“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၃)”

asiamastersMarch 5, 20131min03

မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင် ရည်  အကဲဖြတ်အဖွဲ့မှ အကြံပြုရေးသားပါရန် နှိုးဆော်ထားသဖြင့် ရေးသားခြင်း လည်းဖြစ်သည်။ ကျွန်တော်သည် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံ တွင်နေထိုင်နေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံခိုင်မြဲရေး၊ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း၍ အရေအတွက် တိုးပွားနေရေး၊ အလုပ်အကိုင်ဝင်ငွေပုံမှန်ရှိ၍ ဂုဏ်သိက္ခာရှိရှိနေနိုင်ရေး၊ မျှမျှတတနှင့် မဖေါက်ပြန်သောလူမျိုးများဖြစ်ရေး အတွက်ကိုသာယုံကြည်၍ မိမိလုပ်ဆောင် နိုင်သည်များကို လုပ်ဆောင်နေသူလည်းဖြစ်သည်။ ယခုကဲ့သို့ အကြုံတင်ပြချက်များ ရေးသားခြင်းမှာ ယခု အစိုးရတာဝန်ယူလုပ်ကိုင်နေသူတို့ကို မကောင်းမြင်ဝါဒဖြင့် ဆက်ဆံလို၍မဟုတ်၊  မနာလိုဝန်တိုဖြစ်၍လည်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် ကလည်း အငြိမ်းစားဝန်ထမ်းတစ်ဦးသာဖြစ်သည်။ ကျွန်တော်ရေးသားရခြင်းတွင် ရည်ရွယ်ချက်ရှိပါသည်။ တစ်ချို့အကြောင်းကိစ္စတို့ကို ရေရှည်အတွက် စဉ်းစားကြရ သည်။ တစ်ချို့သောအကြောင်းကိစ္စတို့မှာ အခုချက်ချင်းလုပ်ဆောင်ရမည့် ကိစ္စများရှိသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ တစ်ပါတီအုပ်ချုပ်သည့် စနစ်ဖက်သို့ ပြန်လည်ဦးတည်သွားရန်များစွာအကြောင်းမရှိပါ။ သို့သော် ဖရိုဖရဲဖြစ်ပြီး၊ မမျှမတ ဖြစ်လာနိုင်စရာ၊ မညီမညွတ်နှင့် ပြိုကွဲသွားနိုင်စရာ များစွာရှိပါသည်။ နိုင်ငံသား အားလုံး မတည်မငြိမ်၊ ကစင့်ကလျှားနှင့် ဆောက်တည်ရာမရ ဖြစ်မည့် အရေးကို မလိုလားပါ။ ထို့ကြောင့် အုပ်ချုပ်သည့်အစိုးရတာဝန်ရှိသူများအနေနှင့် သတိပြုမိ စေရန်နှင့် သိပြီးသားများဖြစ်ပါကလည်း သတိပေးလို၍ ရေးသားထားခြင်းဖြစ်သည်။

 

ယခု Republic of the Union of Myanmar ဟူသည့်အမည်ကို အသုံးပြုခဲ့သည်မှာ နှစ်နှစ်ခန့်ရှိလာခဲ့ပါပြီ။ Republic ဆိုသည့် စကားလုံးကို နားလည်ထားရန်လိုသည်။ Republic ဆိုသည့်စကားလုံးမှာ အဆိုပါနိုင်ငံကို လူအများက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတမှ အုပ်ချုပ်သည်ဟု အဓိပါယ်ရသည်။ ဆိုလိုသည်မှာ ဘုရင်များ၊ မိဘုရားများ အစရှိသည်ဖြင့် မျိုးရိုးစဉ် ဆက် အုပ်ချုပ် သောနိုင်ငံမျိုးမဟုတ်တော့ခြင်းဖြစ်သည်။ Political System ကို ဒီမိုကရေစီစနစ်ဖြင့်သွားရန် ဆောင်ရွက်ခဲ့သဖြင့် ကမ္ဘာအလည်မှာ ဝင့်ထယ်ခဲ့သည်။ အာဏာရှင် အာရပ်နိုင်ငံများ ပြိုကွဲကြပြီး အများပြည်သူများ ထိခိုက်သေကျေမှုများ အမြောက်အများ ဖြစ်နေချိ်န် မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းသဲလဲစဉ် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုထိတည်ငြိမ်မှုကို ရခဲ့သည်။ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တင်ကျန်နေခဲ့သည့် အကြွေးများ ဖြေလျှော့ပေးခြင်း၊ ချေးငွေများထပ်မံထုတ်ပေးခြင်းတို့ကို ကြားသိနေရခြင်းမှာလည်း အလွန်ဝမ်းမြောက်စရာကောင်းပါသည်။

 

သို့သော် Economic System အနေနှင့်ကားဘာမျှ မယ်မယ်ရရ မပြောင်းလဲနိုင်သေးပါ။ ဝမ်းသာစရာကိစ္စများလည်းရှိပါသည်။ အမေရိကန်တစ်ဒေါ်လာလျှင် (၈၆၀) ကျပ်ခန့်နှင့်တည်ငြိမ်နေခြင်း၊ နိုင်ငံခြားဘဏ်များသို့ ငွေလွှဲနိုင်ရန် Swift Code များရှိလာခြင်း၊ နိုင်ငံတကာ Credit Card များအသုံးပြုလာနိုင်ခြင်းတို့မှာ အလွန်ကောင်းမွန်သည့်တိုးတက်မှုတို့ဖြစ်ပါသည်။ သို့သော် တောက်မည့်မီးခဲတရဲရဲကို ငြိမ်းသတ်မည့်ရေများမှာလည်းများစွာရှိနေပါသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ နှင့် ၁၉၈၈ ခုနှစ်မှ ၂၀၁ဝ ခုနှစ်ထိ မြန်မာနိုင်ငံတွင်တည်ဆောက်လာခဲ့သည့် စက်ရုံအလုပ်ရုံများမှာ Socialist Economy အရ  ပြည်တွင်းလုံလောက်မှု (self sufficiency) အတွက်ရည်ရွယ်၍ တည်ဆောက်ခဲ့ကြသည်။ စက်ရုံများတည်ဆောက်ခဲ့သည့် ဝန်ကြီးဌာနအများစုမှာ ထိုခောတ်က အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တပ်မတော်၊ ဦးပိုင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တို့ဖြစ်သည်။ စက်ရုံများတည်ဆောက်လည်ပတ်ခဲ့ရာတွင် အခြေခံအယူအဆ (၃)မျိုးရှိသည်။ ပထမအယူအဆမှာ Production Concept ဖြစ်သည်။ ဒုတိယအယူအဆမှာ Sales Concept ဖြစ်သည်။ တတိယ ယနေ့ခောတ်အယူအဆမှာ Marketing Concept ဖြစ်သည်။ ထိုခေတ်ကဆောက်လုပ်ခဲ့သည့် စက်ရုံအားလုံးမှာ Production Concept ဖြစ်သည်။ များများထုတ်များများဖြန့်ဖြူးခြင်းဖြင့် ပြည်သူလူထု သက်သက်သာသာနှင့် အသုံးပြုနိုင်ရန်တည်ဆောက်ထားသည့်စက်ရုံများဖြစ်သည်။ သို့အတွက် အဆိုပါစက်ရုံများသည် ထုတ်လုပ်ရန်သာ ရည်ရွယ်ထားသည်။ အရည်အသွေးပိုင်း အများလိုအပ်သည့် ပစ္စည်းများဖြစ်ခြင်း အစရှိသည့် ယနေ့ ပေါ်ပေါက်လာသည့် Marketing Concept ကို မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ပါ။ ထို့ကြောင့် အဆိုပါ စက်ရုံအားလုံးမှာ အကြီးအကျယ် အရှုံးပေါ်နေသည်ချည်းဖြစ်သည်။ လူသားများစွဲလမ်းတတ်သည့် အရက်၊ဘီယာစက်ရုံများမှ လွဲ၍ တည်ဆောက်ခဲ့သမျှ စက်ရုံအားလုံးမှာ မြောက်များလှစွာသော ဘတ်ဂျက်များ၊ ဝန်ထမ်းစားရိတ်များ၊ ပင်ရှင်များအသုံးပြုနေရသော်လည်း မည်သည့် အကျိုးမျှမဖြစ်တော့ပါ။

 

အကယ်၍ ယနေ့အစိုးရသည် ပြည်သူလူထုကို တကယ်ချစ်မြတ်နိုးသည့်အစိုးရ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အမှန်တကယ်လိုလားသည့် အစိုးရဖြစ်လျှင် ထိုကဲ့သို့ ကြီးမားစွာ အရှုံးပေါ်နေသော၊ အလုပ်မဖြစ်တော့သော လုပ်ငန်းများကို အချိန်မီ ဖျက်သင့်လျှင်ဖျက်၊ ပြောင်းသင့်လျှင်ပြောင်း လုပ်ရမည်သာဖြစ်သည်။ ကိုယ်ကျတ်ဝတ်စုံ (Strait Jacket ) ကို ဝတ်ဆင်ရမည်ဖြစ်သည်။ ယနေ့ခေတ် Private Company များကဲ့သို့ Down Size လုပ်ကြရမည်ဖြစ်သည်။ ထိုမှသာ Organizational Effectiveness ပိုမိုရလာမည်ဖြစ်သည်။ ထိုသို့ Down Size မလုပ်ပဲ ဝန်ထမ်းများကို လစာတိုးပေး၍မရပါ။ တိုးပေးလျှင် ကုန်ဈေးနှုန်းက အဆမတန်တက်သွားဦးမည်။ မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းများချည်းနေသည်မဟုတ်၊ ဝင်ငွေနည်းပါးသေးသည့် ပြည်သူလူထုကိုလည်း ငဲ့ညှာကြရဦးမည်။ ဆုံးရှုံးနေသောလုပ်ငန်းများကို ဖြေရှင်းပြီးလျှင် မိမိနိုင်ငံ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို တခြားနိုင်ငံများသို့ ရောင်းချနိုင် အောင်ကြိုးစားကြရမည်။ အငယ်စားနှင့်အလတ်စား လုပ်ငန်းရှင်များပေါ်ထွန်းလာအောင် နည်းလမ်းရှာရမည်။ ပညာပေးရမည်။ လူငယ်လူရွယ်များအလုပ်အကိုင်ရလာအောင်ဖန်တီးပေးခြင်း၊ စုဆောင်းနိုင်ခြင်း၊ နေအိမ်၊တိုက်ခန်းများ ဝယ်ယူနိုင်အောင် စနစ်တကျလုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။ သို့သော် ယနေ့လုပ်ဆောင်နေမှုများမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုသာ တစ်စာစာ ခေါ်နေသလိုဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများက အရေးကြီးပါသည်။ သို့သော် မိမိနိုင်ငံအတွင်း ဘာလုပ်ဖို့လိုနေသည်ကို သီအိုရီနှင့်လက်တွေ့နီးစပ်နိုင်သမျှ နီးစပ်အောင် လုပ်ဆောင်ကြရမည်။ အခုထိဘာမျှမလုပ်ရသေးပါ။ နိုင်ငံတော်အစိုးရ နှင့်လွှတ်တော်တို့ သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

3 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 1:37 pm

    အင်မတန်ကို ဗဟုသုတဖြစ်စေပါ၏…..
    ကူးယူထားလိုက်ပါ၏ဗျာ……..
    ဘာမှမပွားတတ်လို့ အထွေအထူးတော့ မပွားတော့ပါဘူး……………

    Reply

  • kai

    March 5, 2013 at 4:25 pm

    ပြောရရင်တေ့ာ.. ၂နှစ်အတွင်း.. ဒီလောက်လုပ်နိုင်တာ.. ကမ္ဘာတန်းမှာတောင်… တော်တော်ရှားတာပါပဲ..
    ဒီအစိုးရအုပ်စု.. ကမ္ဘာမှာနာမယ်တောင်ကျန်သွားနိုင်ပါတယ်..။
    သူတို့ဆင်းတဲ့အချိန်.. အစိုးရအဖွဲ့နဲ့အကြံပေးတွေ.. ကမ္ဘာမှာလှည့်ဟောပြောပို့ချဖို့ောတင်.. အငှားခံချင်ခံနေရမှာ…

    ဆိုတော့..
    စီးပွားရေးကိစ္စ.. အဝဝအအတွက်.. နိုင်ငံခြားက.. အကြံပေးတွေ.. ပါမောက္ခတွေ.. ပညာရှင်တွေ.. အခကြေးငွေပေးခန့်သင့်နေတယ်ထင်ပါကြောင်း.. :kwi:

    Reply

    • pooch

      March 5, 2013 at 11:00 pm

      အဲ့ဒီ လမ်းဘေး ဈေးရောင်းတာတွေ လမ်းပိတ်တာတွေ ကို ဒဏ်ငွေကြီးကြီးတပ်တဲ့ ဥပဒေကို ဘာဖြစ်လို့ မစသေးတာလဲလို့ အဲ့ဒီ အကြံပေးတွေ ကို မေးလိုက်စမ်းပါ သူကြီး

      တခါထဲ မှတ်လောက်သားလောက် များတဲ့ ပမာဏကို တပ်ပြီး မပေးနိုင်ရင် လမ်းမှာ ဘော်လန်ဒီယာ အမှိုက်သိမ်းတာတွေ ရက်ရက်စက်စက် ခိုင်းပစ်လိုက်စမ်းပါလို့

      Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.