ကကြီးအကြောင်း တတို့နှစ်တို့(၂)-KITECH & SME

padonmarNovember 9, 20134min018

ကိုးနတ်ရှင် မျက်နှာသာ မပေးတော့ တတို့နှစ်တို့ ၁ပုဒ်နဲ့ ၁ပုဒ် က ဆက်တိုက် မတင်နိုင်ဖြစ်နေပါတယ်။

ဒီတခါ ပြောပြချင်တာကတော့
KITECH (Korea Institute of Industrial Technology)ကိုရီးယား စက်မှုနည်းပညာသိပ္ပံ အကြောင်းပါ။

(Institute ကို သိပ္ပံလို့ပဲ ပြန်လိုက်ရပေမယ့် မှန်ရဲ့လားလို့ စိတ်ထဲ သိပ်ဘဝင်မကျမိဘူး။ထားပါတော့၊စကတည်းက ဘေးချော်သွားမှာစိုးလို့)

သူကလည်း ကဏ္ဍအစုံရှိပါတယ်။1989 မှာ စတင် တည်ထောင်ပြီး ဌာနခွဲ Branch ရ ခုရှိပါတယ်။ကျမတို့က အထည်အလိပ်နဲ့ ပတ်သက်ပြီး လေ့လာဖို့ သွားရတာဆိုတော့ အထည်အလိပ်နဲ့ ပတ်သက်တဲ့ ကဏ္ဍကိုပဲ ရှင်းပြကြပါတယ်။ကျမတို့ကို သူတို့ ဌာနအကြောင်း Videoနဲ့ ရှင်းပြတဲ့ထဲမှာတော့ သူတို့ရဲ့ ဖက်ရှင်ဒီဇိုင်နာ Rick Lee ရဲ့ New York Fashion Show မှာသူတို့ တီထွင်ထားတဲ့ ဝတ်စုံတွေကို ပြတဲ့ Video slide တွေလည်းပါပါတယ်။ဒီဇိုင်နာတွေအတွက် လွယ်ကူအောင် လူ့ခန္ဓာကိုယ်ကို scan လုပ်ပြီး အချိုးကျ ပုံစံထုတ်ပေးမယ့် software ရေးဆွဲနေပါသတဲ့။

Rick Lee ပွဲမှာ ပြတဲ့ အအေးခံ ဝတ်စုံ
Rick Lee ပွဲမှာ ပြတဲ့ အအေးခံ ဝတ်စုံ

နောက်ပြီး အနာဂတ်မှာ အထည်ဝယ်မယ့် အမျိုးသမီးတွေတွက် ကိုယ်ပေါ် ဝတ်ကြည့်စရာမလိုပဲ မှန်ရှေ့ရပ် ကြိုက်ရာအကျင်္ီပုံပေါ်လက်တင် drag လုပ်ပြီး ကိုယ့်ပုံပေါ်တင်ကြည့်လိုက်ရင် တကယ်ဝတ်ထားရသလို လှုပ်ရှားကြည့် လှည့်ပတ်ကြည့်လို့ ရမယ့် software လေးလည်း ပြပါတယ်။
ဈေးဝယ်လိုက်ရတာ စိတ်ညစ်တဲ့ ကိုကိုတွေအတွက် သတင်းကောင်းပေါ့၊အရင်လောက် အချိန် မကုန်တော့ဘူးထင်ပါ့။
US Army အတွက် Bullet Proof Garment လည်း တီထွင်ပေးထားပါသတဲ့။
ရေလုံဖို့လိုတဲ့ မိုးကာဂျက်ကက်၊ထီး၊ရွက်ဖျင်တဲ တွေမှာ ချုပ်ရိုးကနေ ရေစိမ့်တာကို ကာကွယ်ဖို့ အပ်နဲ့ အပ်ချည် ချုပ်ရိုးမလိုတဲ့ Heat sealer အပူပေးကပ်တဲ့ နည်းပညာကိုလည်း ပြပါတယ်။

heat sealer အပူပေးပြီးချုပ်ထားတဲ့ မိုးရေခံ ဂျက်ကက်များ
heat sealer အပူပေးပြီးချုပ်ထားတဲ့ မိုးရေခံ ဂျက်ကက်များ
ချုပ်ရိုးပျောက်ထီး
ချုပ်ရိုးပျောက်ထီး
ကော်လာမှာ တပ်ထားတဲ့ LED မီးလုံးတွေက အမှောင်ထဲသွားသူတွေတွက် လုံခြုံမှုပေးလိမ့်မယ်။
ကော်လာမှာ တပ်ထားတဲ့ LED မီးလုံးတွေက အမှောင်ထဲသွားသူတွေတွက် လုံခြုံမှုပေးလိမ့်မယ်။
မီးမတောက်တဲ့ အကျီင်္
မီးမတောက်တဲ့ အကျီင်္
ဒါးထိုးလို့ မပေါက်တဲ့ပိတ်(မီးခိုး)နဲ့ ဒါးခွဲခံရတဲ့ပိတ်(ပန်းရောင်)တုတ်ပီးဒါးပီးချင်ရင်အော်ဒါမှာလိုက်
ဒါးထိုးလို့ မပေါက်တဲ့ပိတ်(မီးခိုး)နဲ့ ဒါးခွဲခံရတဲ့ပိတ်(ပန်းရောင်)တုတ်ပီးဒါးပီးချင်ရင်အော်ဒါမှာလိုက်
ခါးပတ်မှာ ဘက်ထရီပါတယ်။လမ်းသွားရင် အိုင်ဖုန်းတွေ ဘက်ထရီကုန်မှာ မပူရတော့ဘူး
ခါးပတ်မှာ ဘက်ထရီပါတယ်။လမ်းသွားရင် အိုင်ဖုန်းတွေ ဘက်ထရီကုန်မှာ မပူရတော့ဘူး

သူတို့ အဓိက လုပ်နေတဲ့ အလုပ်ကတော့ Technical support to SME ပါတဲ့။
SME=Small and Medium Enterprises အသေးစားနဲ့ အလတ်စားလုပ်ငန်းများ
သူတို့ဆီမှာ SME တွေဟာ 95% of companies ရှိပါတယ်။လုပ်သား ၁ယောက်က ၄ယောက်ကြား လုပ်ငန်းငယ်လေးတွေဟာ အဲဒီထဲမှာ တဝက်ကျော်ပါနေပါတယ်။
အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အားရဲ့ 20% ကို SME တွေက အလုပ်ပေးထားနိုင်ပါတယ်တဲ့။

SME ကို ပံ့ပိုးပေးဖို့ ဆိုတာ မြန်မာပြည်မှာတော့ စာထဲပဲ ရှိတဲ့ ကိစ္စဖြစ်နေသလိုပါပဲ။
Dongdaemun အရှေ့တံခါးမကြီးလို့ အမည်ရတဲ့ အရပ်ဟာ Seoul မြို့မှာ အဝတ်အထည်နဲ့ ပတ်သက်ရင် အကြီးဆုံး ဈေးကွက် ဧရိယာဖြစ်ပါတယ်။
KITECH (Dongdaemun) ရုံးဟာ မြေအောက်မှာ ရှိပါတယ်။ ရုံးခန်းတည်ရှိတဲ့ မြေအောက်မှာ အနွေးဓာတ်လွှတ်ပေးထားတဲ့ မြေအောက်ရထားဘူတာရုံ၊အထည်ဆိုင်များလည်းရှိပါတယ်။
အနားနားပတ်လည် မြေပေါ်မှာလည်း ကျမတို့ရဲ့ မင်္ဂလာဈေး၊ယုဇနပလာဇာ တို့လို အထည်ဆိုင်၊ပိတ်ဆိုင်၊ကြယ်သီး၊ဇစ်၊အပ်ချည် စတဲ့ accessory အပိုပစ္စည်းရောင်းတဲ့ ဆိုင်တွေ အများအပြားရှိပါတယ်။
ဖက်ရှင်ဆိုင်တွေ ၊ဒီဇိုင်နာရုံးခန်းတွေလည်း ပြည့်လို့ပါပဲ။
၁၆ထပ်မြင့်တဲ့ အဆောက်အဦတခုပေါ်မှာတော့ KITECH ရဲ့ အပ်ချုပ်စက်မျိုးစုံ၊သင်တန်းဆရာ နဲ့ စမ်းသပ်အထည်တွေရှိပါတယ်။အဲဒီရုံးခန်းရဲ့ အောက်ထပ်တွေမှာတော့ 20’x60′ လောက်ရှိမယ့် အခန်းတွေမှာ အထည်ချုပ်စက်ရုံငယ်လေးတွေ ရှိပါတယ်။

အဆင့်မြင့် စက်မျိုးစုံ အဆင်သင့်ထားပေးတယ်။Free ပေးသုံးတယ်၊သုံးနည်းသင်ပေးတယ်
အဆင့်မြင့် စက်မျိုးစုံ အဆင်သင့်ထားပေးတယ်။Free ပေးသုံးတယ်၊သုံးနည်းသင်ပေးတယ်
စက်ရုံငယ်တွေက KITECH ရုံးခန်းထဲ လာပြီး သူတို့ရဲ့ နမူနာထည် စမ်းချုပ်ကြည့်နေတာ
စက်ရုံငယ်တွေက KITECH ရုံးခန်းထဲ လာပြီး သူတို့ရဲ့ နမူနာထည် စမ်းချုပ်ကြည့်နေတာ
SME စက်ရုံလေးရဲ့ sewing အထည်ချုပ်ရာအခန်း
SME စက်ရုံလေးရဲ့ sewing အထည်ချုပ်ရာအခန်း
စက်ရုံငယ်လေးရဲ့ Cutting ပိတ်ညှပ်ရာနေရာ။
စက်ရုံငယ်လေးရဲ့ Cutting ပိတ်ညှပ်ရာနေရာ။

ဒီစက်ရုံလေးတွေက လုပ်သားတွေဟာ ကျွမ်းကျင်လုပ်သားတွေချည်းဖြစ်ပါတယ်။အထည် အစအဆုံး တဦးချင်း ကိုယ်တိုင်ချုပ်ကြပါတယ်။
(ကျမတို့ဆီက အင်းစိန်ပေါက်တောဖက်မှာ ဖြတ်ညှပ်ချုပ်ဆေးဆိုးပန်းထိုးအကုန်ရတဲ့ စက်ရုံငယ်လေးတွေနဲ့ ဆင်ပါတယ်။)
အဲဒီ စက်ရုံငယ်လေးတွေဟာ ဈေးကြီးတဲ့ အဆင့်မြင့်စက်တွေ အပိုင်မဝယ်နိုင်ကြပါဘူးတဲ့။
ဒါကြောင့် ထူးခြားတဲ့ process ချုပ်ဖို့လိုလာရင် KITECH ရုံးကိုလာကြရပါတယ်။
အဆင့်မြင့်စက်တွေ သုံးဖို့ လျျှောက်လွှာတင်ရပေမယ့် လျှောက်လွှာက သဘောလောက်ပါတဲ့။
ရုံးခန်းမှာ ရှိတဲ့ အဆင့်မြင့်စက်တွေကို မသုံးတတ်ရင် ဆရာက သင်ပေးသလို အသုံးပြုခွင့်ကလည်း Free(Free)ပါတဲ့။
ချုပ်ပြီးသား အထည်တွေကို ဈေးကွက်ထဲ ပို့ဖို့ကလည်း မဝေးလှပါဘူး။
ချုပ်ရမယ့် ကုန်ကြမ်းဖြစ်တဲ့ ပိတ်စကို အရောက်လာပို့မယ့် ပိတ်စက်ရုံအသေးလေးတွေလည်း ကိုရီးယားမှာ ခုထိ ရှိနေဆဲပါတဲ့။

အထပ်တိုင်းမှာ သန့်ရှင်းတဲ့ အများသုံးအိမ်သာတွေ၊ဓာတ်လှေခါးတွေလည်း ပေးထားပါတယ်။
သူတို့သုံးတဲ့ မီတာခ၊အခန်းငှားခ၊အခွန်အခတွေကတော့ ပေးရပေမပေါ့။
ဘယ်လောက်သုံးလို့ ဘယ်လောက် အလုပ်လုပ်ရင် ဘယ်လောက် ကုန်ကျမယ်ဆိုတာ သတ်မှတ်ပြီးသားပါ။

လုပ်ငန်းတခုကို ကုန်ကျနိုင်မယ့် စရိတ်စက ကိုလည်း မူသေတွက်လို့ရတယ်။
မီးပျက်ခြင်း၊လမ်းပိတ်ခြင်းဒုက္ခဆိုတာတွေ မရှိတဲ့အတွက် ကုန်မယ့် အချိန်ကိုလည်း သေချာပေါက် ခန့်မှန်းနိုင်လို့ ကတိတည်နိုင်တယ်။
နည်းပညာလိုရင်လည်း အထောက်အပံ့ပေးတယ်။(Free)
လုပ်သားတွေအတွက် သန့်ရှင်းသပ်ရပ်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုလည်း အထူးတလည် ဖန်တီးနေစရာမလိုဘူး။
ရှိပြီးသားစနစ်ပေါ်မှာ လိုက်နာရုံပဲ။

ဒီလို စိတ်ချမ်းသာစွာ အလုပ်လုပ်ရတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ ခရိုနီကြီးတွေ မတရားဘူး၊
လွှတ်တော်က အိပ်ငိုက်တယ်။
အစိုးရဝန်ထမ်းတွေက ရစ်တယ်၊
သမ္မတကြီးက ပုံပြောတယ်၊
အဲသလိုတွေ တွေးမနေတော့ပါဘူး။
သူတို့ဆီမှာလည်း Samsung ,Hyundai, Daewoo,Doosan စတဲ့ Giant Company ကြီးတွေက စီးပွားရေးကို အုပ်စိုးထားတာပါပဲ။
တရားဥပဒေနဲ့ညီတဲ့ အခွန်အခတွေကတော့ ပေးဆောင်ကြပေလိမ့်မပေါ့။
လူငယ်တွေ ဘွဲ့ရရင် Samsung မှာလုပ်မလား Civil မှာလုပ်မလား စဉ်းစားရလောက်အောင် Samsung ရဲ့ နယ်ပယ်ဟာ ကျယ်ပါသတဲ့။
သို့သော် သူတို့ဆီမှာ SME လေးတွေ သေမသွားအောင် အဖက်ဖက်က ထောက်ပံ့ပေးနေကြပါတယ်။

ဆင်းရဲမွဲတေမှုလျော့ကျအောင် ပိုက်ဆံချေးပေးနေရုံနဲ့ မရပါဘူး။
အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရပါမယ်။
ကိုယ်တပိုင်တနိုင် အလုပ်ကလေးတွေကိုလည်း အားပေးရပါမယ်။
စားဝတ်နေရေးပြေလည်၊ သွားရေးလာရေး လုံခြုံစိတ်ချရ၊နိစ္စဓူဝကိစ္စတွေမှာ ကြိုတင်တွက်ချက် ခန့်မှန်းလို့ရ၊လူချင်းတူတူ ညီမျှတဲ့ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေးရ၊ကိုယ့်ရဲ့ ရှေ့ရေးကို တွေးပူမနေရရင် ကိုယ့်ကို ဘယ်သူအုပ်ချုပ်နေတယ်ဆိုတာတောင် မော့မကြည့်ကြတော့ပါဘူးလို့ ပြောချင်ပါတယ်။

18 comments

  • Mလုလင်

    November 9, 2013 at 1:52 am

    အဲ့ဒီ့ ကိစ္စ ဘယ်တော့ ရွာထဲ ရောက်လာမလဲ ရောက်လာမလဲ နဲ့ မျှော်နေတာ . . ဦးပါ များ ပိုစ့် တင်မလားလို့ . . ခုတော့ အာတီဒုံ တင်ပါလေရော . . . ။ လောလောဆယ် တော့ သမဝါယမ ဝန်ကြီး ဋ္ဌာနက အသေးစားနဲ့ အလတ်စား အတွက် အခြေခံ ရက်တို သင်တန်း တွေ ဆက်တိုက် ကို ပေးနေပါတယ်။ အခုထိတော့ ရန်ကုန် မှာ ဖွင့်နေပါတယ်။ များမကြာမှီ နယ်ဘက်တွေပါ ဖွင့်နိုင်အောင် လုပ်နေကြတယ် ထင်ပါတယ်။ NGO ဝန်ထမ်း တွေလဲ လာတက်ကြတာတွေ့ပါတယ်။ ကောင်းသည်၊ ဆိုးသည် မပြောလို။ အရမ်းကြိုက်လောက်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါ။ ဝန်ထမ်း တွေမှာလဲ အချိန်ပြည့်ကိုလုပ်နေကြတာပါ။ အဲ့လို အချိန်ပြည့် လုပ်နေတာကြောင့်လဲ အပြင်လောက နဲ့ အဆက်အဆံ လစ်ဟင်း လာတယ် လို့ ထင်ပါတယ်။ လုပ်ငန်း လိုင်စင်လဲ လုပ်ပေးပါတယ်။ ဓာတ်ခွဲ ခန်းအဖြေ လဲ ထုတ်ပေးပါတယ်။ စီးပွားရေး ဖြစ်လုပ်ဖို့ အဓိက ကျတဲ့ ကုန်ကြမ်း ရဖို့ တော့ လုပ်မပေးနိုင်ပါ။ ကုန်ကြမ်း ရဖို့ ဆိုတာမှာ အချိန်မှန်မှန် နဲ့ ဈေးတန်တန် ရဖို့ ကိုပြောချင်တာပါ။ ထပ်ပြော ရရင် ရှည်တော့မယ် . . . ရှေ ့ တစ်ပတ်ထဲ အားရင် ပိုစ့် တင်ပေးပါမည်။

    Reply

  • padonmar

    November 9, 2013 at 2:11 am

    လုလင်ရေ
    ဆက်ဆက်ရေးပါနော်၊ဖတ်ချင်ပါတယ်။
    လိုင်စင်လွယ်တယ်၊နည်းပညာပေးတယ်ဆိုရင်တောင် အတော်တော်လာတယ်လို့ ပြောရပါမယ်။
    ကုန်ကြမ်းထိ လိုက်ပေးဖို့ တော့ မမျှော်သင့်ဘူးထင်ရဲ့။

    Reply

    • Mလုလင်

      November 9, 2013 at 4:08 am

      ကုန်ကြမ်း Quality မကောင်းပဲ ထွက်ကုန် ကောင်း ဘယ်လို မှ ရ နိုင်မယ် ထင်ပါ။ နည်းပညာ စမ်း မယ်စဉ်းစား ရင်း တော်တော် ညံ့တဲ့ ကုန်ကြမ်း တွေနဲ့ 27 – 28 လမ်းက ပုဂိုလ်ကျော်မြတ် တို့ကို လုပ်ကျွေး သလို ဖြစ်တော့မှာပါ။ တော်တော် တောင် လုပ်ကျွေးပြီးကြပါပြီ။ မှန်ကန် တဲ့ ကုန်ကြမ်း ပုံမှန် ရဖို့ မဖြစ်နိုင်ပဲ . . အသေးစားနဲ့ အလတ်စား တွေ ကြာရှည် ရပ်တည် ဖို့ ဘယ်လို မှ မဖြစ်နိုင်ဘူး ထင်ပါတယ်။

      Reply

  • Ma Ma

    November 9, 2013 at 7:42 am

    ဖတ်ရင်းနဲ့ မေးစရာတွေပေါ်လာတယ်။

    KITECH ရဲ့ ရည်ရွယ်ချက်ကောင်းတယ်။
    ဒါပေမယ့် သူတည်တံ့ခိုင်မြဲဖို့အတွက် ဝင်ငွေ ဘယ်ကရလဲ။
    အစိုးရထောက်ပံ့မှုရှိလား။
    ဘယ်က အထောက်အပံ့ရသလဲ။
    ဘယ်လိုရပ်တည်သလဲ။

    ဦးဆောင်သူတွေရဲ့ အမျှော်အမြင်ကြီးမှု၊ သဘောထားကြီးမှု ဆိုတာတွေကလည်း အရေးကြီးမယ်။

    ဒီမှာတော့ စက်မှုဇုန်တွေကို စာပို့တယ်။
    ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြည်ပလုပ်ငန်းရှင်တွေနဲ့ အခမဲ့ဆက်သွယ်ပေးနိုင်တယ်။
    ဆက်သွယ်ချင်တဲ့နည်းလမ်း၊ လုပ်ငန်းများရှိလျှင် နိုဝင်ဘာ ရ ရက်နေ့ နောက်ဆုံးထားပြီး ကို်ယ့်လုပ်ငန်းအချက်အလက်တွေကို ပေးပို့နိုင်ပါသည်တဲ့။
    အဲဒီစာကို ၈ ရက်နေ့မှာ ရပါတယ်။ :'(

    Reply

  • padonmar

    November 9, 2013 at 8:13 am

    ချစ်မရယ်
    အစိုးရ အထောက်အပံ့ရတာပေါ့။
    KATRI တုံးက အရည်အသွေးစစ်ဆေးချက်တွေက ဝင်ငွေရတယ်။
    KITECH ကတော့ အစိုးရပေးတာပဲ။

    Reply

  • KZ

    November 9, 2013 at 12:56 pm

    ခုမှ သေချာကြားဖူးပါတယ် အာတီဒုံ။
    ကျေးဇူးတင်ပါတယ်။
    🙂

    Reply

  • kai

    November 9, 2013 at 4:18 pm

    ယူအက်စ်မှာ အသေးစားကုမ္ပဏီထောင်တာ.. ၁နာရီတောင်ကြာမယ်မထင်ဘူး…
    အစိုးရဆီလျှောက်တာက.. အင်တာနက်ကနေတောင်.. တော်တော်ပြီးတယ်..
    ဘဏ်ကိစ္စလည်းမြန်မှမြန်…။ တထိုင်ပဲ..။

    အခုအစိုးရက.. ဒီမိုကရက်တစ်ပါတီကဆိုတော့.. အသေးစား..အလတ်စားတွေဦးစားပေးပုံရပါတယ်..။
    ဆိုတော့…
    လဖက်နှပ်ရောင်းချင်လို့.. ဘာတွေလိုလည်းဟင်…
    ပရော့ဒတ်အော့ယူအက်စ်အေ. ရန်ကုန်ပြန်သွင်းရင်.. ဝယ်ကြမှာလားဟင်.. :mrgreen:

    Reply

    • padonmar

      November 9, 2013 at 7:40 pm

      သူကြီးရယ်
      ဒီမှာတော့ အသိတယောက် ဆေးစက်ရုံထောင်ချင်လို့ လျှောက်တာ ၃လရှိပြီ
      ခွင့်ပြုမိန့်မကျသေး။
      ..
      သူကြီး လက်ဖက်နှပ်ရောင်းမယ်ဆိုတော့ ဒို့ဘားမဲန်းတွေလုပ်တာမို့ ဆိုးဆေးကင်းရဲ့လား မှန်မှန်ပြော။
      အချိုမှုန့်မပါရင်လည်း အရသာမရှိဘူး ထင်ကြတယ်။

      Reply

      • kai

        November 12, 2013 at 2:24 pm

        အသိတယောက်က.. နမ့်ဆန်းဖက်တက်ပြီး..လက်ဖက်နှပ်တာတွေဓွတ်ပုံရိုက်လာတယ်..
        အဲဒါကြည့်ပြီး.. စားနေတဲ့လက်ဖက်.. ပြန်ထွက်တော့မလိုလိုဖြစ်နေတာမို့.. ယူအက်စ်မှာပဲ..ပေါင်းအိုးတွေဘာတွေနဲ့.. ကမ္ဘာကျော်ကိုလန်ဘီယာလက်ဖက်ကိုနှပ်မလားတွေးနေတာ…။

        အဲဒီလက်တင်အမေရိကားနိုင်ငံတွေက.. လက်ဖက်..ကော်ဖီကောင်းကောင်းထွက်တယ်..။
        ဟို..ဗင်နီဇွဲလားလည်းပါမယ်ထင်တာပဲ..။ မပါလည်း.. အတင်းကိုဈေးဝယ်(လက်ဖက်ဝယ်) သွားမလားလို့…။

        ဆိုတော့…
        စားလို့ရတဲ့ဆိုးဆေးဝယ်ထည့်မှာပေါ့…။ FDA ဝင်စစ်မှာမို့.. ဟိုဟာ.. ဟိုလိုတွေထည့်ရင်.. ဘဝပျက်ကိန်းမြင်မယ်ထင်ပါကြောင်း…။

        စကားအတင်းစပ်.. အမတော်လည်း.. ကိုရီယားကနေ.. အလည်လွန်ပြီး.. ယူအက်စ်လေးဘာလေးလည်း.. လာပါဦး..။ :mrgreen:

        Reply

  • TNA

    November 9, 2013 at 4:42 pm

    သွားရည်များကျပီး ကိုယ့်ဆီလဲ ဖြစ်လာပါစေလို့ဆုတောင်းရင်း ဖတ်သွားပါတယ် အန်တီဒုံရေ။

    Reply

  • padonmar

    November 9, 2013 at 7:56 pm

    ကေဇီ နဲ့ မွသဲ
    တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်တဲ့(ရုပ်ရှင်ထဲမှာ)
    JK
    ……
    ပြည်သူတွေ တကယ်တိုးတက်ချင်ရင် ကိုယ်ကိုတိုင်က စည်းကမ်းတကျနေတတ်အောင် ပြုပြင်လာကြဖို့လိုပါတယ်။
    အစိုးရနဲ့ ပြည်သူ တလှည့်စီ လက်ညှိုးထိုးနေကြတာ စိတ်ပျက်လာပါပြီ။
    ကိုယ်လည်းကောင်း သူလည်းကောင်း တဲ့ ခေတ်ကို ရောက်ချင်လှပါပြီ။

    Reply

  • ဦးဦးပါလေရာ

    November 10, 2013 at 7:59 am

    နိုင်ငံတစ်ခု မျှမျှတတ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်

    အသေးစား နဲ့ အလတ်စား လုပ်ငန်းကလေးတွေဟာ အင်မတန် အခရာကျပါတယ်…။

    အဲဒီလုပ်ငန်းငယ် လုပ်ငန်းလတ် တွေက ဘာတွေပေးမလဲ ဆိုတော့

    ၁ – မတူကွဲပြားတဲ့ စုံတကာစေ့ အလုပ်အကိုင် မျိုးစုံကိုပေးမယ်
    ၂- မတူကွဲပြားတဲ့ တီထွင်ဖန်တီးမှု့ မျိုးစုံကိုပေးမယ်
    ၃- လူငယ်တွေ ပညာတတ်တွေ ပညာရှင်တွေအတွက် မျှော်လင့်ချက်နဲ့ ပျော်မွေ့ရာ အလုပ်အကိုင်တွေကို ပေးမယ်
    ၄- အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ကြားက ဥစ္စာဓန နဲ့ လူမှု့အဆင့်အတန်းကွာဟချက်တွေကို ညှိပေးမယ်။

    ဒါပေမယ့်
    အဲသည် အသေးစား အလတ်စား လုပ်ငန်းတွေက
    အာဏာရှင်တွေအလိုကျ အဆီတစ်ထပ် အသားတစ်ထပ် လာဘ်လာဘ မျိုးတော့ ပေးနိုင်လိမ့်မယ် မထင်ဘူး..
    ဒါကြောင့်လဲ ကမ္ဘာပေါ်က အာဏာရှင်အစိုးရမှန်သမျှ အသေးစား အလတ်စားလုပ်ငန်းတွေကို အားပေး ချီးမြှောက်လေ့မရှိဘူး….

    ကျုပ်တို့ နိုင်ငံမှာလား…
    အဟမ်း….. အဟမ်း…….

    ဟဲ…….. ဟဲ……… ဟဲ……… ဟဲ……..
    (နောက်ဆုံးလက်ကျန် လုပ်ငန်းပိစိကွေးလေး ဌာနပေါင်းစုံရဲ့ တက်ညီလက်ညီနှိပ်စက်မှု့ဒါဏ်ကြောင့် ပြုတ်ပြုတ်ပြုန်းသွားသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသူအဖိုးကြီးတစ်ယောက်၏ မချိသွားဖြဲ ရယ်သံဖြစ်ကြောင်း…….)

    Reply

    • padonmar

      November 11, 2013 at 10:03 pm

      အလုပ်လက်မဲ့ဖြစ်သွားသော ဦးပါအား ဖတ်ရွေးတောက်တိုမယ်ရအဖြစ် လစာမဲ့ အလုပ်ပေးနိုင်ပါကြောင်း။

      Reply

  • Mr. MarGa

    November 11, 2013 at 7:43 pm

    အခုနောက်ပိုင်းမှာ
    SME တွေအကြောင်း
    နားပူလောက်အောင် ကြားလာရတယ်။
    ကိုယ်တိုင်လဲ စိတ်ဝင်စားမိပါတယ်။
    ဒါပေမင့်
    ကြားသာကြားရတယ်။ တွေ့နေတာတွေက အမြီးအမောက်မတည့်တော့
    မျှော်လင့်ချက်လေးတွေတောင် ပျောက်တောက်တောက် ဖြစ်နေပြီ။
    ဒေါ်လေး ရေးပြ၊ ပြောပြသွားတာတွေ ကြည့်ပြီးတော့
    ကိုယ် တတ်တဲ့ ပညာနဲ့ ဘာလုပ်ပေးနိုင်မလဲ….ဆိုတာကိုတောင် တွေးမိတယ်။
    ရည်မှန်းချက် ပိစိကွေးလေးလည်း ပေါ်လာတယ်။
    ဒါပေမင့်
    အခြေအနေတွေကို ယှဉ်ကြည့်ပြီး
    အားတော့ ငယ်တယ် ဗျာ……. 🙁

    Reply

    • padonmar

      November 11, 2013 at 10:10 pm

      သဂျားရေ
      တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် လို့
      အပေါ်မှာအတိုင်း တကယ် မနောက်ပဲပြောခဲ့ပါတယ်။

      Reply

  • အဘ ဘုတ်ကလုံ

    November 11, 2013 at 8:41 pm

    အာတီဒုံလေး ပို့စ်ဖတ်တော့မှပဲ.. အဘဘုတ်လည်း ငုတ်တုတ်လက်မဲ့ ထိုင်နေရာက
    အသေးစား စက်မှုလုပ်ချင်သွားပါရော..။ ကွမ်းယာကို ဆေးမျိုးစုံနဲ့ တာရှည်ခံအောင်
    ထုတ်လုပ်တီထွင်မယ်။ ကုန်ကြမ်းလည်းပေါ့မယ်။ တာရှည်ခံမယ့် နည်းစနစ်ပဲလိုမယ်။
    ဟေးဟေး ပါကင်ပိတ်ပြီး ထိုင်ဝံ၊ မလေး၊ အာဆီယံကို ပို့မဟေ့။
    အဘဘုတ် စက်မှုကွမ်းယာ ကမာ္ဘမှာ တဗြစ်ဗြစ် ထွေးစေရမည်။ :mrgreen:

    Reply

  • padonmar

    November 11, 2013 at 10:13 pm

    အဘဘုတ်
    အိန္ဒိယက ရယ်ဒီမိတ် ကွမ်းယာတွေ လာနေတယ်လေ။
    ကော်ဖီမစ်လို ခေါင်းလျှော်ရည်ထုပ်လို အတွဲလိုက်။
    ဈေးလည်းပေါပါ့။
    အဘဘုတ် ပရုပ်လုံးဖြစ်သွားမယ်၊သေချာတွက်အုံး။

    Reply

  • weiwei

    November 12, 2013 at 2:56 pm

    SME က စက်ရုံတွေအတွက် ချေးငွေထုတ်ပေးတယ် … နယ်က အသိတစ်ယောက် သူ့တို့စက်ရုံလုပ်ငန်းနဲ့ ချေးငွေရလို့ လာထုတ်သွားတာ သတိရမိလို့ပါ .. ဘဏ်တိုးအတိုင်းပဲ အတိုးပေးရလို့ အတိုးနှုန်းတော်တော်သက်သာပါတယ် …

    Reply

Leave a Reply

Your email address will not be published.