ပြန်လာရင်ကြိုမှာလား

လွမ်းလိုက်တာ ဂေဇက်ရေ

မရောက်တာလည်းကြာပြီဖြစ်သလို ကျွန်တော်လည်း လှည့်လာဖို့ရွာကလေးကို အချိန်မပေးနိုင်နေဘူး။ ကျွန်တော်က ဘာနဲ့တူသလဲဆိုရင် ရွာကနေမြို့တက်ပြီး အလုပ်လုပ်နေတဲ့ လူ။ မြို့ပြမှာ ကိုယ့်ဘဝကိုကိုယ်ရပ်တည်နိုင်အောင်လုပ်နေရင်း တစ်ခါတစ်ခါ ရွာကလေးကို မေ့နေသလိုဖြစ်နေခဲ့တာကြာပြီ။ တစ်ခါတစ်ရံမှာရွာကိုအလည်ပြန်ချင်စိတ်တွေက တဖွားဖွား။ ဒါပေမယ့်လည်းပေါ့ ကိုယ်ရွာကိုပြန်တဲ့အချိန်ဟာ ခဏလေးတော့ ဘယ်ဖြစ်စေချင်မလဲလေ။ ရွာထဲက ကျွန်တော့်ကိုမမြင်တာကြာပြီဖြစ်တဲ့ ဆွေတော်မျိုးတော် ပေါက်ဖော်တွေကိုလည်း တရင်းတနှီးပျော်ဟယ်နောက်ဟယ်လုပ်ချင်သေးတယ်။ ပြီးတော့ ရွာရဲ့ သာရေး၊ နာရေး ဘာညာသာရကာ နေကြာကွာစေ့တွေအကြောင်းလည်း သေသေချာချာနားထောင်ချင်သေးတာလေ။ မှတ်မှတ်ရရ ရွာကနေ ကျွန်တော်ထွက်လာခဲ့မိတာ ဇန်နဝါရီလ ကျွန်တော့်မေမေ ကားအက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်းပဲ။ အဲဒီတုန်းက ကျွန်တော်ရှိရာ မန်းလေးဆေးရုံးကြီးကို အပြေးလာတဲ့ ကိုပေါက်(မန္တလေး)၊ ဦးမာဃ နဲ့ ဗုံဗုံတို့ကို အရမ်းကျေးဇူးတင်တာပဲ။

တစ်မြို့တစ်ရွာမှာ ရွာသူထဲက ကိုယ့်ကိုလာကြည့်တဲ့ အဆွေတော်တွေကို ဘယ်လိုကျေးဇူးတင်မိမှန်းမသိဘူး။ နောက်တော့ ရွှေတိုက်စိုး လည်းလာတယ်၊ စွယ်တော်ရွက်ဆိုရင် ဖုန်းလည်းဆက်လာတယ်၊ ပြီးတော့ သခင်မိုဘိုင်းဆိုရင် မြဝတီကနေ တကူးတကဖုန်းဆက်မေးကြတယ်။ အဲဒီတုန်းကကျေးဇူးတင်လိုက်တာလေ။ စိတ်ထဲဘယ်လိုပြောရမှန်းမသိဘူး။ ကိုပေါက်နဲ့အတူ ကိုရွှေတိုက်စိုးလာတွေ့တုန်းကဆိုရင် ဆေးဝါးကုသဖို့ဆိုပြီး ရွာသူရွာသားတွေစုပြီးပေးလိုက်တဲ့ စာအိတ်ကလေးကိုတောင် ကျွန်တော်လက်ခံလိုက်ရပါသေးတယ်။

ဒီနောက်ပိုင်းမှာတော့ ကျွန်တော် အလုပ်တစ်ဖက် မေမေ့ကျန်းမာရေးတစ်ဖက်နဲ့ ဗျာများနေရတာနဲ့ပဲ ရွာကိုပြန်မလာဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲတော့ အမှတ်ထင်ထင်ရှိဆဲပဲဗျ။

ပြောရရင် ဂေဇက်မှာ ကျွန်တော်သွေးခဲ့တဲ့ ကလောင်က ခုတော့လည်း စာမျက်နှာတွေထက်မှာ နေရာလေးတစ်ခုတော့အရာထင်စပြုလာပြီလေ။

ကျွန်တော်တင်ဖူးတဲ့

ခေတ်၏သမီးပျိုနှင့်နီ

ခေတ်လူပျိုနှင့် သူ

အနက်ရောင်ဘဝတစ်ခုရဲ့ အခန်းတစ်

နေ့သည်ည ညသည်နေ့

စတဲ့ စာမူတွေဆိုရင် ခုဆို ဖော်ပြခံသွားရပါပြီ။ ဘာပဲပြောပြော ဂေဇက်မှာတင်ပြခွင့်ရခဲ့တဲ့ အနုပညာလေးတွေ အရာထင်တဲ့အတွက် ကျေးဇူးတွေတင်မိရပါတယ်။

ဒီနေ အလင်းဆက်က ကျွန်တော့်စာတွေကို ဆာလို့ပြန်ဖတ်နေရတယ်လို့ဆိုလာတော့ ကျွန်တော့်ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေးကြီးဗျ။ ကျွန်တော်ပြန်လာခဲ့ပါမယ်။ အဲလိုဆိုရင် အရင်တုန်းကလိုပဲ သော်ဇင်(လွိုင်ကော်)ဆိုတာကို ကြိုဆိုပေးကြပါဦး။

“ရွာ”

ရင်ထဲမှာ လွမ်းနေရတဲ့

နေရောင်တောက်တောက် ရွာ

ငါလွမ်းလို့လာ

တစ်နေ့ ငါလှည့်မယ်ဆိုလည်း

သူ့ရင်အက်ကွဲကလေးထဲ

စီးဝင်ခွင့်ပေးပြန်ရဲ့

ဒါ

ငါတို့ရွာ….။

 

 

 

သော်ဇင်(လွိုင်ကော်)

9 comments

  • ဇဝန

    September 15, 2013 at 7:26 pm

    ကြိုဆိုလျှက်ပါ……………သော်ဇင်ရေ
    စာတွေမြန်မြန်ပြန်တင်ပါ
    စောင့်နေပါမယ်။

    Reply

    • ခင် ခ

      September 17, 2013 at 4:37 pm

      ဒီအနုတ်အနီ၂တော့မှတ်ထားပြီ။

      Reply

  • အလင်းဆက်

    September 15, 2013 at 7:32 pm

    ကိုသော်ဇင်ရေ..
    ရွှေ ရဲ ့ရေးဖော်ရေးဘက်တစ်ဦးအနေနဲ ့ရော..
    ဟောဒီရွာထဲ… ကျွန်တော် ဝင်လာဖြစ်ဖို ့… အကြောင်း.ဖန်ပေးခဲ့သူအနေနဲ့ရော…
    ကိုသော်ဇင် ရဲ ့.. ရသ ..မြောက်တဲ ့ စာပေလက်ရာတွေကို နှစ်သက်တဲ ့…
    စာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ ့ပါ….

    ကိုသော်ဇင့်ကို.. ကြိုဆိုနေမှာပါ ။

    ကို်သော်ဇင်.. ဒီရွာထဲ.. မအားလပ်လို ့.. မရောက်တာ ကြာတဲ့အခါ….
    ကျွန်တော်…. ဆာ လာတဲ ့..စာပေလက်ရာတွေ ထဲ..မှာ.
    ကိုသော်ဇင့် စာတွေလည်း..ပါတယ်လေ…။
    ဒါကြောင့်… ဒီနေ့ နေ့လည်က….
    ကိုသော်ဇင့် စာလေးတွေ.. ပြန်ရှာဖတ်လိုက်သေးတယ် ။
    ကျွန်တော် မဖတ်လိုက်ရသေးတာတွေရော..
    ဖတ်ခဲ့ပြီးသားတွေရော.. ပြန်ဖတ်ချင်လာလို ့…ပါ ။

    အားတဲ့ အခါတိုင်း… ရွာထဲ ကို… လမ်းလျှောက်ထွက်ပါဦးကိုသော်ဇင်ရေ….

    🙂

    ချစ်ခင်လေးစားလျက်….

    Reply

  • kotun winlatt

    September 15, 2013 at 11:19 pm

    ကြိုဆိုနေလျှက်ပါခင်ဗျာ…..။

    Reply

  • အရီးခင်

    September 16, 2013 at 2:43 am

    ကြိုပါတယ် ကိုသော်ဇင်။
    အမေနေကောင်းသွားတာမို့ ဝမ်းသာလှပါတယ်။

    Reply

  • KZ

    September 16, 2013 at 8:46 am

    ရွာထိပ်မှာ ပန်းစည်းကြီးနဲ့ လာကြိုဦးမှာ…

    🙂
    ဇာတ်လမ်းတွေ အများကြီးယူခဲ့နော်။

    Reply

  • kyeemite

    September 16, 2013 at 11:20 am

    ကိုသော်ဇင်ရေ..ခင်ဗျားစာတွေကို ကျနော်အားပေးလျှက်ပါဗျာ
    အချိန်မရွေး ကြိုဆိုလျှက်ပါ 🙂

    Reply

  • kai

    September 16, 2013 at 12:41 pm

    စာတွေစာရွက်ပေါ်တင်ခံရတာကြားတာမို့.. ဝမ်းသာဂုဏ်ယူပါတယ်လို့..
    စာရေးဆရာကြီးဖြစ်ပြီပေါ့…။

    ရွာထဲလည်းရေးပါဦး..

    Reply

  • sorrow weaver

    September 16, 2013 at 2:01 pm

    ရွာသားတစ်ယောက်အောင်မြင်နေတော့..ပရိသတ်အနေနဲ့ .ဂုဏ်ယူရပါတယ်ခင်ဗျာ .

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.