လူ ၁ဝဝဝ ကျော် ဖြစ်တဲ့ တောင်ကြီးဆင်တုပ်ကွေး

petitelapineAugust 7, 20101min03

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်တွင် လွန်ခဲ့သည့် ရက် ၂ဝ အတွင်း လူဦးရေ ၁ဝဝဝ ကျော် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လလယ်မှ စတင်ကာ တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ပင်းပက်နှင့် အေးသာယာ ကျေးရွာများမှ ဆင်တုပ်ကွေးရောဂါသည် ၁ဝဝဝ ကျော် စဝ်စံထွန်း ဆေးရုံကြီးနှင့် ပြင်ပဆေးခန်းများသို့ လာရောက်ကုသခဲ့ကြောင်း ဆေးရုံနှင့် နီးစပ်သူများအဆိုအရ သိရခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လလယ်လောက်က စဖြစ်ပါတယ်။ ခြင်ကိုက်ခံရလို့ ဖြစ်တာပါ။ ခြင်ကနေတဆင့် ကူးစက်တာပါ။ အခုလက်ရှိမှာ တရက်တရက်ကို လူ ၃ဝ-၄ဝ လောက်တော့ ဆေးခန်းလာပြကြတယ်။ ကူးစက်တာမြန်တော့ ရောဂါခံရသူ မနည်းတော့ဘူးဗျ။ ဆေးရုံနဲ့ ဆေးခန်းတိုင်းမှာ ကုနေရတယ်” ဟု  တောင်ကြီးမြို့ရှိ ထွန်းဆေးခန်းမှ ဒေါက်တာ ဝေလင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ယင်းရောဂါသည် တရက်လျှင် ဦးရေ ၆ဝ ခန့် ရောက်ရှိလာသဖြင့် ဆေးရုံတွင် ကုတင်နေရာ မရှိတော့ကြောင်းနှင့် ဆင်တုပ်ကွေး ရောဂါပျောက်ဆေး မရှိသဖြင့် လူနာများကို ရိုးရိုးအဖျားပျောက်ဆေးသာ တိုက်ကျွေးပြီး ပြန်လွှတ်ရကြောင်း သိရသည်။

“ဆေးရုံတွေမှာလည်း လူနာတွေနဲ့ ပြည့်နေပြီ။ ပုဂ္ဂလိက ဆေးခန်းတွေမှာ နောက်ထပ် လူနာလက်မခံနိုင်လောက်အောင် အခြေအနေ ဆိုးနေတယ်လို့ ကြားတယ်။ ကုစရာဆေးကလည်း မရှိတော့ ရိုးရိုးအဖျားဖြတ်ဆေးပဲ ပေးပြီး အိမ်ပြန်လွှတ်ရတယ်” ဟု ဆေးရုံမှ တာဝန်ကျ သူနာပြု ဆရာမတဦးက ပြောသည်။

တောင်ကြီးတွင် ယင်းရောဂါဖြစ်ပွားမှု များပြားနေသဖြင့် အခြားဒေသများကပါ စိုးရိမ်နေကြပြီး ဟိုပုံးနှင့် ရွှေညောင် မြို့များတွင်လည်း ကူးစက်ခံရသူများရှိကြောင်း သိရသည်။

ယင်းရောဂါဖြစ်ပွားသည့် လက္ခဏာများကို ဒေါက်တာ ဝေလင်းထွန်းက “ကိုယ်တွေ ကိုက်တယ်။ ယားတယ်။ တချိန်ထဲပဲ ကိုက်ခဲတယ်။ အဖျားတက်တယ်။ ခြေ၊ လက်တွေ ရောင်တယ်။ ကိုယ်ပူချိန် ၉၉-၁ဝဝ ပဲ ရှိပေမယ့် ဖျားပြီး ၂ ရက်လောက် ကြာတာနဲ့ တကိုယ်လုံး ရောင်လာတယ်။ မျက်နှာပါ ရောင်တော့ အစာမစားနိုင်တော့ ပိုက်နဲ့ သွင်းရတယ်။ ရ ရက်လောက်မှ အရောင်ကျသွားတယ်။ ကိုယ်ပူချိန် တက်လိုက်ကျလိုက်နဲ့ အဖျားပျောက်ရင် ကိုယ်လက်တွေ ကိုက်ခဲပြီး ကျန်ခဲ့တယ်။ အသက်သေဆုံးသူ မရှိသေးဘူး။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူး။ ဒီရောဂါက လနဲ့ချီလည်း ကြာနိုင်တယ်” ဟု ရှင်းပြသည်။

တောင်ကြီးမြို့တွင် စဝ်စံထွန်း ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံတို့အပြင် ထွန်း၊ စိန်နှင့် ပတ္တမြား ဆေးခန်းများ အပါအဝင် ပြင်ပပုဂ္ဂလိက ဆေးခန်းပေါင်း ၆ ခု ရှိသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ခြင်ကြောင့် သို့မဟုတ် လေထဲမှတဆင့် ကူးစက်နိုင်ကြောင်းနှင့်  လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က တောင်ကြီးမြို့နယ်တွင် ယင်းရောဂါမျိုး လူအနည်းငယ်၌ ဖြစ်ပွားခဲ့သော်လည်း အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။

”Chikungunya လို့ ခေါ်တယ်။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းမှာ ဖြစ်တာများတယ်။ ဖျားတယ်။ ကိုယ်လက် ကိုက်ခဲတယ်။ ရောင်တယ်။ ရောဂါလက္ခဏာက သွေးလွန်တုပ်ကွေးနဲ့ တော်တော်တူတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးတဲ့။ ခြေ၊ လက်တွေ ဆင်လို ရောင်လို့ ဆင်တုပ်ကွေးလို့ မြန်မာပြည်က ခေါ်တယ်” ဟု အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာဒုက္ခသည်များကို အခမဲ့ ဆေးကုသပေးနေသည့် ယမုံနာဆေးခန်းမှ ဒေါက်တာတင့်ဆွေက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း ပြီးခဲ့သည့်လ ၂၅ ရက်နေ့ခန့်မှ စတင်ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေရာ ပြင်ပဆေးခန်း Wesley တွင် လူဦးရေ ၁၂ဝ ခန့် တက်ရောက်နေကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးတွင်လည်း ကုသမှုများ ရှိနေကြောင်း သိရသည်။

“ဒီလဆန်းက ပိုများတယ်။ အခု ဆေးခန်းမှာ တင်ထားတာ ၁၂ဝ လောက် ရှိတယ်။ ကလေး၊ လူကြီးတွေ ဖြစ်တယ်။ လူနာများတော့ ပြပြီးရင် အိမ်ပြန်အိပ်သူတွေ ရှိတယ်။ ဆိုးဆိုးရွားရွားကြီး မရှိဘူး။ သွေးအန်တာ၊ သွေးပါတာတွေ မရှိသေးဘူး။ ကိုယ်ပူတယ်၊ အဖျား မကျနိုင်ဘူး၊ ယားယံတယ်၊ ကိုက်ခဲတယ်၊ ရောင်ရမ်းတာလောက်ပဲ ရှိသေးတယ်” ဟု Wesley ဆေးခန်းမှ ဓာတ်ခွဲခန်းမှူး Pi Siang ပီးစိန်က ပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် သွေးလွန်တုပ်ကွေး ဝေဒနာသည်များသည် သွေးအန်ခြင်းနှင့် သွေးဝမ်းပါသည်အထိ ဆိုးရွားသဖြင့် အသေအပျောက်များ ရှိခဲ့သေးကြောင်း သိရသည်။

“အရင်နှစ်တွေက သွေးလွန်တုပ်ကွေးကို ကြောက်ဖို့ကောင်းမှန်း မသိကြဘူး။ ဆေးရုံကို သွားရမှန်းမသိဘဲ အိမ်မှာတင် အောင့်နေကြတော့ အသေအပျောက် များရတယ်။ သွေးထွက်တဲ့အထိ ဖြစ်လာတော့ နှစ်တိုင်းလိုလို သေဆုံးတာကို ကြားရတယ်။ အခုတော့ ဘာရောဂါမဆို ကြောက်တတ်လာတယ်။ ကျန်းမာရေးအရ အသိဉာဏ်ရှိလာတော့ ဘာပဲဖြစ်ဖြစ် ဆေးရုံကို တန်းပြေးကြတယ်” ဟု ကလေးမြို့ရှိ ဆေးဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ရောဂါဖြစ်ပွားမှု အသေးစိတ်ကို သိနိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

3 comments

  • etone

    August 7, 2010 at 5:11 am

    ရောဂါတွေကလည်းထူပြောလိုက်တာနော်။

    Reply

  • Yin Nyine Nway

    August 7, 2010 at 9:30 am

    ဟုတ်ပါ့…..တုတ်ကွေးတွေကလဲ တိရိစ္ဆန်ပေါင်းစုံတွေ
    မကုန်သေးဘူးလား

    Reply

  • timothy

    August 7, 2010 at 11:35 am

    It is Chikungunya Virus infection. The information on wikipedia is http://en.wikipedia.org/wiki/Chikungunya. Interestingly, it can be used as biological weapons and the hands of Dictator in Burma could be considerable.

    Reply

Leave a Reply

Your email address will not be published.