အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘဝ

Yin Nyine NwayJuly 31, 20101min04

ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့
(အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘဝ)

တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေတီး” ကို “အချစ်ဆိုတာ ဘာလဲ”လို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ “အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု”ကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ
ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့
ဆိုကရေတီးက “အဲဒါ..အချစ်” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို “လက်ထပ်ခြင်းဆိုတာ ဘာလဲ”လို့ မေးပြန်သတဲ့။
ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
“အကောင်းဆုံး ထင်းရူးပင် တစ်ပင်”ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ဝင်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေတီးက မေးတော့
“တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။
ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြောတော့
ဆိုကရေတီးက “အဲဒါ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို “တိတ်တိတ်ပုန်း”ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့

ရပြီး
သွားရာလမ်းတစ်လျှောက်မှာ “အလှဆုံး ပန်းတစ်ပွင့် “ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။
(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့
အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေတီးက မေးတော့
“၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။
အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့
ပြောတော့ ဆိုကရေတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘဝဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ “အလှဆုံး ပန်းတစ်ပွင့် “ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့
ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
“ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။

“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”

“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”

“အင်း.. ဘဝရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။

4 comments

  • narziparty2009

    July 31, 2010 at 8:48 am

    Mandalaygazette အစ်ကိုကြီးတွေအခုတင်ထားတဲ. အချစ်+လက်ထပ်ခြင်း+တိတ်တိတ်ပုန်း+ဘဝ ဆိုတာဖတ်ရတာတော်တော်အဓိပ္ပါယ်ရှိမယ်ဆိုတာသိပါတယ်ဒါပေမဲ.ကျွန်တော်တွေးတာနဲ.မဟုတ်မှာစိုးလို.အဓိပ္ပါယ်ရှင်းလင်းချက်လေးတွေပြန်တင်ပေးပါလားဗျာ။ဒါမှမဟုတ်ကျွန်တော်.မေးထဲပို.ပေးပါလား narziparty2009@gmail.com ပါလိပ်စာက

    Reply

  • marnat

    July 31, 2010 at 8:59 am

    အရမ်းကောင်းပါတယ်…..တွေးခေါ်မှုမြင့်တာပေါ့

    Reply

  • bigcat

    July 31, 2010 at 10:29 pm

    Great idea but do not forget Socrate and Plato predated Jesus Christ. Plato should be asked to find a tree for the Greek God rather than X’mas.

    Reply

  • thawngpi

    August 1, 2010 at 6:24 pm

    narziparty2009 တောင်းဆိုသလိုဘဲတောင်းဆိုချင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.