ကြက်နှင့် ကြက်ဥ ဘယ်သူအရင်လဲ

petitelapineJuly 27, 20101min06

ကြက်ဥနှင့်ကြက် ဘယ်သူက အရင်စဖြစ်သလဲဆိုသည့် ပုစ္ဆာအတွက်အဖြေကို ဗြိတိန်မှသိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ရှက်ဖီးနှင့် ဝါးလ်ဝစ်ခ်တက္ကသိုလ်မှ ပညာရှင်များသည် စူပါကွန်ပျူတာသုံးပြီး တိရစ္ဆာန်များက ဥခွံကို ဖန်တီးပုံကို မူလက ရှာဖွေလေ့ာလာခဲ့ရာမှ အမှတ်မထင် ယင်းအယူအဆကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကြက်ဥက စဖြစ်သလားလို့ အရင်က သံသယ ရှိခဲ့ကြပါတယ်။ဒါပေမဲ့ ကြက်က စဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပ္ပံနည်းကျ သက်သေပြနိုင်ပါပြီ”ဟု ရှက်ဖီးလ်တက္ကသိုလ်မှ ဒေါက်တာကောလင်းဖရီးမင်းန်က ဗြိတိသျှသတင်းစာ တစ်စောင်ဖြစ်သော မက်ထရိုသို့ ပြောကြားခဲ့သည်။

သုတေသန ပညာရှင်များသည် HECToR ဟု အမည်ရသည့်  စူပါကွန်ပျူတာဖြင့် ယခင်ကတည်းက အခြားပညာရှင်များ တွေ့ရှိထားသည့် ဥဖန်တီးပေးနိုင်သော ပရိုတိန်းတစ်မျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြခြင်းဖြစ်သည်။ ကြက်များက ဥ ဖန်တီးရန် လိုအပ်သော ဓာတ်သတ္တိများကို လေ့လာပြီးနောက် ယင်းဓာတ်သတ္တိများကို မည်သို့ပေါင်းစပ်လျှင် ဥဖြစ်လာမည်ဆိုခြင်းကို စူပါကွန်ပျူတာဖြင့် တွက်ချက်ခဲ့ကြသည်။

ကြက်မက ဥချရန် တစ်ရက်သာ အချိန်ကြာသော်လည်း ကွန်ပျူတာဖြင့် ယင်းဓာတ်ပစ္စည်းတို့ ပေါင်းစည်းပြီး ဥဖြစ်လာနိုင်ပုံကို လေ့လာခဲ့မှုမှာမူ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ယင်းလေ့လာမှုအရ ကြက်အတွင်းရှိ ပရိုတိန်းဓာတ်တစ်မျိုး၏ ဥခွံလွှာများ တည်ဆောက်ပုံကို နားလည်ခဲ့ရသည်ဟု ဆိုသည်။

ယခု တွေ့ရှိမှုအရ ဥခွံ တည်ဆောက်နိုင်သည့် ပရိုတိန်းမျိုးမရှိလျှင် ယင်းသို့သော ဥမျိုးများဖြစ်လာရန် မဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲခဲ့ကြသည်။ ယင်းပရိုတိန်းကိုလည်း ကြက်တို့၏ မမျိုးဥအိမ်တွင်းတွင်သာ တွေ့နိုင်ရာ ကြက်မရှိဘဲ ဥ ဖြစ်မလာနိုင်ကြောင်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့ဆိုလျှင် ယင်းကြက်များ မည်သည့်နေရာမှ လာသည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်ပြီး ဥဖြင့်မွေးသော သတ္တဝါတို့၏အစမှာလည်း မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သည်။မျက်မှောက်ခေတ် မြင်တွေ့နေရသော တိရစ္ဆာန်များနှင့် မတူသော ဘိုးဘေးတိရစ္ဆာန်များသည် ဒိုင်နိုဆောခေတ်က ဥခွံဖြင့်မွေးသည့် သတ္တဝါများ ဖြစ်လာခဲ့ကြသည်ဟူသော အယူအဆများလည်း ရှိနေသည်။

ယခု လေ့လာမှုမှာ မူလကတည်းက ကြက်ဥနှင့်ကြက် ဘယ်ကစသည်ဆိုခြင်းကို လေ့လာခဲ့ခြင်း မဟုတ်ဘဲ လူသားတို့ပင် စက်ပစ္စည်းများ၊နည်းပညာများဖြင့် မဖန်တီးနိုင်သော တိရစ္ဆာန်တို့၏ ဥတည်ဆောက်ပုံကို လေ့လာခဲ့ခြင်းဖြစ်သောကြောင့် ကြက်တို့၏ ဥတည်ဆောက်ပုံမှတစ်ဆင့် အလွန်သေးငယ်သော ခရစ္စတယ်ပုံဆောင်ခဲများဖြင့် ပစ္စည်းများဖန်တီးခြင်း၊ ယင်းတို့ကို ဖျက်ဆီးခြင်းတို့ကို ဆက်လက်လေ့လာနိုင်ရန်သာ အဓိက ရည်ရွယ်ထားသည်ဟု ပညာရှင်များကဆိုသည်။

6 comments

  • etone

    July 27, 2010 at 8:06 am

    အဆန်းပဲနော် ။ အလကားနေရင်းကြက်ကဘယ်ကရောက်လာရတာတုန်း ဒါဆို ။

    Reply

  • Yin Nyine Nway

    July 27, 2010 at 8:45 am

    အားနေတာထင်တယ်နော်

    Reply

  • ghost

    July 27, 2010 at 3:42 pm

    အင်း….ဒီလိုသက်သေ ပြပါလား ဥမရှိဘဲ ကြက်တကောင်ဖေါက်ပြပါ ဒါဆိုကြက် ကအရင်ဆိုတာ ယုံရမှာ အဲဒီလိုမှ့ မပြနိုင်ရင် မဖြစ်သေးဘူး

    Reply

  • naung

    July 28, 2010 at 2:25 pm

    အားနေတာမဟုတ်ပါ
    လိုအပ်လို့ လေ့လာတာနေမှာပါ။

    Reply

  • fatty

    July 28, 2010 at 3:53 pm

    ကျွန်တော့အထင်တော့ ဥကစဖြစ်တာမဖြစ်နိုင်ပါ။ ငယ်ငယ်က တောမှာကြီးပြင်းရတာဆိုတော့ ……အပင်ကြိုအပင်ကြား မြောင်းကြိုမြောင်းကြား ရှောက်နှိုက်ကြည့်ရင်း ကစားကြရပါတယ်။ အကောင်လေးတွေဟာ အညှိ တွေကနေ အသက်ဝင် လာတာကို တွေ့ဘူးပါတယ်။ မန်ကျည်းပင်ပေါ်က မန်ကျည်းကိုင်းနဲ့ခွဲခြားလို့မရတဲ့ အကောင်မျိုးလဲရှိပါတယ်။ ဒါကြောင့်သတ္တဝါတွေဟာ မူရင်း အစ က ရေ၊ မြေ၊ လေ နဲ့ဒြပ် တွေပေါင်းပြီး အညှိဖြစ်လာတာကနေ အဆင့်မြင့် သက်ရှိ ဖြစ်လာတယ်ထင်တာပဲလေ။

    လူလဲ အညှိကဖြစ်တာမဟုတ်လား။

    Reply

  • fatty

    July 28, 2010 at 4:00 pm

    အခုမှသတိတခုရလို့…….အညှိကနေ ကြက်အကောင်ဖြစ်…သဘာဝရဲ့ဆင့်ကဲဖြစ်စဉ်တိုးတက်မှုအရ….ကြက်ထီးနဲ့ကြက်မဖြစ် …..ကြက်ထီးကရီးစားစကားပြော…..အဲဒီကမှကြက်ဥရယ်လို့ဖြစ်တာနေမှာပါ။

    Reply

Leave a Reply

Your email address will not be published.