အမှိုက်

etoneAugust 14, 20101min08

တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။

တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် ရင်တမမနဲ့ လိုက်ခဲ့ရပါတယ်။

နောက်တစ်နေ့မှာလဲ နိုင်ငံခြားက ပြန်လာမဲ့ သူငယ်ချင်းတစ်ယောက်ကို သွားကြိုဖို့ လေဆိပ်ကို အခြားတက္ကစီကားလေး တစ်စီးငှားပြီး ကျွန်တော် သွားခဲ့ပါတယ်။ လေဆိပ်ထဲအဝင် လမ်းကြောင်းလေး အတိုင်း ကားမောင်းဝင်လာနေတုံးမှာ မမျှော်လင့်ဘဲ ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးက စည်းမဲ့ကမ်းမဲ့ ကျွန်တော်တို့ကားရှေ့ကို ဖြတ်ထွက်လိုက်ပါတယ်။ ကျွန်တော့် တက္ကစီဒရိုင်ဘာက ကားဘရိတ်ကို ဆောင့်နင်းပြီး ကားကို ဘယ်ဘက်ကွေ့ချလိုက်တာမို့ ခေါင်းချင်းဆိုင် ဝင်လာတဲ့ ကားနဲ့ မတိုက်မိဘဲ ပွတ်ကာ သီကာလေး လွတ်ထွက်သွားပါတယ်။

လမ်းကြောင်းမှားပြီး စည်းကမ်းမဲ့ မောင်းတဲ့ တစ်ဘက်ကားသမားက ကားထဲကနေ ခေါင်းအပြင်ထွက်ပြီး ကျွန်တော့်ကား ဒရိုင်ဘာကို နင်ဘဲငဆ အော်ဆဲပါတယ်။ လက်ဟန်အမူအယာတွေနဲ့လဲ နိုင်ငံခြားရုပ်ရှင်ကား ထဲက လမ်းသရဲတွေစတိုင်နဲ့ မိုက်မိုက်ရိုင်းရိုင်းလုပ်ပြပါတယ်။ ကျွန်တော် တော်တော် ဒေါသဖြစ်သွားပေမဲ့ ကျွနတော့်တက္ကစီ ဒရိုင်ဘာက သူမမှားဘဲနဲ့ (သူမှန်နေရဲ့သားနဲ့) ပြုံးပြီး တစ်ဘက်ကားသမားကို တောင်းပန်တဲ့အနေနဲ့ လက်ပြန်ပြနေပါတယ်။

သူပြုံးတာက သရော်ပြုံး၊ လှောင်ပြုံး၊ မထိတထိပြုံး၊ မချိပြုံး၊ အပေါ်ယံအပြုံး မဟုတ်ပါဘူး။ တကယ့်ကို စိတ်ထဲက နှစ်နှစ်ကာကာ တောင်းပန်တိုးလျှိုးခြင်း၊ ခင်မင်ရင်းနှီးခြင်း၊ ခွင့်လွှတ်အသနားခံခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေ ပါနေပါတယ်။

ကျွန်တော် နားမလည်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ မနေ့က စီးလာတဲ့ တက္ကစီသမားနဲ့ တခြားစီပါဘဲ။ ခင်ဗျား သူ့ကို ဘာဖြစ်လို့ ပြုံးပြပြီး တောင်းပန်နေရတာလဲ။ ခင်ဗျား မှားတာမဟုတ်ဘူး။ သူမှားတာလေ။ ဘုရားမလို့ ကျုပ်တို့နှစ်ယောက် ဆေးရုံမရောက်တာ။ ဒီလူ တော်တော် မိုက်ရိုင်းတဲ့လူဘဲ – လို့ ကျွန်တော် မေးလိုက်မိတဲ့ အထိပါဘဲ။ အဲဒီအချိန်မှာ တက္ကစီဒရိုင်ဘာ ပြန်ပြောတဲ့ စကားက ကျွန်တော့်ကို သင်ခန်းစာ တွေ အများကြီး ပေးသွားပါတယ်။ သူက –

ဟုတ်ပါတယ်။ ကျွန်တော်လုံးဝ မမှားပါဘူး။ သူမှားတာပါ။ ဘာဖြစ်လို့ သူမှားရသလဲ ဆိုတော့ သူ့ဆီမှာ အမှိုက်တွေအများကြီးပါတဲ့ အမှိုက်ပုံးတစ်ပုံး ရှိပါတယ်။ အဲဒီအမှိုက်ကို သူက ကျွန်တော်တို့ဆီ သွန်ပစ်ချင် နေတယ်။ လူတစ်ယောက်ယောက်က သူ့အပေါ် အမှိုက်သွန်ပစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သူ့အပေါ်က အမှိုက်ကို သူ ကျွန်တော်တို့အပေါ် ပြန်သွန်ပစ်ချင်နေတာဗျ။

ဒီနေ့ လောကကြီးထဲမှာ သူ့လို အမှိုက်တွေအများကြီး သယ်ပိုးထားတဲ့သူတွေ အများကြီးရှိပါတယ်။ အမှိုက်ပုံး လူသားတွေ ပေါ့ဗျာ။

အချည်းနှီးသော အရာတွေနဲ့ ပြည့်နေတဲ့ အမှိုက်ပုံး၊ ဒေါသအမှိုက်ပုံး၊ လောဘ အမှိုက်ပုံး၊ စိတ်ဓါတ်ကျတဲ့ အမှိုက်ပုံး၊ ရန်လိုတဲ့ အမှိုက်ပုံး၊ အပြစ်တင်လိုတဲ့ အမှိုက်ပုံး စတဲ့ စတဲ့ အမှိုက်တွေပေါ့ဗျာ။ ဒီတော့ ဒီလူတွေက အဲဒီ အမှိုက်တွေကို လွှင့်ပစ်ချင်နေကြတယ်။ လွှင့်ပစ်ဖို့နေရာ လိုက်ရှာနေကြတယ်။

ခုနကလူကလဲ သူ့ရဲ့ ဒေါသအမှိုက်ကြီးကိုပစ်ဖို့ နေရာရှာတာ ကျွန်တော်တို့ကို တွေ့သွားလို့ လိုက်ပစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ အမှိုက်ကို ကျွန်တော်မယူပါဘူး။ ပြုံးပြုံးလေး တုံ့ပြန်လိုက်ပါတယ်။ သူ့အမှိုက်က သူ့ခေါင်းပေါ် ပြန်ကျသွားပါတယ်။ သူဆဲသလိုသာ ကျွန်တော်ပြန်ဆဲလိုက်ရင်၊ သူမိုက်ရိုင်းသလိုသာ ကျွန်တော် ပြန်မိုက်ရိုင်းလိုက်ရင် သူ့အမှိုက်က ကျွန်တော့်ခေါင်းပေါ် ရောက်လာမှာ။

အဲဒီအခါကျရင် ကျွန်တော်ကလည်း ခေါင်းပေါ်ရောက်လာတဲ့ အဲဒီအမှိုက်ကို တစ်နေရာရာမှာ ပစ်ဖို့နေရာ လိုက်ရှာမိလိမ့်မယ်။ ကားသမား အချင်းချင်းအပေါ်။ ခရီးသည်အပေါ်၊ ကားပိုင်ရှင်အပေါ် အမှိုက်ပြန်ပစ်ချင် ပစ်မိလိမ့်မယ်။

နောက်ဆုံး ဘယ်သူ့အပေါ်မှာမှ ပစ်စရာနေရာရှာမတွေ့ရင် အဲဒီအမှိုက်က အိမ်အထိပါလာပြီး အိမ်က ဇနီး၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမတွေ အပေါ် ပစ်ပုံချမိလိမ့်မယ်။

အခုတော့ ကျွန်တော့်မှာ ဘာအမှိုက်မှ မယူမိခဲ့လို့ ဘာအမှိုက်မှာ ပစ်စရာမရှိဘူးဗျ တဲ့။ ဘဝဆိုတာ တိုတိုလေးပါ။ ခင်ဗျားအပေါ် ကောင်းတဲ့သူတွေကို ချစ်ပါ။ မကောင်းတဲ့သူတွေ အတွက် ကောင်းလာအောင် ဆုတောင်းပေးပါ။

(ဝန်ခံချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်မှန် သက်သေခံချက်နှင့် The Law of the Garbage Truck အားဆီးလျော်အောင် မြန်မာဘာသာသို့ ပြန်ဆိုကာ ရောစပ်ရေးသားထားခြင်း ဖြစ်ပါသည်။)

ကျွန်တော်၏ ဖြည့်စွက်ချက် –

အခါတစ်ပါးတွင် ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံထွက်ရာ ပုဏ္ဏားတစ်ဦး၏ အိမ်ရှေ့အရောက် ပုဏ္ဏားက ဆွမ်းလောင်းရမည့်အစား မြတ်စွာဘုရားကို ဆဲဆိုလွှတ်ပါသည်။ ထိုအခါ မြတ်စွာဘုရားက ပြုံးလျှက် ခံယူတော်မူပါသည်။ ထိုအခါ ပုဏ္ဏားက မြတ်စွာဘုရားကို ရှင်ကြီးဂေါတမ၊ ငါ သည်လောက် ဆဲဆိုနေတာတောင် နင်ဘယ်လိုမှ မနေဘူးလား။ ဘာ့ကြောင့်လဲ ဟု မေးပါသည်။ ထိုအခါ မြတ်စွာဘုရားက သင်ပုဏ္ဏားကြီး၊ သင်ဆွမ်းလောင်းတဲ့အခါ ငါမခံယူရင် သင့်ဆွမ်းတွေ ဘယ်ရောက်သွားမလဲ။

အို၊ ရဟန်းကြီး။ ဘယ်မှမရောက်၊ ငါ့ဆီမှာဘဲ ကျန်နေမှာပေါ့။

အေး၊ ပုဏ္ဏားကြီး။ ခုလဲ သင်ပေးတဲ့ ဆဲဆိုမှုတွေကို ငါမခံယူသဖြင့် အဲသည်ဆဲဆိုမှုတွေဟာ ငါ့ဆီမရောက်၊ သင့်ဆီမှာဘဲ ကျန်နေရစ်တယ် – ဟု မိန့်ကြားပါသည်။

ကျွန်တော်တို့သည် သူတစ်ပါးတို့ အမှိုက်လောင်းရာ အမှိုက်ပုံးကြီးများ ဖြစ်မနေစေရန် ကြိုးစားကြပါစို့။

got from fwd msg

8 comments

  • UMT

    August 14, 2010 at 7:28 am

    အရမ်းကောင်းပါသည်။ ကွုန်တော်လဲကြုံဘူးပါသည်။

    Reply

  • timothy

    August 14, 2010 at 8:52 am

    Excellent. You deserve more than 10 stars for sharing it. The loving kindness, compassion and forgiveness can bring our world to peaceful planetary happiness.

    Reply

  • researcher

    August 14, 2010 at 10:44 pm

    အလွန်ကောင်းတဲ့စာပါ။ ကျွန်တော်တို့အားလုံးအတွက် သင်ခန်းစာယူစရာတွေနဲ့ အတုယူစရာတွေပါပဲ။ လူမျိုးဘာသာကျားမ မရွေး အထက်ပါ အမှိုက်ပစ်မခံတဲ့ Taxi သမားလို ကျင့်သုံးနိုင်ပါတယ်။ အဒေါသ – မေတ္တာတရားဟာ တကယ်တော့ အရှုံးပေးတာမဟုတ်ပဲ အရာရာကို အောင်နိုင်ခြင်းပါပဲ။ ပြီးတော့ တစ်လောကလုံးကို ငြိမ်းချမ်းစေနိုင်တယ်။ အထက်ကပြောတဲ့ Taxi သမားလို ကြုံရရင် သူ့လို သည်းခံ စိတ်မွေးဖို့ဆိုတာတော့ စိတ်ကို လေ့ကျင့်ပေးမှဖြစ်မယ်။ တော်တော်မလွယ်ပေမယ့် လေ့ကျင့်ရင်တော့ ဖြစ်လာမှပါ။

    Reply

  • Zaw Min Kha

    August 15, 2010 at 9:10 am

    ကောင်းလိုက်တာဗျာ တစ်ခါမှမစဉ်းစားမိတဲ ့ဟာပါပဲ
    တော်တော်လေးမှတ်သားဖွယ်ရာပါပဲဗျာ
    ကိုယ့်ဘာသာတောင်ပြန်မေးကြည့်မိတယ် ငါများအဲလိုပဲအမှိုက်တွေကို သွန်ပစ်မိနေသလားလို့
    အဲဒီ taxi ကားမောင်းသူကိုချီးကျူးမိပါတယ်ဗျာ

    Reply

  • bolay

    August 15, 2010 at 2:22 pm

    ထိမိလှပါတယ်…အတုယူဖို့လဲ ကောင်းပါတယ်…

    Reply

  • kopauk mandalay

    August 15, 2010 at 4:58 pm

    သိပ်ကောင်းပါတယ် ကျနော့်ကတော့ အမြဲလိုလိုအမိူက်တွေကို အိမ်အထိသယ်နေတဲ့လူမိုက်ပါ။
    အသိတရားလေးဝင်လာတဲ့အခါမှာတော့ ငါအမိူက်တွေမယူဘူးလို့ ဆုံးဖြတ်မိပေမဲ့တကယ်တမ်းပြသနာတွေလဲတစ်ခုပြီးတစ်ခု ကြုံလာရော ဒီအမိူက်တွေကို ဘယ်လို ပြန်သယ်လိုက်မိလဲမသိဘူးဖြစ်ဖြစ်သွားပါတယ်။
    ဘယ်အချိန်မှာမဆို အမိူက်တွေကို မသယ်မိအောင် ကျနော်ကြိုးစားပါအုံးမယ်။
    သိတော့သိနေတယ် လက်တွေ့ကျတော့ ကျင့်သုံးဘို့ခက်နေပါတယ်ဗျာ။

    Reply

  • naywoon ni

    March 28, 2015 at 6:59 pm

    ကျင်​့နိုင်​ခဲ တဲ့ ကိစ္စ တစ်​ခုပါ ။ လူတိုင်​း အဲ့ဒိလို လိုက်​ပစ်​​နေမဲ့ အစား စည်​ပင်​လည်​း လာမသိမ်​းမဲ့ အတူ မီးရှို့ ဖျက်​စီးပစ်​လိုရရင်​ မ​ကောင်​းဘူးလား 🙂

    Reply

  • uncle gyi

    March 28, 2015 at 11:20 pm

    အမှန်ကသူတို့ကိုယ်တိုင်ကအမှိုက်ပါပဲလေ

    Reply

Leave a Reply to naywoon ni Cancel Reply

Your email address will not be published.