မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်

Yin Nyine NwayAugust 2, 20101min05

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ကောက်စိုက်သမဖြစ်သူ မကျိန်ဒိုဇမ် သေဆုံးကာ၊ အခြားတဦးမှာ စိတ်ခြောက်ခြားနေသဖြင့် ဆေးရုံတင် ကုသနေရမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက် ၁၈ မိုင်ခန့်ရှိ စခန်းကြီးအုပ်စု ချမ်းသာကြီးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်ရှိ ဦးထန်ခန့်ဆွမ် ပိုင်ဆိုင်သော  လယ်မြေတွင် ကောက်စိုက်သမ ၁၅ ဦး ကောက်စိုက်နေစဉ် ဇူလိုင် ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးကြိုးပစ်သဖြင့် အဖ ဦးပေါင်ခန့်ဆွမ့်နှင့် အမိ ဒေါ်နိမ့်ခန့်ညောင်တို့၏ သမီး မကျိန်ဒိုဇမ်သည် ပွဲချင်းပြီး သေဆုံးကာ၊ ၁၈ နှစ်အရွယ် မကျိန်မော်စီကိုမူ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

“မိုးကတော့ ရွာပါတယ်။ မိုးကြိုးက ၃ ခါပစ်တယ်။ နောက်ဆုံးပစ်တဲ့ မိုးကြိုးက ထိသွားတာပါ။ မိုးကြိုးပစ်တော့ ၅ ယောက် လဲသွားတယ်။ ၅ မိနစ်လောက်အကြာမှာ ပြန်သတိရလာကြတယ်။ ၄ ယောက်က ပြန်ထလာကြတယ်။ တယောက်ကတော့ ချက်ချင်း ဆုံးသွားတယ်။ တယောက်ကတော့ စိတ်သိပ်မှန်တော့သလိုဖြစ်လို့ ချက်ချင်း ဆေးရုံပို့လိုက်တယ်” ဟု ချမ်းသာကြီးကျေးရွာ ရယက ဥက္ကဋ္ဌ ဦး Kam Sai Thang က မဇ္ဈိမကို ပြောသည်။

“သေဆုံးသူရဲ့ ညာဘက်နားကနေ သွေးအများကြီးထွက်တယ်။ ခေါင်း ညာဘက်က မည်းကုန်တယ်။ ရင်ခေါင်း၊ ဝမ်းဗိုက်၊ နောက်ခါး၊ လည်ပင်းနဲ့ ကိုယ်တဝက်လောက်က မည်းကုန်တယ်။ မီးလောင်သလိုပါပဲ။ ရဲစခန်းကို အကြောင်းကြားပြီးပါပြီ။ သူ့ကိုတော့ မနေ့ ညနေမှာပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု သူက ထပ်ပြောသည်။

မကျိန်ဒိုဇမ် ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်ဖြစ်သူ လယ်သမား ဦး Niang Khan Lian နှင့် ၉ လသမီး Niang Biak Muan Cing တို့ ကျန်ရစ်ခဲ့သည်။

“ကလေးငယ်ကို သိပ်သနားလို့ လူကြီးတွေ တိုင်ပင်ပြီး၊ ရွာထဲက အိမ်တွေကို အလှူခံမယ်။ ရတဲ့ ငွေတွေနဲ့ ကလေးရဲ့ ရှေ့ရေးအတွက် ထောက်ပံကြေးပေးမယ်။ နောက်ပတ်လောက်မှာ စကောက်မယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

စိတ်ခြောက်ခြားနေသော မကျိန်မောစီသည် ဖျားနာဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း ကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ တာဝန်ကျ သူနာပြုဆရာမ တဦးက ပြောသည်။

မိုးကြိုးပစ်ရာတွင် မူးလဲသွားခဲ့သူများ ဖြစ်ကြသည့် အသက် ၂ဝ နှစ်အရွယ် မကျိန်ဒိုမန်၊ ၄၃ နှစ်အရွယ် မကျိန်ဒိပ်နှင့် ၂၄ နှစ်အရွယ် မကျိန်ညိပ်နွမ်တို့ ဖြစ်ကြပြီး၊ သူတို့အားလုံးမှာ ယခုအခါ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီ ဖြစ်သည်။

ချမ်းသာကြီးကျေးရွာတွင် လူနေအိမ်ခြေ ၂၆ဝ ခန့်နှင့် လူဦးရေ ၁၃ဝဝ ခန့် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်သည်။ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

5 comments

  • etone

    August 2, 2010 at 9:16 am

    မိုးကြိုးကလည်း ဘက်လိုက်တယ် ဘာမှမရှိတဲ့ကောက်စိုက်သမကိုတော့သွားပစ်တယ်။ ပစ်ပါလားဟိုအကောင်တွေကို ။

    Reply

  • bluerose

    May 16, 2012 at 12:48 pm

    အင်းလေနော်သနားပါတယ်

    Reply

  • etone

    May 16, 2012 at 4:40 pm

    ဒီနေ့တစ်နေ့လုံး … ပို့စ်အဟောင်းတွေကိုချည်းပဲ .. ပြန့်မန့်တာတွေတွေ့နေရတယ် … ။
    အဟဲ ..ပြန်ဆိုတေးတွေ ခေတ်စားလာသလို … ပြန်မန့်တာတွေ ခေတ်စားလာတယ်ထင်ပါရဲ့ … တိန် … 😉

    Reply

  • Yin Nyine Nway

    May 20, 2012 at 10:49 am

    ဟီး…. မေ့တောင်နေဘီ… ဒီပိုစ့်ကို
    တနားတော့ တနားစရာလေး

    Reply

  • အင်းဗျာ တလောက ဘဲ မေလဆန်းလောက်က ပစ်လိုက်တဲ့မိုးကြိုးတွေဗျာ။တောင်ကုတ်မြို ့နယ်ပိုင် ပန်းထော်ကျွန်းပေါ်က
    ဝါးရုံစုရွာမှာလဲ ကလေးတစ်ယောက်ပစ်ခံရသေးတယ်။on the spot ပါဘဲ

    Reply

Leave a Reply

Your email address will not be published.