လူ့ ဘဝနေပျော်ဖို့ . . . . .

Yin Nyine NwayAugust 15, 20101min05

ရိုးရိုးလေးပါ…

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
(ဟုတ်တယ်..အဲဒီစိတ်ကလေး မွေးသင့်ပါတယ်)

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
(ကိုယ်.. လိုက်နာမှ ဖြစ်မယ်။ ထစ်ကနဲဆို ..စိတ်က ဆိုး စိတ်လိုက်မာန်ပါလုပ်မိလို့.. )

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကနာ္တရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘဝမှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ကိုယ်..လိုက်နာဖို့..အချက်တွေ။
အားလုံး ပျော်ရွှင်စေချင်ပါတယ်။

5 comments

  • laaminnthar

    August 15, 2010 at 12:37 pm

    ကျေးဇူးတင်ပါတယ်ဗျာ အတုယူစရာတွေ စိတ်ပိုင်းဆိုင်ရာ
    ပြုပြင်မှုတွေ လုပ်ဖို့ သတိပေးနေသလိုပဲ

    Reply

  • bolay

    August 15, 2010 at 2:05 pm

    နေတတ်ရင်တော့ ကျေနပ်စရာကြီးပါပဲ….

    Reply

  • kopauk mandalay

    August 15, 2010 at 3:29 pm

    သိပ်ကိုမှန်ပါတယ်။
    ကျနော်တို့အားလုံးကို တကယ်ဒုက္ခပေးနေတာက ပိုင်ဆိုင်လိုတဲ့ စိတ်က ရင်းခံလာတဲ့လိုချင်တပ်မက်မူ့ပါ။
    ဟိုဟာလေးဖြစ်ချင်တယ် ဖြစ်မလာတော့စိတ်ညစ်။
    ဒီဟာလေးရချင်တော့ ရဘို့ကြိုးစားပါတယ်။
    ရပြန်တော့ ဟိုဟာလေးကိုဆက်လိုချင်ပါတယ်။
    လောဘရှိရင် အလိုမပြည့်ဘူး။
    အလိုမပြည့်တော့ အလိုမကျဘူး။
    အလိုမကျတော့ စိတ်တို။
    စိတ်တိုတော့ ဒေါသဖြစ်။
    သိတော့သိပေမယ့်လည်း မဆင်ခြင်နိုင်လို့ အမှားတွေအများကြီးကို မလိုချင်ဘဲလက်ခံလိုက်ရပါတယ်။
    အခုလိုပြောပေးတာကိုတော့ကျေးဇူးပါနော်။

    Reply

  • alfred

    August 15, 2010 at 5:46 pm

    မှန်ပါတယ်။ ပျော်ပျော်နေသေခဲပါ။ ကိုယ့်ရှိတာလေးနဲ့ ရောင့်ရဲနိုင်တာအကောင်းဆုံးပါပဲ။ မရောင့်ရဲနိုင်တောင် ကြိုးစားပြီးလုပ်ကြည့်မဖြစ်လာရင်လည်း အကောင်းဘက်က မြင်တတ်ရင်လည်းကောင်းပါတယ်။ အကောင်းမမြင်တတ်ရင် နေပျော်ဖို့က ခဲယဉ်းသွားပါပြီ။ လူတကာကိုလည်း မကောင်းဘက်က အရင်ကြည့် လူမှုဆက်ဆံရေးတွေ ကျဆင်းလာမှာ မလွှဲပါ။

    Reply

  • bigcat

    August 16, 2010 at 4:44 am

    အေးဗျာ၊ ကျွန်တော်လည်း အင်တာဗျူးသွားလို့ အခွင့်အခါကြုံတိုင်း အမှိုက်ကောက်ပါတယ်။ သူဌေးတွေက မမြင်လို့အမှိုက်ပဲကောက်ပြီး ပြန်ခဲ့ရတာကြီးပါပဲ။ ဒီလိုပါပဲ သူများတွေကလမ်းသွားရင် အောက်ကြည့်သွား၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေခဏခဏ ကောက်ရတယ်ပြောလို့ သတိထားပြီးအောက်ငုံ့သွားတာ အမှိုက်တွေပဲတွေ့လို့ လက်လျော့လိုက်ရတယ်။ တခါကတော့ သူများကောက်ရတဲ့ ဆဲလ်ဖုံးလေးကို တာဝန်ယူဆက်သွယ်ပေးမဲ့သူ မရှိလို့ မောင်ကောက်ရ လုပ်ပြီး ပိုင်ရှင်ရဲ့ဆန္ဒအတိုင်း စာတိုက်ကနေ priority mail နဲ့ပို့ပေးလိုက်တာ စာပို့ခမပြောနဲ့ ဖုံးတောင်ပြန်ဆက်ဖေါ်မရဘူး၊ ဖုံးခေါ်ကြည့်လိုက်တော့မှ လွန်ခဲ့တဲ့အပတ်ကရတယ်တဲ့။ စာပို့ခကတော့ ဆုံးသွားပါတယ်။ ခရီးစရိတ်က ပို့ခထက်အဆမတန် များနေလို့ အမျှဝေခဲ့ပါရတယ်။ ဘယ်တတ်နိုင်မလဲ စေတနာသည် ကံပေါ့နော်။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.