ငရဲသားနဲ့ နတ်သား .

Yin Nyine NwayJuly 31, 20101min06

သူတော်ကောင်း တစ်ယောက်ဟာ တစ်ရက်တော့ ယမမင်းနဲ့ သွားတွေ့ပါတယ်တဲ့။

ကျွန်တော် မေးစရာ ရှိလို့ပါ။ ငရဲပြည်နဲ့ နတ်ပြည်ဟာ ဘယ်လို ကွာလဲသိချင်ပါတယ်

လို့ မေးတော့ ယမမင်းဟာ သူတော်ကောင်းကို တံခါး နှစ်ချပ်ဆီ ခေါ်သွားပါတယ်။ တံခါးတစ်ချပ်ကို ဆွဲဖွင့် ပြလိုက်တဲ့အခါ အထဲကို သူတော်ကောင်းက လှမ်းကြည့်လိုက်တော့ မြင်ကွင်းက ရိုးရိုး ရှင်းရှင်းလေးပါပဲ။

အခန်းရဲ့ အလယ် ခေါင်မှာ စားပွဲဝိုင်းကြီး တစ်လုံး ရှိပြီး စားပွဲဝိုင်းကြီးရဲ့ အလယ်မှာ စားကောင်းသောက်ဖွယ် အိုးကြီးတစ်အိုး အပြည့် ရှိနေပြီး အနံ့တွေက မွှေးကြိုင်လွန်းလို့ အနံ့ရသူတိုင်းကို သွားရည်ယိုစေတာမို့ သူတော်ကောင်း လဲ သွားရည် ယိုမိ ပါတယ်တဲ့။
ဒါပေမယ့် စားပွဲဝိုင်းမှာ မရွေ့တမ်း ဝိုင်းထိုင်နေ ကြရတဲ့ လူတွေဟာ ပိန်လှီ ဖျော့တော့ လူမမာရုပ် ပေါက်နေကြ တယ်။ ဆာလောင် မွတ်သိပ် နေကြပုံလဲ ပေါက်နေသတဲ့။ သူတို့ရဲ့ လက်တွေကို အရိုးရှည်တပ် ဇွန်းတွေနဲ့ တွဲချည်ထား ခံထားရပြီး အဲဒီဇွန်းရဲ့ အရှည်ဟာ စားပွဲဝိုင်းကြီးအလယ်က စားကောင်းသောက်ဖွယ် အိုးကြီးဆီ ကောင်းကောင်း ရောက်နိုင်ပြီး ဇွန်းအပြည့် ခပ်ယူ နိုင်ကြ ပါတယ်။ ဒါပေမယ့် လက်ရဲ့ အရှည်ထက် ဇွန်းရိုးက တအားရှည် နေတော့ ဇွန်းထဲက စားစရာက ဇွန်းရှင်ရဲ့ ပါးစပ်ဆီ မရောက်နိုင် ဘူးပေါ့။
သူတို့ရဲ့ ဒုက္ခနဲ့ အဖြစ်အပျက်ကို မြင်တော့ သူတော်ကောင်းလဲ လန့်ဖျပ် ကြက်သီးထ သွားပါသတဲ့။ ဒီတော့ ယမမင်းက ပြောပါတယ်။

ခု မင်းမြင်တာ ငရဲပါပဲ။

ပြောပြောဆိုဆိုနဲ့ ယမမင်းက နောက်တံခါး တစ်ချပ်ကို ဖွင့်ပြ ပြန်ပါတယ်။ အထဲကို ကြည့်လိုက်တော့ စောစော က အဖြစ်အပျက် အတိုင်း တထေရာတည်း မြင်ရ ပါတယ်တဲ့။ စားပွဲဝိုင်းကြီးရဲ့ အလယ်က စားကောင်း သောက် ဖွယ် အိုးကြီးထဲက အနံ့တွေဟာ သူတော်ကောင်းကို သွားရည်ယိုစေတယ်တဲ့။ စားပွဲဝိုင်းကြီးမှာ ဝိုင်းထိုင် နေကြ တဲ့ လူတွေဟာ အရိုးရှည်တပ် ဇွန်းကြီးတွေ တွဲချည် ခံထားရတဲ့ လက်တွေနဲ့ ချည့် ဖြစ်နေပေမယ့် လူတွေ ကတော့ စောစောက အခန်းထဲက လူတွေနဲ့ မတူဘဲ ကောင်းကောင်း ဝဝလင်လင် စားသောက် ထားရလို့ အာဟာရ ပြည့်ဝ နေကြပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မော စကားပြော နေကြပါသတဲ့။ ဒီတော့ သူတော်ကောင်းက ကျွန်တော်တော့ ဘယ်လိုမှ နားမလည် နိုင်တော့ဘူးလို့ ပြောတဲ့ အခါ ယမမင်းက ပြောပါသတဲ့။

ရှင်းရှင်းလေးပါကွာ.. အရည်အချင်းလေး တစ်ရပ်တည်းကြောင့် ခုလို ငရဲနဲ့ နတ်ပြည် ကွာသွားတာပါ။ ဒီအခန်း ထဲက လူတွေက သူတပါးကို အချင်းချင်းကို ဘယ်လို မျှဝေ ကျွေးမွေး ရမလဲ ဆိုတာကို စဉ်းစား နေကြချိန်မှာ အရင် အခန်းထဲက လူတွေက သူတို့ အတွက် ဘယ်လို ရအောင် စားရမလဲ ဆိုတာကိုပဲ စဉ်းစား နေကြပြီး လောဘတွေ ကြီးနေ ကြလို့ပါ…. တဲ့။

ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ နိုင်ငံတကာက လက်ဖျား ခါရလောက်တဲ့ သဘာဝ သယံဇာတတွေ အလျှံပယ် ပေါကြွယ်ဝ ပါတယ်။ နိုင်ငံသား တွေကတော့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံက နိုင်ငံသားတွေအဖြစ် သတ်မှတ် ခံရ ရုံသာ မက မြန်မာ ကလေး စုစုပေါင်းရဲ့ သုံးပုံ တပုံဟာ ဆိုးဆိုးရွားရွားကို အာဟာရ ချို့တဲ့ နေကြတယ်လို့ ကုလ သမဂ္ဂ ကလေး သူငယ်များ ဆိုင်ရာ မဟာမင်းကြီးရုံးက စစ်တမ်း ကောက်ယူ ထုတ်ပြန် ခဲ့ရပါတယ်။ ဒါဟာ တခုခု မကအောင် မှားနေတာ မဟုတ်ပါလားဗျာ။

6 comments

  • maylay

    July 31, 2010 at 9:16 am

    ဒီစာဖတ်ပြီးတွေးမိတယ်။ကျနော်တို့နိုင်ငံကလူကြီးတွေနှင့် အဲ့ဒီနတ်သားကြီးတွေနှင့်တူနေသလားလို့။ သူတို့ကအချင်းချင်းတော့ ဝအောင်ကျွေးတတ်တယ်။ သူတို့အားလုံးက ဝ တာမှ ဗိုက်တောင်ရွှဲနေပြီ 🙂 ။ ကျနော်တို့ကတော့ ငတ်တုန်း။ ထင်တာပြောပါတယ်(လိုရင်းမရောက်သွားရင် sorry ပါ)။

    Reply

  • kopauk mandalay

    August 1, 2010 at 2:06 am

    အလုပ်အပ်ဆုံးက ကိုယ်ချင်းစာတရားပါ

    Reply

    • zuugyi

      August 1, 2010 at 4:24 am

      မှန်ပါ့ဗျာ…
      လူတိုင်းမှာ ကိုယ်ချင်းစာ တရားလေးသာရှိနေရင် ဘာသာမတူ လူမျိုးမတူ ဘာသာစကားတွေမတူလဲ လူတွေဟာ တစ်သားတည်းပဲဖြစ်နေမှာ….

      Reply

  • banban

    August 1, 2010 at 9:11 am

    ကိုယ်ချင်းစာတတ်ဖို့ဆိုတာကလည်း ကိုယ်တိုင်ခံစားဖူးမှ

    Reply

  • snique

    August 3, 2010 at 4:18 am

    ကျွန်တော့် အမြင်က တော့ အဲဒါ အမျိုးအစားတူ လူတွေ စုနေလို ့ပြောလို ့လွယ်တာ ပါ တကယ် လက်တွေ ့မှာ လူ ့အသိုင်းအဝိုင်း တခု မှာ အမျိုးအစားမတူ တာ တွေအမြဲ ရောနေတတ်ပါတယ်။ ဒီတော့ လူ ၁ဝ ယောက်ရှိတယ်ထား ဦး ၉ ယောက်က ကိုယ်ချင်းစာ တရားတတ်မယ် ၁ ယောက်က ထင်ရာ စိုင်းမယ် ဆိုရင် အဲဒီ ၉ ယောက်လဲ တစ်နှစ်မခံ ပါဘူး ထင်ရာ စိုင်းသွားမှာ ပါ ဒါ ကျွန်တော့်အမြင်သက်သက် ပါ ညစ်ပတ်နေတဲ့ အဝတ်ပုံထဲကို အင်္က ျီ အဖြူ တထည် ထည့်လိုက်ရုံနဲ ့ အဲဒီအဝတ်ပုံ ဖြူမသွားနိုင်ပေမဲ့ အဖြူရောင် အဝတ်ပုံထည်ကို ညစ်ပတ်နေတဲ့ တစ်ထည် ထည့်ကြည့်ကြည့်လိုက်ပါ း) ဒါကျွန်တော်တွေးမိတာ ပါ

    Reply

  • chitsayar

    August 8, 2010 at 7:33 am

    သူတို့အားလုံး ဝအောင်စားပါစေ

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.