ရေကန်ထဲကဆား

Yin Nyine NwayJuly 31, 20101min03


တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..

ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့  လူငယ်က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘဝတွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘဝမှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”

“ဒီတော့ ဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..  ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.”


ဒီဥပမာလေးကို သဘောကျလို့  ပြန်လည်ဝေမျှပါတယ်ရှင်.. ကျွန်မတို့လဲ ဘဝမှာ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ ရေကန်ကြီးနဲ့  ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလားနော်..

3 comments

  • fatty

    July 31, 2010 at 2:30 pm

    now lakes, pools, and ponds are full of water …..It’s raining season in Myanmar.

    Reply

  • laaminnthar

    August 1, 2010 at 5:07 am

    ကျေးဇူးတင်ပါတယ်
    ရေကန်ကြီးဖြစ်အောင် အတော်လေး လေ့ကျင့်ယူးရမယ်ထင်တယ်
    ရေကန်ကြီးဖြစ်ဖို့ နည်းလမ်း ညွှန်ပေးရင် ပိုကောင်းမှာ။

    Reply

  • fatty

    August 1, 2010 at 1:01 pm

    ပေါက်ပြားရယ် လူများများရယ်သာခေါ်လာပါ။ ဒါပေမဲ့တိုးတိုးတိတ်တိတ်နော ဟိုအဖွဲ့တွေကြားသွားလို့ အလံထောင်ပြီး လာကြလိမ့်မယ်။
    နောက်တာနော် …… အဲဒီလိုခံယူနိုင်အောင် သဘာဝတရားဖြစ်စဉ်ကို ပွါးများကြည့်ပါလို့အကြံပေးချင်ပါတယ်။

    Reply

Leave a Reply to fatty Cancel Reply

Your email address will not be published.