အမေ့အပြုံး အမေ့ပီတိ

manawphyulayAugust 10, 20101min02

အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင် သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည် ပျော်တစ်ပြုံးပြုံး။ “ဝါး… အူဝဲ“ ဟူသော အသံသည် သေမင်းနှင့် စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။ မပီကလာ ပီကလာနှင့် “အမေ“ ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း တအံ့တဩပြုံးလိုက်သူမှာ အမေဖြစ်သည်။
သားသမီးက အမေ့နို့ကို စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့ နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။
သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊ မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့ မမီနိုင်ပါ။
သူ့သားသမီး ဝလုံးလေး စရေးပြတတ်တာကို မပြည့်စုံတဲ့ နွမ်းပါးနေသည့် အမေဖြစ်စေ၊ ပြည့်စုံကြွယ်ဝမင်းစိုးရာဇာဖြစ်နေသည့် အမေဖြစ်စေ သူ့သားသမီးပညာတတ်ကြီးဖြစ်မယ့် နိမိတ်လို့ ယူဆပြီး ကျေကျေနပ်နပ်ကြီး ပြုံးနေတဲ့အမေ။
အမေ့သားမောင်ရင်လောင်း၊ အမေ့သမီး သီလရှင်လောင်းကိုကြည့်ပြီး ပြုံးနေတဲ့အမေ့အပြုံးကို ကမ္ဘာတည်သရွေ့ မေ့၍ ရမည်မဟုတ်။
သားသမီးတွေ ဘွဲ့တွေ ဂုဏ်ထူးအောင်မြင်မှု အထူးထူးကို ရယူတဲ့နေ့၊ အမေတစ်ယောက် သူ့အပြုံးကို အစသတ်၍ မရတတ်။
သားသမီးတွေအတွက် မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဆိုသည့် မိဘဝတ္တရားငါးပါးအား ဆောင်ရွက် နေရချိန်တိုင်း အမေက ပြုံးနေတတ်သည်။
ပင်ပန်းနွမ်းနယ်နေသည့် အမေ့ကို အမေ ပင်ပန်းနေလားဟင် ဟု မေးကြည့်ပါ။ အမေက မမောမပန်း မပင်ပန်းတဲ့ အပြုံးကို ပြုံးပြနေလိမ့်မယ်။
သားသမီး ဆိုးသည် မိုက်သည် ရက်စက်ပြုမူလိမ်ညာနေလည်း အပြုံးမပျက် မေတ္တာဖက်လျှက် အချစ်ပိုနေတာလည်း အမေ။
ကျွန်မလည်း ဆိုးပါသည်။ သမီးပြန်လာမှ ထမင်းစားတတ်တဲ့အမေ့အပေါ် ပြန်ချိန်မမှန်တဲ့ နှိပ်စက်မှုတွေနဲ့ ဆိုးနေလျှက်ပါပဲ။ မိုးလင်းရင် အလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ပေးတာ လည်း အမေ။ သမီးခေါင်းမှာ ပန်ဆင်ဖို့ ခရေပန်းကောက်ပြီး သီပေးနေတာလည်း အမေ။
ခုဆောင်းရောက်တော့လည်း မနက် ရေချိုးဖို့ ရေနွေးကြိုပေးတာလည်း အမေ။ ဒီအမေ ဒီရင်ခွင်နွေးထွေးစွာနေထိုင်ရင်း မပျောက်မကွယ် အမြဲခိုလုံခွင့်ပေးလျှက်ပါ အမေ။

ရေးသားသူ – မနောဖြူလေး

2 comments

  • Yin Nyine Nway

    August 10, 2010 at 8:55 am

    ကောင်းလိုက်တဲ့ အကြောင်းအရာလေးပါ

    Reply

  • မန်း ရိပ်

    August 22, 2010 at 4:26 am

    အမေဆိုတာ အစားထိုးလို့မရသလို
    သူတို့ပေးဆပ်မူတွေဟာ ရယူခြင်းမပါတဲ့ ပေးဆပ်မှုတွေပါ

    Reply

Leave a Reply to မန်း ရိပ် Cancel Reply

Your email address will not be published.