ဩဂုတ်လ ၁ဝ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စည်ပင်အိမ်ရာ မီးလောင်မှု ဖြစ်ပွားခဲ့

etoneAugust 17, 20101min05

ဩဂုတ်လ ၁ဝ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စည်ပင်အိမ်ရာ မီးလောင်မှု ဖြစ်ပွားခဲ့

ရန်ကုန်မြို့တွင် ဩဂုတ်လ ၁ဝရက်နေ့ ညပိုင်းတွင် အင်းစိန်မြို့နယ်ရှိ စည်ပင်အိမ်ရာနှင့် ကျူးကျော်နေသည့် အိမ်များ

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အချိန်တစ်နာရီအကြာတွင် ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ်၏ မီးဖိုဆောင်တွင်လည်း မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းရှိ မြို့တော်စည်ပင်
ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ၊ လိုင်း(၃)၊ လိုင်း(၄)၊ လိုင်း(၅) စုစုပေါင်း
အခန်း ၁၈ ခန်းနှင့် အဆိုပါ ဝန်ထမ်းအိမ်ရာနှင့် အနီးအနားရှိ ကျူးကျော်အိမ်
၂ဝ ဝန်းကျင်ခန့် မီးလောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ညနေ ၆ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၆
နာရီ ၃ဝ မိနစ် အချိန်တွင် မီးညွန့်အား ထိန်းနိုင်ခဲ့ရာ ၆ နာရီ ၅ဝ မိနစ်တွင်
မီးငြိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်သို့ ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးမှ မီးသတ်ကား အစီးရေ ၃၂ စီးနှင့် အုပ်ချုပ်မှုယာဉ် ၉ စီးခန့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကို စတင်လောင်ကျွမ်းခဲ့သည့် အခြေအနေကို
မျက်မြင်ကြုံတွေ့ခဲ့ရသူ အသက် ၃၆ နှစ်အရွယ်ရှိ ကိုမျိုးသန့်မှ ”စဖြစ်တဲ့
အချိန်မှာ ကျွန်တော်တို့တွေက မီးစလောင်တဲ့ လိုင်း ၃ ထောင့်စွန်းက
အခန်းအနီးမှာ ဘောလုံးကန်နေတာပါ။ ကျွန်တော်စတွေ့တဲ့ အချိန်မှာ အဲဒီအခန်းက
သော့ခေတ်ထားတယ်။မီးခိုးငွေတွေ ထွက်နေ့တာကို တွေ့ရတယ်။ ကျွန်တော်တို့က
ဘာဖြစ်နေလဲ သိချင်တာနဲ့ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တာနဲ့ မီးလုံးကြီးက
ထိုးထွက်လာပါတော့တယ်။ ဒါနဲ့ ပတ်ဝန်းကျင်ကို မီးလောင်နေတယ်လို့
အော်ပြောလိုက်ပါတယ်။”ဟု အတွေ့အကြုံကို ပြောပြခဲ့သည်။

အလားတူ အောင်ဆန်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကလည်း
”ကျွန်တော်တို့ရပ်ကွက်က တော်တော်လေး ကံကောင်းပါတယ်။ စဖြစ်တဲ့အချိန်မှာ
မီးညွန့်က အုန်းပင်တစ်ပင်ကျော်အထိ တက်နေတာကို တွေ့ရတယ်။လေက ရပ်ကွက် ဘက်ကို
မတိုက်ဘဲနဲ့ စည်ပင်အိမ်ရာ အနောက်ဘက်က မီးရထားသံလမ်းဘက်ခြမ်းကို
တိုက်ခဲ့လို့ ကျူးကျော်အိမ်တွေ ပါကုန်တာပါ။ ကျွန်တော်တို့ ရပ်ကွက်ဘက်ကိုသာ
လေကတိုက်မိခဲ့မယ်ဆိုရင် မတွေးမိစရာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်က
အိမ်တွေအကုန်နီးပါးက ပျဉ်ထောင်အိမ်တွေ ဖြစ်တယ်။တစ်ချို့လမ်းတွေဆိုရင်
မီးသတ်ကား တစ်စီးစာတောင် ဝင်လို့မရပါဘူး”ဟု သုံးသပ်ပြောကြားခဲ့သည်။

ယင်းမီးလောင်မှုဖြစ်စဉ်အား ပ ၁၇၆၄၊ ၂၀၁ဝ ပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် စည်ပင်ဝန်ထမ်း အိမ်ထောင်စု ၂၄ စု၊အခြား အိမ်ထောင်စု ၂၄
စု၊ လူဦးရေ ၁၈ရ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ပြီး
အင်းစိန်မြို့နယ်အတွင်းရှိ မဟာမြိုင် ဘုန်းကြီးကျောင်းနှင့်
ကန်ဦးစာသင်တိုက်ကျောင်းကို ကယ်ဆယ်ရေးစခန်း အဖြစ် ယာယီပြုလုပ်ထားကြောင်း
သိရှိရသည်။

5 comments

  • zawana

    August 17, 2010 at 5:09 am

    အင်း .. မြို့တော် စည်ပင် က အိမ်ယာတောင် မီးလောင်တယ်ဆိုတော့ နောက်ဆို မီးသတ်တပ်ဖွဲ့က အိမ်ယာတွေတောင် မီးလောင်မလား မသိဘူး။

    Reply

  • Pyaung Gye

    August 17, 2010 at 5:10 am

    မိုးတွင်းမို့တော်သေးတာ

    Reply

  • Yin Nyine Nway

    August 17, 2010 at 5:31 am

    ဟုတ်တယ် မိုးရွာနေလို့တော်သေးတယ်
    14 ရက်နေ့တုန်းကလည်း ဘားလမ်းမှာ မီးလောင်တယ်ပြောတယ်
    အဲယားကွန်း ကနေစတာလို့ ဆိုပါတယ်

    Reply

  • manawphyulay

    August 17, 2010 at 6:21 am

    သတင်းထဲမှာ ကလေးနှစ်ယောက် မီးထဲပါသွားတာ မပါဘူးနော်။

    Reply

  • thihayarzar

    August 17, 2010 at 7:38 am

    စည်ပင်ကဆိုတော့ စည်းကမ်းရှိကြမှာပေါ့နော် ….. သူတို့ကစပြီးစည်းကမ်းမရှိရင် ကျန်လူတွေ ဘယ်နဲ့လုပ်မလဲ ….

    Reply

Leave a Reply to thihayarzar Cancel Reply

Your email address will not be published.