့ဘူး။ ပြန်စဉ်းစားရင် ရူးသွားမလားပဲ…………

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.