ရင်ဘတ်မိတ်ဆွေ(Bosom friend)

Zaw WonnaJuly 23, 20101min02

ကျနော် ဆယ်တန်းလောက် တုန်းက စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတာပါ။ “ကိုယ့်ကို တကယ် ချစ်ခင်တဲ့သူ ဘောလုံးတစ်သင်းစာ ရှိရဲ့လားတဲ့”။ ဘယ်စာအုပ်လဲ ဆိုတာတော့ မမှတ်မိတော့ဘူး၊ တက်ကျမ်းထဲကလို့ ထင်တာပဲ။ အဲဒီ မေးခွန်းလေးကို အဲဒီတုန်းက သူငယ်ချင်းတွေကို မေးကြည့်ခဲ့ဖူးတာ သတိရမိတယ်။
ဘာရယ်လို့မဟုတ်ပေမဲ့ သူတို့လည်း ကျနော်မေးမှ စဉ်းစားမိကြပုံပေါ်ပါတယ်။ သေချာတာကတော့ ဘယ်သူ့မှာမှ တကယ်ချစ်ခင်တဲ့သူ ဆယ့်တစ်ယောက် မပြည့်တာပါ။ ကျနော်ဆိုလိုတာက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင် ကိုယ်က သူ့ထက်သာသွားရင် မနာလိုမဖြစ်ပဲ ဝမ်းသာတတ်တဲ့သူမျိုး၊ ကိုယ်တကယ် ဒုက္ခရောက်နေတာတွေ့ရင် ကိုယ့်ကို ကိုယ်ချင်းစာနားလည်ပြီး ကူညီတတ်တဲ့ သူမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရရင်တော့ “ရင်ဘတ်မိတ်ဆွေ” (Bosom friend) ပေါ့လေ။

တကယ်ဆို အဲဒီအရွယ်တုန်းက သူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘာမျှော်လင့်ချက်မှ မထားပဲ ချစ်ကြတာများပါတယ်။ သူငယ်ချင်းလည်း များတဲ့အရွယ်ပါ။ ဒါပေမဲ့ တွေးကြည့်လိုက်တော့ ကိုယ်နဲ့လက်ပွန်းတတီး ပေါင်းနေတဲ့ သူငယ်ချင်းအချို့ကိုတောင် ကိုယ့်ကို တကယ်ချစ်ပါတယ်လို့ မယုံကြည်ရဲဘူး ဖြစ်သွားတယ်။ သေချာပြန်စဉ်းစားကြည့်မှ ကိုယ်ကိုယ်တိုင်ကရော သူငယ်ချင်း ဘယ်နှစ်ယောက်ကို တကယ်ချစ်ခဲ့လို့လဲလို့ ပြန်တွက်မိပါတယ်။ ကိုယ်က ကြည့်လို့မရတဲ့ သူတွေ၊ ကိုယ့်ထက် ပိုပြီး စာတော်တဲ့သူတွေ၊ ကိုယ့်ကို စိတ်အနှောက်အယှက် ဖြစ်အောင် စတတ် ရိတတ်တဲ့သူတွေ၊ ဘာမဟုတ်တဲ့ အကြောင်းလေးနဲ့ ရန်ဖြစ်ပြီး မခေါ်မပြောနိုင်သူတွေ၊ မိဘချမ်းသာလို့ ကိုယ့်ထက် ပိုကြွားနိုင်သူတွေ၊ အို …  လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်းတွေ ထဲမှာကို ကိုယ်တကယ် မချစ်တဲ့သူတွေ အများကြီးပါလား။ ထူးဆန်းတာက ကိုယ်တကယ်ချစ်တဲ့ သူငယ်ချင်းတွေကတော့ ကိုယ့်ကို တကယ်ပြန်ချစ်တယ်လို့ ထင်မိတာပဲ။

ကျနော့်အထင်တော့ သူများအကျိုးအတွက် ဆောင်ရွက်တတ်သူ၊ တနည်းအားဖြင့် လူတွေကို တကယ်ချစ်တတ်တဲ့ သူမျိုးတွေမှာ သူတို့ကို တကယ်ချစ်တဲ့သူလည်း များမယ်ထင်တယ်။    ဘာပဲဖြစ်ဖြစ် လောကမှာ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေ များများရှိဖို့ လိုအပ်တယ်လို့ ကျနော်ယူဆတယ်။ ကိုယ်လိုအပ်တဲ့အချိန် အကူအညီရအောင်၊ ကိုယ်ဆေးရုံတက်နေချိန် လာကြည့်ရအောင် ဆိုတာထက် နွေးထွေးတဲ့ ဆက်ဆံမှုတစ်ခုဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အဲလိုသိလာတာက အခုအချိန်မှာ ကိုယ်နဲ့ အပေါ်ယံ ဟန်လုပ် ဆက်ဆံနေတဲ့ သူတွေ များလာတာကြောင့်လည်း ပါမယ်။ ကိုယ့်မိသားစုထဲမှာတင်မက အပြင်ဘက်က မိတ်ဆွေတွေရဲ့ ချစ်ခင်မှုရဖို့ ဆိုတာကတော့ Dale Carnegie’s ရဲ့ “How to Win Friends and Influence People” (ဦးနုဘာသာပြန် – လူပေါ်လူဇော်လုပ်နည်း) လိုမျိုးလောက်နဲ့တော့ ဖြစ်မယ်မထင်ပါ။ ကိုယ်ကိုယ်တိုင်က စပြီး ကြိုးစားပြုပြင်ရမယ်လို့ သဘောပေါက်မိပါတယ်။ သေချာတာကတော့ ရင်ထဲကလာတဲ့ စကားလုံး၊ အပြုအမူတွေနဲ့သာ ရင်ဘတ်မိတ်ဆွေ ဖြစ်နိုင်မှာပါ။

ဘောလုံးတစ်သင်းစာ မဟုတ်တောင် ရင်ဘတ်မိတ်ဆွေ တစ်ယောက် နှစ်ယောက်လောက် ရှိမယ်ဆိုရင် လောကကြီးမှာ အတော်လေး နေလို့ထိုင်လို့ အဆင်ပြေမယ်လို့ ယူဆနေမိပါတယ်။

2 comments

  • kopauk mandalay

    July 23, 2010 at 2:03 am

    ကျနော်အမြင်ကတော့ တကယ့်မိ်တ်ဆွေအစစ်ဆိုတာ
    တကယ်အခက်အခဲတွေ ဒုက္ခတွေ
    သူနဲ့ကိုယ်နဲ့တစ်ယောက်မဟုတ်တစ်ယောက်သေချာပေါက်နစ်နာမယ်ဆိုတဲ့အချိန်မှသာ
    စစ်တယ်မစစ်ဘူး ဆိုတာ သိနိုင်တာပါ။

    Reply

  • etone

    July 23, 2010 at 4:18 am

    အခုနောက်ပိုင်းလူတွေက စာနမှူ၊ ကိုယ်ချင်းစာမှု ၊ သစ္စာရှိမှူတွေကင်းမဲ့လာပြီ ။ ကိုယ်ကစိတ်ရင်အတိုင်းဆက်ဆံမိရင် စော်ကားခံရမယ်လေ ။ စိတ်ရင်းမှန်ဒီတော့လည်း နည်းနည်း လောကွတ်လေး နှောပြီး ရေလိုက်ငါးလိုက်ပဲကောင်းပါတယ် ။ စိတ်တူကိုယ်တူ သူငယ်ချင်းအပေါင်းသင်းဆိုတာတောင် ရှားလာပါပြီ ။ အပေါ်ယံလောက်သာ နှုတ်ချိုပြီးကောင်းပြတတ်တာပါ အတွင်းစိတ်ပုတ်တွေ ဒုနဲ့ဒေးပါပဲ ။ အလုပ်ခွင်ဝင်နေတဲ့လူတွေ ပိုနားလည်မှာပါ ။

    Reply

Leave a Reply

Your email address will not be published.