ဘုရားသခင်မုန်းတဲ့ လေဒီဂါဂါ…

lu ta loneJuly 24, 20101min05

လေဒီဂါဂါရဲ့ နယ်လှည့်တေးဂီတ ဖျော်ဖြေပွဲမှာ အငြင်းပွါးဖွယ်ရာ ရှေးရိုးစွဲ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို ဆန့်ကျင်ကန့်ကွက် သူတွေကို လေဒီဂါဂါ ကတော့ “မုန်းတီးခြင်း ဥပဒေကို ကျူးလွန်တဲ့ ရာဇဝတ်သားများ”လို့ စွတ်စွဲ မှည့်ခေါ် လိုက်တယ်လို့လည်း သိရပါတယ်။

လေဒီဂါဂါဟာ လိင်တူချင်း ချစ်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လူတွေ ပိုမို သိနားလည်လာအောင် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ထင်မြင်ယူဆ သူတွေက “ဘုရားသခင်ဟာ လေဒီဂါဂါကို မုန်းတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆွဲပြီး ဆန့်ကျင် ဆန္ဒပြကြတယ်လို့လည်း သိရပါတယ်။

ကိုယ့်ကိုယ်ကို လိင်တူလိင်ကွဲ နှစ်ခုစလုံးကို ကြိုက်နှစ်သက်တဲ့ သူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာထားတဲ့ ဂါဂါဟာ လိင်တူချစ်သူတွေ အခွင့်အရေး တန်းတူရရှိရေးနဲ့ ပတ်သက်လို့ စွမ်းစွမ်းတမံ စည်းရုံးလုပ်ဆောင်နေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

အဲဒီဖျော်ဖြေပွဲ အစီအစဉ်ကို မစခင်မှာ ဂါဂါက Twitter အင်တာနက် သတင်းအမြန် ပေးပို့ဖြန့်ချီတဲ့ ကွန်ယက်ကနေပြီး သူ့ရဲ့ပရိသတ်တွေဆီကို “ကျမတို့ ဖျော်ဖြေရေး အခမ်းအနားရဲ့ အပြင်ဖက်မှာ မုန်းတီးရေးကို လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ ရောက်ရှိလို့ နေပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ အတွက်ကြောင့်မို့ အားလုံးသတိရှိကြပါ။ ဒါပေမယ့် အရမ်းတော့ မစိုးရိမ်ပါနဲ့။ ဒီလိုမုန်းတီးရေးကို လှုံ့ဆော်နေတဲ့ ရာဇဝတ်ကောင်တွေရဲ့ ရိုင်းဆိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ အကြမ်းဖက်မှုကို သရုပ်ပြနေတဲ့ အပြောအဆိုတွေကနေ ကျမကာကွယ်ပေးပါ့မယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ ပရိသတ်ကြီးကို ကျမတောင်းဆိုချင်တာကတော့ အဲဒီလူတွေရဲ့ နှုတ်ထိုး ရန်တွေ့ချက်တွေကို ကျေးဇူးပြုပြီး ဘာမှ တုံ့ပြန်မှု မပြုလုပ်ပေးကြဖို့နဲ့ သူတို့ကိုပြန်ပြီး ရန်မတွေ့ကြဖို့ အနူးအညွတ် တောင်းဆိုချင်ပါတယ်” လို့ သတင်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် “မလိုမုန်းထား ပြောဆိုစွတ်စွဲနေတဲ့ အရည်မရ အဖတ်မရ စကားလုံးတွေကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အညှိုးအနွမ်း မခံကြပါနဲ့။ ရှင်တို့က အဲဒီအပြင်မှာ ဟစ်အော်သောင်းကြမ်းနေတဲ့ သူတွေထက် ပိုပြီးကံကောင်းတဲ့သူတွေ ပိုပြီးကောင်းချီးမင်္ဂလာ ခံစားနေရတဲ့ သူတွေလို့ ပြန်မှတ်ယူလိုက်ပါ။ ပြီးတော့ ရှင့်တို့ရဲ့ စိတ်နှလုံးသားထဲကနေ သူတို့အတွက်ကို ဆုတောင်းပေးကြပါ” လို့ ပရိသတ်ကြီးကို ထပ်လောင်း အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန် အခြေစိုက် Westboro နှစ်ချင်း အသင်းတော်ဟာ အရှေ့အလည်ပိုင်း စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ စစ်သားတွေရဲ့ ဈာပနာအခမ်းအနားမှာ “ဘုရားသခင်ဟာ အခြောက်၊ ဂန်ဒူးတွေကို မုန်းတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ခဲ့တဲ့ အတွက်ကြောင့်မို့ လူသိများတဲ့ အသင်းတော် တစ်ခုဖြစ်ပါတယ်။

အဲဒီလို ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ဈာပနာအခမ်းအနားမှာ ဒီလိုမုန်းတီးရေး ဆောင်ပုဒ်တွေကို လွှင့်ထူရတဲ့ အဓိက အကြောင်းအရင်းက အမေရိကန်နိုင်ငံမှာ လိင်တူချင်း လက်ထပ်တာကို စပြီး လက်ခံလာတာမို့လို့ ဘုရားသခင်က အမေရိကန်နိုင်ငံကို ပြစ်ဒဏ်ချမှတ်တဲ့ အနေနဲ့ အခုလို စစ်သားတွေကို စစ်မြေပြင်မှာ သေစေတာ ဖြစ်တယ်လို့ အဲဒီအသင်းတော်က ယုံကြည်လက်ခံထားတာ ဖြစ်ပါတယ်။

အဲဒီ Westboro နှစ်ချင်း အသင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Shirley Phelps-Roper က ဒီနှစ် နှစ်ဦးပိုင်းမှာ ကတည်းကနေ ကျမတို့က လေဒီဂါဂါရဲ့ စတိတ်ရှိုးတိုင်းကို လိုက်ပြီးတော့မှ ဆန္ဒပြကြမှာ ဖြစ်တယ်။ ပြီးရင် “ဘုရားသခင်က လေဒီဂါဂါကို မုန်းတယ်။ လေဒီဂါဂါသီချင်း နားထောင်တဲ့ သူတွေအားလုံး ငရဲရောက်မှာ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပြင် သူမက ဘာကြောင့် ဒီလိုလုပ်ရသလဲ ဆိုလို့ရှိရင် ကျမ်းစာမှာ လိင်တူဆက်ဆံခြင်းကို ကျမ်းစာက တားမြစ်ထားတယ် ဘုရားတားမြစ်ထားတာမို့လို့ ဆန့်ကျင်ပြီး လိင်တူချစ်သူတွေ ပိုမိုများပြားလာအောင် လှုံ့ဆော်ပေးနေတဲ့ ဒီကောင်မရဲ့ပါးစပ်ကို ကျမတို့ ပိတ်ကို ပိတ်ရမယ်လို့ ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်။

5 comments

  • cobra

    July 24, 2010 at 9:41 am

    အော်….သူမှန်တယ်ထင်လို့လုပ်နေတာဘဲလေ…။

    Reply

  • Yin Nyine Nway

    July 29, 2010 at 10:39 am

    ဘုရားသဆင် ကိုသူက မုန်းတာလား သူ့ကို ဘုရား သခင်ကမုန်းတာလား

    Reply

  • phyophyo

    August 4, 2010 at 9:37 am

    မင်္ဂလာပါ ခင်ဗျား
    ကျနော်က Rainbow Colors Website (Lesbian, Gay, Bisexual and Transgenders) မှ အယ်ဒီတာအဖွဲ့ဝင်တယောက် ဖြစ်ပါတယ်ခင်ဗျား
    အခု ဒီဆိုဒ်မှာ ကျနော်တို့သက်တံ့ဝက်ဆိုဒ်ရဲ့ မူပိုင်သတင်းတွေကို အများကြီး ကူးယူတင်ပြထားတာ တွေ့ရပေမယ့် အောက်မှာ သက်တံ့အဖွဲ့ကို အသိအမှတ်ပြုတဲ့ဟာ တစ်ခုခုကို မတွေ့ရဘူး ဖြစ်နေပါတယ်ခင်ဗျား
    ကျနော်တို့ရဲ့ သတင်းတွေကို အခုလိုမျိုး တကူးတက ဖော်ပြပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါကြောင်းလည်း ပြောချင်ပါတယ်ခင်ဗျား
    ဒါပေမယ့် ကျနော်တို့ဆိုဒ်က ကူးယူပါတယ်ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးစေချင်ပါတယ်ခင်ဗျား
    ဘာဖြစ်လို့လဲဆိုတော့ အသိအမှတ်ပြုတယ်ဆိုတဲ့ အရာတစ်ခုခုကို လိုချင်လို့ပါခင်ဗျား
    ဒီတင်ထားတဲ့ သတင်းမှာ တွေ့ရသလောက်က written by: ဆိုတဲ့နေရာမှာ lu ta lone ဆိုတာကို တွေ့ရလို့ ပြောခြင်းဖြစ်ပါတယ်ခင်ဗျား
    အဲဒီအတွက် သူတပါးရဲ့ ပူပိုင်ခွင့်ကို လေးစားသောအားဖြင့် ပူပိုင်ခွင့်ကို ထည့်ပေးစေချင်ပါတယ်ခင်ဗျား
    ကျေးဇူးတင်ပါတယ်

    Reply

  • mandalarmoe

    August 8, 2010 at 11:26 am

    ဘုရားသခင်လည်းမုန်းလောက်ပါတယ် ………လူတွေလည်းမုန်းလောက်ပါတယ်

    Reply

  • secret

    September 9, 2010 at 3:41 am

    ဘုရားသခင်နဲ ့ဘယ်လိုစကားပြောလို ့ဘုရားသခင်မုန်းတယ်လို ့သိကြတာလဲဟင်။
    အင်တာနက်နဲ ့စကားပြောကြတာထင်တယ်……..

    Reply

Leave a Reply

Your email address will not be published.