တရားမဝင်လိုင်းကြေးဆောင်အနှိပ်ခန်းများ မှိုလိုပေါက်

ScottAugust 28, 20101min02

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းတွင်  အလှပြင်ခန်း (Beauty Saloon) ဆိုင်းဘုတ်တင်ထားသော အနှိပ်ခန်းများ ပိုမိုများပြားစည်ပင်နေသည်။

အနှိပ်ခန်းများတည်ရှိရာ လမ်းထိပ်များတွင် အနှိပ်ခန်းပွဲစားများ၏ စည်းရုံးလူခေါ်နေမှုများကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။

အနှိပ်ခန်းအမျိုးသမီးငယ်များက အမြင်မသင့်တော်သည့် အဝတ်အစားများဝတ်ကာ လက်ဟန်ခြေဟန်ဖြင့် ဧည့်သည်အား ဆွဲဆောင်နေမှုများသည် အများအမြင်၌ မသင့်တော်ဟု ခရီးသွားများက ပြောသည်။

အောင်မင်္ဂလာကားဝင်းအတွင်းရှိ မော်လမြိုင်လမ်း၊ တနင်္သာရီလမ်း၊ ပုဂံ၊ မြောင်းမြ၊ ဒဂုံ၊ မကွေး၊ စစ်တွေလမ်းတိုင်းလိုလို၌ အဆိုပါ အလှပြင်ခန်းအမည်ခံ (မာဆတ်) အနှိပ်ခန်းများရှိပြီး လူခေါ်ပွဲစားများလည်း ပိုများလာကြောင်း  မျက်မြင်တို့က ပြောသည်။

အဝေးပြေးကားဝင်း ပင်မဝင်ပေါက်နှင့် ပတ္တမြားဆောင်အနီး၌ စွဲလမ်း၊ လင်းလက်၊ တနင်္သာရီလမ်း၌ New Dream, Shine, ဥဿာလမ်း၌ He&She, မိုးဆမ်းပန်း၊ စက်မှုလမ်း၌ ဧကရီ၊ သရဖူ၊ ဧပရယ်ဦး၊ Romantic, Spice Girls တို့နှင့် အဝေးပြေးတဝင်းလုံး၌ မာဆတ်အနှိပ်ခန်း (၃၈) ဆိုင်ရှိသည်ဟု ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ အနှိပ်ခန်းများသို့ လာရောက်အပန်းဖြေသည့် ဧည့်သည်များအတွက် ဝန်ဆောင်ခမှာ အိပ်စင်နှင့်  တနာရီ Section (၃,၀၀၀) ကျပ်၊ အိပ်ခန်းနှင့် (၄,၀၀၀) ကျပ်  သတ်မှတ်ထားကြောင်း၊ မာဆတ်မိန်းကလေးအများစုမှာ အသက် (၂၀) နှင့် (၂၅) နှစ်အကြား ရှိကြပြီး ဆိုင်ပိုင်ရှင်က တနာရီ Section (၅၀၀) ကျပ် လုပ်အားခရှင်းပေးကြောင်း ဝန်ထမ်းမိန်းကလေးတဦးက ပြောသည်။

အသွေးအသားဆက်ဆံ၍ရသည့် မာဆတ် (အနှိပ်ခန်း) အချို့ရှိသည်ဟု သိရပြီး ဝန်ဆောင်မှုမှာ အထက်ပါငွေကြေးထက် အနည်းငယ်ပိုသည်ဟု သိရသည်။

ဆိုင်ပိုင်ရှင်များအနေဖြင့် စစ်ဘက်လုံခြုံရေး၊ ဒုစရိုက်နှိမ်နင်းရေး၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး၊ မှုခင်းတပ်ဖွဲ့၊ နယ်မြေရဲကင်းအပါအဝင် အဖွဲ့အစည်း (၂၀) ခန့်ကို ညစဉ် လိုင်းကြေးပေးနေရသည်။

အောင်မင်္ဂလာအဝေးပြေးကားဝင်းသည် မြောက်ဥက္ကလာပအုပ်ချုပ်ရေးအတွင်း ရှိသည့်အတွက် ကားဝင်းတာဝန်ရှိသူများ သာမက မြောက်ဥက္ကလာပနယ်မြေ လုံခြုံရေးတို့ကိုပါ လိုင်းကြေးပေးဆောင်နေရပြီး တလလျှင် (၃) သိန်းနှင့် (၅) သိန်းကြား ရှိသည်ဟု ဆိုင်ပိုင်ရှင်များကပြောသည်။ နေရာအလိုက် ဆိုင်ခန်းငှားရမ်းခမှာ (၅) သိန်းနှင့် (၇) သိန်းကြားရှိသည်။

တပ်မတော်၊ ရဲ အငြိမ်းစားအရာရှိများ၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ဖွင့်လှစ်သည့် အနှိပ်ခန်းများသည် လိုင်းကြေး ပေးဆောင်ရမှု အခြားအနှိပ်ခန်းပိုင်ရှင်များထက် နည်းသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း တရားဝင်ဖွင့်လှစ်ထားသော အမျိုးသမီးအလှပြင်ဆိုင် (Beauty Saloon) များသည် မြို့နယ်အလိုက်၊ ဆိုင်ခန်းအပြင်အဆင် အကျယ်အဝန်းအလိုက် စည်ပင်သာယာသို့ လုပ်ငန်းလိုင်စင်ကြေး နှစ်စဉ်ပေးသွင်းကြရသည်။

အောင်မင်္ဂလာကားဝင်း အနှိပ်ခန်းများသည် စည်ပင်သာယာ (အခွန်ဌာန) သို့ လုပ်ငန်းလိုင်စင်ကြေး၊ အမြတ်ခွန်ဌာနသို့ အမြတ်ခွန်ပေးဆောင်စရာမလိုသော်လည်း လစဉ် (တရားမဝင်) လိုင်းကြေး ပေးဆောင်နေရသည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။

အောင်မင်္ဂလာကားဝင်းအတွင်း Beauty Saloon ဆိုင်းဘုတ်တင် အနှိပ်ခန်းများတွင် တရားဝင်လုပ်ငန်းလိုင်စင် ပေးဆောင်ထားသည့် ဆိုင်ခန်းအရေအတွက် မည်မျှ ရှိမရှိ အဝေးပြေးကားဝင်း စည်ပင်သာယာ (အခွန်ဌာန) သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ကားဝင်းအတွင်း အနှိပ်ခန်းများ ယမန်နှစ်မှစ၍ များပြားလာသည့်အတွက် အဆိုပါကားဝင်းအား တရားဝင်လုပ်ကိုင်ခွင့် ပေးထားသော ပြည့်တန်ဆာဝင်းဟု ရန်ကုန်မြို့ခံအချို့က ပြောဆိုကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်မပေးနိုင်သည့် အစိုးရ၏ အားနည်းချက်ဟု အများက သုံးသပ်ကြသည်။

2 comments

  • winkyawaung

    August 30, 2010 at 1:44 am

    အထက်က နိုင်ငံတော်အကြီးအကဲများကလည်း သူတို့နေရာရရှိရေးကိုသာ ကြိုးစားနေကြတဲ့အချိန်ပါ။ ဒီတော့ အကျင့်ပျက်ဝန်းထမ်းတွေကလည်း အချိန်ရှိခိုက် ရသလောက်ဝိုက်ကြတဲ့သဘော ဖြစ်နေပါပြီ..။ စီးပွားရေးသမားတွေက ပြည်နာမှ ငွေရှာလို့ကောင်းသတဲ့။ ဌါနဆိုင်ရာကဝန်ထမ်းတွေအတွက်တော့ အကြီးအကဲတွေက နေရာအတွက်မျက်ဖြူစိုက်နေချိန်မှာ အောက်ကကောင်တွေကလည်း ငွေရရှိရေးကို လက်တစ်ဆုံးနှိုက်ပြီး ဝိုက်နေကြတဲ့သဘောပါဗျာ..။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လူတန်းစားတွေလို့သာ ဆိုလိုက်ပါရစေ…။

    Reply

  • Gong Zhu

    September 16, 2010 at 6:40 pm

    Message တစ်ခါမှမရောက်ဖူးဘူး . . . ဘယ်လိုမျိုးလဲ ၊ ? ? ?

    Reply

Leave a Reply

Your email address will not be published.