ရင်နွေး

nangnyiNovember 5, 20091min06

ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ

ရင်နွေး
မင်းဖတ်ဖို့တော့မဟုတ်ပေမယ့်
မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ်
ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ
သဘောကျပါရဲ့လား
ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့
မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့

ရင်နွေး
“အနေတွေနီးကြဖို့ ဘယ်ထိဝေးရဦးမှာလဲ
မင်းနဲ့နီးချင်တယ်” လို့
ဟန်ထူးလွင်က ဆိုဖူးပါတယ်
တကယ်တော့ မင်းနဲ့မနီးချင်ပါ

ရင်နွေး
စက္ကန့်မလပ် မင်းနာမည်ကို
သတိရနေရင်း
မင်းအကြောင်းခေါင်းစဉ်များစွာဖြင့်
ငါအသက်ရှင်နေရပါတယ်
ဒါ အချစ်တော့ မဟုတ်ပါ

ရင်နွေး
ငါက ရောင့်ရဲတတ်သူတော့
မဟုတ်လှပေမယ့်
မင်းနဲ့ပတ်သက်ရင်တော့
အစိတ်အပိုင်းသေးသေးလေးတွေဖြစ်ဖြစ်
ကျေနပ်မိပါရဲ့..

ရင်နွေး
မနာလိုစိတ်လုံးဝမရှိတာ
ဘာကြောင့်ပါလဲ
“ခင်ဗျားသဘောဗျာ”လို့
လိုက်လျောပြောဆိုတတ်တာကိုတော့
သဘောကျမိပါတယ်

ရင်နွေး
ဟက်ဟက်ပက်ပက်
မရယ်မောတတ်ဘူးလား
ရယ်မောခြင်းမှ ကင်းဝေးနေတာ
ရာသီပေါင်းဘယ်လောက်များများ
ကြာနေပါပြီလဲ

ရင်နွေး
ကဗျာတွေကို
ချစ်တတ်တယ်မဟုတ်လား
“ကြည်အေးမဖတ်ဘူးဗျာ”လို့ ပြောတုန်းကတော့
ပြုံးမိသွားတာ ဝန်ခံပါရစေ

ရင်နွေး
မင်း ဖုန်းဆက်တဲ့ညက
ငါဖုန်းစောင့်နေခဲ့မိပါတယ်
အလောတကြီးစကားပြောတတ်တာ
အကျင့်ပဲလား
ဒါ အချစ်တော့ မဟုတ်ပါ

ရင်နွေး
စိတ်ဓာတ်အင်အားများ
များများနဲ့ မြန်မြန်ပေးပါလို့
မကြာခဏ တောင်းခံတတ်တာ
ငါ့တစ်ယောက်ထဲဆီကပဲ ဖြစ်ပါစေ
ငါ ဆုတောင်းနေမိပါတယ်

ရင်နွေး
အများသူငါ ပြောဆိုနေကြတဲ့
“ရင်ခုန်ခြင်း”ဟာ မင်းဆီမှာတော့
အဘ်ိဓာန်က ထုတ်ထားတဲ့ စကားလုံး
ဖြစ်နေပါတယ်
မင်းနဲ့ဆို ငါ့ရင် ငြိမ်းချမ်းလွန်းပါရဲ့

ရင်နွေး
မီးဟာ ခွဲတမ်းနဲ့ဘယ်လိုပြတ်သလဲ
မသိဘူးမဟုတ်လား
မင်းမသိတာတွေ များများပြောပြနိုင်တာ
ဘယ်လောက်ဝမ်းသာမိလဲ
မြင်ယောင်ကြည့်ပါ

ရင်နွေး
အစာအဟာရအပေါ်
ဘယ်လိုသဘောထားပါသလဲ
အသက်ရှင်ဖို့ စားတာပါဗျာလို့
ဖြေလိမ့်မယ်လို့ပဲ ထင်မိပါတယ်

ရင်နွေး
လူတွေဟာ စွဲလန်းစိတ်နဲ့
ဖြစ်တည်ရှင်သန်ကြတယ်လို့ ဆိုကြပါတယ်
မင်းဘာကို စွဲလန်းချစ်ခင်ပါသလဲ
ငါ သိချင်လျက်နဲ့ မမေးခဲ့
ဒါ အချစ်တော့ မဟုတ်ပါ

ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ

ငါ သိချင်လှပါတယ်
ကျေးဇူးပြုပြီး
ရင်နွေး ဖြေပါ

6 comments

  • taylay

    November 5, 2009 at 1:52 am

    ကဗျာလေးဖတ်ပြီး ရင်ထဲမှာနွေးသွားတယ်ဗျာ……………

    Reply

  • mipukay

    November 5, 2009 at 7:25 pm

    လူတိုင်းက တစ်စုံတစ်ရာအတွက် စွဲလမ်းခြင်းရှိခဲ့ဖူးကြပါတယ်။
    ဒီကဗျာလေး ကအဲဒီတစ်စုံတစ်ရာကို ပြန်အမှတ်ရစေတယ်။
    အဲဒီလို စွဲအားပေးနိင်လို ့ ရသမြောက် တယ်လို ့ခံယူမိပါတယ်။

    Reply

  • laypyay

    May 4, 2010 at 6:06 pm

    နွေး မနွေးတော့ မသိဘူး နဲနဲလေး မေ့နေတာ တောင် သတိရသွားပြီ .. ။

    Reply

  • snow white

    April 8, 2012 at 6:56 pm

    ရေးတက်ပါဘိ အတုယူပါတယ် တို့ကတော့ မစဉ်းစားတက်လို့ ဘာပို့(စ်)မှမတင်ရသေးဘူး

    Reply

  • metallic

    April 8, 2012 at 8:55 pm

    တခုခုခံစားရတယ်လို့ ရိုးရိုးပဲ ပြောလိုက်မယ်
    ကျေးဇူးပါ

    Reply

  • alinsett

    December 15, 2013 at 7:37 pm

    ကျွန်တော်လည်း..
    သိချင်လှပါတယ်.. ။
    ဒီကဗျာကိုရေးတဲ ့သူ…
    အခု ဘယ်ရောက်နေပြီလဲ…လို ့…..

    Reply

Leave a Reply to alinsett Cancel Reply

Your email address will not be published.