ယုံကြည်သူများ သတိထား

footerAugust 12, 20101min04

ယုံကြည်မှုဖြင့် နီးစပ်ရာအချင်းချင်း စုပေါင်း၍ စုကြေးငွေစုကြသည့် စနစ်များ ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ခေတ်စားလာပြီး ထိရောက်မှုရှိသည့် စုဆောင်းမှုများ ဖြစ်သကဲ့သို့ ယုံကြည်စိတ်ချမှု အပေါ်အခွင့်ကောင်း ယူ အလွဲသုံးစားလုပ်၍ ငွေကြေးလိမ်ယူပြီး ထွက်ပြေး တိမ်ရှောင်သွားကြသည့် ဖြစ်ရပ်များလည်း ပြည်တွင်း အပြင် ပြည်ပနိုင်ငံများတွင်ပါ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ရပ်ကွက်များ၊ အဆောင်များ၊ ဈေးသူဈေးသားများနှင့် ဝန်ထမ်းများ စုပေါင်းလုပ်ဆောင်ရသည့် အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များတွင် အဆိုပါအလှည့်ကျ မဲစနစ်ဖြင့် ငွေထုတ်ယူသည့်စနစ်ဖြင့် ငွေစုဆောင်းခြင်းများမှာ ကျယ်ပြန့်လျက်ရှိသည်။

“ကျမတို့ကတော့ လူအယောက် ၂ဝ နဲ့ တစ်ပတ်ကို တစ်ယောက် အလှည့်ကျ ငွေထုတ်တဲ့စနစ်နဲ့ စုဖြစ်ပါတယ်။ တစ်ယောက်တည်းဆိုရင် စုဖြစ်မှာမဟုတ်ပါဘူး။ တစ်ပတ်ကို နည်းနည်းချင်းစီနဲ့ ဝိုင်းစုလိုက်ကြတော့ အချိန်တိုအတွင်းမှာလည်း အလှည့်ကျထုတ်ယူပြီး လိုအပ်တာတွေမှာ အဆင်ပြေပြေသုံးလို့ ရသွားတာမျိုးတွေ ယုံကြည်မှုနဲ့ လုပ်ကြတာဆိုတော့ ကုမ္ပဏီဝန်ထမ်းတွေ အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ရင်းရင်းနှီးနှီးလည်း ဖြစ်သွားစေပါတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါသည်။

ပြည်ပနိုင်ငံများ၌ သွားရောက် အလုပ်လုပ်ကိုင် နေကြသူများမှာလည်း ၎င်းတို့ရရှိသည့် လစာငွေများ အား မိသားစုများထံ တစ်လချင်းစီခွဲ၍ ပို့ပေးခြင်းများထက် နီးစပ်သူများ အချင်းချင်း လစာငွေများ စုပေါင်း၍ အလှည့်ကျပို့သည့် စနစ်များဖြင့်လည်း ပေးပို့ပေးမှုများ ပြုလုပ်ကြကြောင်း သိရှိရပါသည်။

“လစာငွေထုတ်တဲ့အခါ ကိုယ်ရတဲ့လစာက တစ်လကိုစားပြီးသောက်ပြီး အထွေထွေစရိတ်နှုတ်ပြီး အိမ်ကိုတစ်သိန်းခွဲလောက်  ပြန်ပို့နိုင်ပါတယ်။ တစ်လချင်းစီဆိုရင် ငွေလွှဲပေးရတဲ့ အကျိုးဆောင် ဆီကိုလည်း လစဉ်သွားရတယ်။ မြန်မာပြည်က မိသားစုတွေအနေနဲ့ကလည်း နည်းနည်းချင်းစီဆိုတော့ သုံးရစွဲရတာ အဆင်မပြေမှာ စိုးတာနဲ့ နီးစပ်ရာသူငယ်ချင်း ငါးယောက်လောက်စုပြီး အလှည့်ကျမဲစနစ်နဲ့ တစ်ယောက်တစ်လှည့်စီ ပို့ဖို့ စီစဉ်ဖြစ်ကြပါတယ်။ အစပိုင်းကတော့ အဆင်ပြေပါတယ်”ဟု မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောပြခဲ့ပါသည်။

အလှည့်ကျ ငွေထုတ်ယူသည့် စနစ်ဖြင့် စုကြေးငွေစုဆောင်းခြင်းများမှာ ငွေမစုမိသူများ၊ တစ်လုံးတစ်ခဲတည်း ငွေရရှိလိုသူများအတွက် ယုံကြည်စိတ်ချမှု တစ်ခုတည်းဖြင့် အသင်း အဖွဲ့အလိုက်၊ အုပ်စုလိုက် စုဆောင်းမှုများမှာ အားသာချက်များရှိသကဲ့ သို့ ယုံကြည်မှုအား အလွဲသုံးစားလုပ်၍ အလှည့်ကျော်ခြင်းများ၊ ဆုကြေးငွေများ လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်သွားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း သိရှိရပါသည်။

“အစကတော့ အချင်းချင်း လစာတွေစုပြီး ငွေပြန်ပို့ပေးရတာက အဆင်ပြေသလို ရှိခဲ့ပေမယ့် နောက်ပိုင်းကျတော့ လုပ်ငန်းအပြောင်းအရွှေ့တွေနဲ့ အဆောင် အပြောင်းအရွှေ့တွေကြောင့် အလှည့်ကျ မဲထုတ်ယူသွားကြပြီး မဲဖိုးငွေတွေကျတော့ ပုံမှန်မထည့်တော့ဘဲ လုံးဝရှောင်ပြေးသွား ကြတာမျိုးတွေလည်း ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

weekly eleven web page မှ ကူးယူဖေါ်ပြပါသည်။

ငွေစုသူများ အလိမ်မခံရစေလိုသော စေတနာဖြင့်

4 comments

  • Gong Zhu

    September 14, 2010 at 10:41 pm

    ဝဋ်လည်မှာမကြောက်လို့ပေါ့နော် . . .

    Reply

  • nagargyi

    April 8, 2011 at 3:04 am

    ဈေးမှာစုတာကြုံဘူးတယ်။
    စုတဲ့သူကလည်း စောစောရရင် စောစောသုံးလိုက်တယ်။
    ဈေးမရောင်းကောင်းတဲ့နေ့ကျေတော့ မဲဖိုးမပေးနိုင်တော့ပြဿနာဖြစ်ရော။
    နောက်ကျမှရတဲ့သူကလည်း မဲဖိုးဆက်သွင်းဖို့ငွေမရှိရင် ချေးပြီးသွင်းတော့ အကြွေးတင်ပြီး စုငွေထုတ်တော့ အတိုးအရင်းဆပ်တာနဲ့ ဘာျမှမကျန်တော့ဘူး။
    ဒီကြားထဲလိမ်တဲ့သူနဲ့တိုးရင်လည်း မှန်မှန်သွင်းတဲ့သူကခံရပြန်ရော။
    တစ်ဖွဲ့လုံးညီမှ အဆင်ပြေနိုင်တယ်။
    ကောင်းတာက ကိုယ့်ဘာသာ စုဗူးနဲ့စုတာက စိတ်အချရဆုံးဘဲ။

    Reply

  • etone

    April 8, 2011 at 4:11 am

    ဟုတ်ပါ့… ပိုက်ဆံကိစ္စကတော့ ဘယ်တော့မှ အပေါင်းစပ် အစုဖွဲ့နဲ့ စုဆောင်းတာ မကောင်းပါဘူး ။ ငလည် တကောင်ပါလာလျှင် ကျန်တဲ့လူခံရမှာပဲ ။

    Reply

  • moethidasoe

    April 8, 2011 at 4:51 am

    တကယ်ကတော့ ကိုယ် ကိုယ်တိုင် စုချင်ရင် ကိုယ့်ဖာသာကိုယ် စု ငွေစုစာအုပ်ဖွင့် စု .. ဘယ်လိုစုစု အဆင်ပြေပါတယ် .. အချိန်တန်ရင် စုထားသလောက် ထုတ်သုံးရုံပေါ့ .. အဲဒါကို အတတ်ဆန်းကြလို့ ဒီလိုတွေ ဖြစ်နေတာပါ

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.