လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ… (ပုလဲတစ်တန့် သန္တာတစ်တန့်)

koyinApril 12, 20135min09

လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ…

(ပုလဲတစ်တန့် သန္တာတစ်တန့်)

 

ရွက်ရင့်ရော်ရီ၊ မြိုင်တောဆီမှ၊

တွယ်တာတတမ်း၊ သဇင်ပန်းကို၊

လှမ်းလင့်လိုလည်း၊ ရင်ဖိုဆဲလေ၊

ဖွဖွဖြေဖျောက်၊ ဆည်းဆာရောက်မူ၊

ပါးပြင်ပူပြန်၊ သန်းခေါင်ယံည၊

ကောင်းကင်ကကြယ်၊ ခြွေခူးလွယ်မည်၊

တိုးတိတ်တီတာ၊ ဖြေဆည်ရာတေး၊

ဆိတ်ဆိတ်ဆွေးဆဲ၊ တွေဝေကဲမှ၊

ကြယ်ကြွေကျကောက်၊ အလင်းပျောက်သော်၊

မူးမေ့မျှော်မိ၊ ဖြေမချိသူ၊

ဖြိုးဖြဖြူဖွေး၊ လမင်းဝေးမှ၊

ခိုးခြွေချခိုက်၊ နှလုံးရှိုက်သံ၊

ကြေကွဲကံကြွေး၊ ညတရေးနိုး၊

ပျပျပြိုးပြက်၊ ရင်တွယ်ယှက်လှိုင်း၊

မိုးမြေမှိုင်းမှုန်၊ သည်တိုင်းတုန်စေ၊

လွမ်းလို့လေလွင့်၊ ကြွေနိုင်ခွင့်လှမ်း၊

နွေနှယ်နွမ်းနုံး၊ ရာသက်လုံးဆူ၊

ပိုပြန်ပူပင်၊ သည်ရင်ခွင်ရူး၊

လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ…။ ။

 

တောက ကိုရင်
၁၂.၀၄.၂၀၁၃

(ကိုဟယ်ရီ၏ နွေနှယ်နုန်းနုန်း နွမ်းနယ်နေ ကို တုယူရေးသားပါသည်..။)

 

နွေနှယ်နုန်းနုန်း နွမ်းနယ်နေ

 

ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊

လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊

ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊

မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊

လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊

နံနက်နှင်းနု၊ လှရည်ဥရာ

ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊

ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊

နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊

မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊

သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊

ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊

ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊

မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊

ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊

ထွေးထွေးထက်ထက်၊ ချစ်မြသက်သည်၊

လက်လက်လျှပ်လို၊ ဝေးရာကိုဖယ်၊

မုန်းမယ်မာန်မူ၊ ခွာရှောင်သူရေ၊

နွေနှယ်နုန်းနုန်း နွမ်းနယ်နေ။ ။

 

ဟယ်ရီလွင်

 

ဒီလိုကဗျာရေးနည်းမျိုးကို ပုလဲတတန့်၊ သန္တာတတန့်လို့ခေါ်ပါတယ်။ ဒါလည်း ရှင်မဟာရဋ္ဌသာရ ရဲ့ ရေးနည်းပါ … တပုဒ်လုံးကိုကတော့ လေးလုံးစပ် လင်္ကာသွားနဲ့ ရေးသွားတာပါပဲ … ဒါပေမဲ့ အစပါဒ ကနေပြီး “ပျိုးပျိုးပြက်ပြက်၊ လက်လက်လင်းလင်း၊ ဝိုးဝင်းဝါဝင့်၊ မြမြင့်မိုးမှ၊ လင်းလှလျှပ်လက်၊ နံနက်နှင်းနု …” စသည်ဖြင့် တပိုဒ်ခြားစီ အက္ခရာ တလုံးတည်းကိုပဲ သုံးထားတာကို တွေ့ရပါလိမ့်မယ်။ အက္ခရာတလုံးတည်းကို တပိုဒ်ကျော်စီ ဖွဲ့ထားတဲ့အတွက် အက္ခရာတွေက ပုလဲသီ ရွဲစီထားသလို အကန့်လိုက် အတန့်လိုက်လေးတွေဖြစ်နေတာမို့ ပုလဲတတန့်၊ သန္တာတတန့် လို့ ခေါ်ရခြင်းဖြစ်ပါတယ် … အချပိုဒ်ကိုတော့ “န” အက္ခရာတလုံးထဲနဲ့ပဲ ချလိုက်ပါတယ် …

ကဗျာဉာဏ် ကွန့်မြူးနိုင်ကြပါစေ …

9 comments

  • kai

    April 13, 2013 at 1:16 pm

    “နွေနှယ်နုန်းနုန်း နွမ်းနယ်နေ။ ။”
    “လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ…။ ။”

    ဒီလို..အရေးဆန်း အတွေးဖြန်းလေးတွေကို..
    “တမ်းတမ်းတတ တိုင်တည်တော” ပြောရရင်…

    အော်… အင်း…
    မြန်မာ့ကဗျာ ရှေးခေတ်ခါကို…
    “လွမ်းလွမ်းလျှလျှ လှိုင်လည်လော”…။

    Reply

    • koyin

      April 15, 2013 at 10:28 am

      ကျေးဇူးပါ သကြိးယေ
      ကိုရင်လည်း တတ်နိုင်သလောက်မျှဝေတာပါ
      ကိုရင့်ကဗျာဖတ်ရလို့ ဗဟုသုတ ခံစားမှုရသ တစ်ခုခုရတယ်ဆို ကျေနပ်ပါပြီဗျာ
      ဆက်လက်ကြိုးစားထမ်းဆောင်နေဆဲပါ

      Reply

  • ဦးဦးပါလေရာ

    April 13, 2013 at 10:56 pm

    ကျုပ်က ကဗျာ ဝတ္ထု စတဲ့ ရသစာပေတွေကို (ကိုယ်လဲ သိပ်နားမလည်တော့) မှတ်ချက်မရေးဖြစ်လို့သာ-
    ကိုရင် ရဲ့ ကဗျာတွေကို စောင့်ဖတ်နေတာ ကြာပါပြီ

    ဒီခေတ်မှာက ကဗျာမှာတော့ လေးလုံးစပ်၊ ခေတ်စမ်းကဗျာလောက်ကို (ကာရံ နရီပါတာကြောင့်) ဂန္တဝင်လို့ ရောချနေကြပါပြီ။
    တကယ့်ဂန္တဝင်ပုံစံမျိုးကို မမြင်ဖူး မကြားဖူးသူတွေတောင် မနည်းလှတာ..
    ကိုရင်က အခုလို ရေးလဲရေး ၊ နည်းစံနစ် စည်းဘောင်လဲ ရှင်းပြတာမျိုးကို နှစ်သက်မိပါတယ်။

    လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါး ကျုပ်တို့ခေတ်က ကိုယ့်မြန်မာစာဆရာကိုတောင် ဘာမှမေးလို့မရတော့တာ
    ကိုရင့် တပြည့်တွေ ကံကောင်းပါသဗျာ…..။

    Reply

    • koyin

      April 15, 2013 at 10:35 am

      ဟုတ် ကိုရင်လည်း ဆရာကိုဟယ်ရီနဲ့တွေ့မှ ဂန္တဝင်ကဗျာ ရှေးနည်းနာတွေကို လေ့လာသိရှိရတာပါ အားလုံး ကိုဟယ်ရီကျေးဇူးတွေပါ
      မတိမ်ကောအောင် အတတ်နိုင်ဆုံး ကြိုးစားမျှဝေချင်တာပါ ပညာမပြည့်ဝသေးလို့ လိုအပ်ချက်များစွာကို နားလည်ပေးကြပါလို့ ပြောချင်ပါတယ် ဆက်လက်ကြိုးစားနေဆဲပါဗျာ
      တပည့်ရယ်မရှိပါဘူးဗျာ ကိုရင်တောင် လေ့လာနေဆဲမို့ သိသလောက်လေး မျှဝေတာပါ

      Reply

  • ကပ္ပိယ မောင်ကြီး

    April 14, 2013 at 2:07 pm

    ကိုရင့်အတွက် ကပ္ပိယကြီးက ပြောချင်တာကဖြင့်
    ဆွမ်းဆန်ဆုဆေး ၊ ဆုံဆိုင်ဆိုဆိုး ၊ ဆောင်ဆံဆောဆန်း ၊ ဆင်ဆာဆူဆိ

    Reply

    • koyin

      April 15, 2013 at 10:44 am

      ဆေးဆိုင် ဆားဆို ဆင်ဆွဲ ဆည်းဆာ ဆွဲဆိတ် ဆွေးဆွေး ဆူဆဲ ဆော့ဆွေ
      ;)))ဲ

      Reply

  • ရွှေ ကြည်

    April 14, 2013 at 4:14 pm

    လေ့လာမှတ်သားသွားပါတယ် ကိုရင်ရေ ကျေးကျေးပါ
    ရွှေကြည်ကတော့ ဦးဦးပါပြောသွားတဲ့ ကာရံ နည်းနည်း နရီ စပ်စပ်လောက်ပါတဲ့ ခေတ်ဆန်းလောက်ပဲလက်စမ်းတတ်သမို့ လေးစားရပါတယ်ကိုရင်ရေ။

    Reply

    • koyin

      April 15, 2013 at 10:45 am

      လေးစားလျက်ပါဗျား
      ဆက်လက်ကြိုးစားဖန်တီးမျှဝေပါ့မယ်

      Reply

  • amatmin

    April 15, 2013 at 12:02 pm

    ကိုရင်ရေ..
    သဘောတကျ အားပေးသွားပါတယ်ဗျ…
    စကားလုံးအနုတွေ အပြင် ကဗျာ ဗဟုသုတလည်းရတယ်..
    ကဗျာကို ခံစားလို့လည်း ရတယ်ဗျို့.. 🙂

    Reply

Leave a Reply to amatmin Cancel Reply

Your email address will not be published.