အန္တရာယ်ရှိသော forward mail များ

Zaw WonnaJuly 21, 20101min03

သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ forward mail တစ်စောင်ကနေ ဒီအတွေးကို ရခဲ့တာပါ။ အင်တာနက်ခေတ်မှာ အီးမေးလ်တစ်စောင်ကို လူပောင်းများစွာဆီ တစ်ပြိုင်တည်း အလွယ်တကူနဲ့ ပို့လို့ရနေတော့ forward mail တွေပို့ကြတာလည်း ခေတ်စားလာပါတယ်။ လူတိုင်းဟာ ကိုယ်ရတဲ့ သတင်းအချက်အလက်ကို အခြားလူတွေဆီကို မျှဝေပေးချင်ကြတာ သဘာဝပါ။ ဒါမှမဟုတ်လည်း ကိုယ်ပြောချင်တာ တစ်ခုခုကို အားလုံးသိစေချင်တတ်ကြပါတယ်။ ဒါဟာ လူသားတွေရဲ့ ဗီဇစိတ်လို့ပဲ ထင်ပါတယ်။

သတင်းအချက်အလက်တွေကို လွယ်ကူစွာ ရရှိနိုင်တာ၊ ဖြန့်ဝေနိုင်တာကိုက အခုခေတ်ရဲ့ အားသာချက်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ကိုယ်ကြည့်ချင်တဲ့ ဝဘ်ဆိုက်ဒ် တစ်ခုကို ခက်ခက်ခဲခဲနဲ့ ဖွင့်ရတဲ့ လူတွေအတွက် အီးမေးလ်တွေက အလွန်အသုံးဝင်ပါတယ်။

ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်ရတဲ့ သတင်းအချက်အလက်က မှားယွင်းနေတတ်ပါတယ်။ အထူးသဖြင့် နာမည်ကြီး (Celebrity) တွေနဲ့ပတ်သက်တာမျိုး၊ ဘာသာရေး၊ နိုင်ငံရေးတို့နဲ့ ပတ်သက်တာမျိုး တွေမှာ လူအများရဲ့ စိတ်ဝင်စားမှုကို အသုံးချပြီး မှန်ကန်မှုမရှိတဲ့ သတင်းကို ဖြန့်ဝေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ ပုဂ္ဂိုလ်ရေးအရ အပုပ်ချလိုတဲ့အတွက် ဒီသတင်းမျိုးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးကြပါတယ်။ ဗိုင်းရပ်စ်တွေကို ဖြန့်ဝေသလိုပေါ့။

အဲလို သတင်းမျိုးတွေကြောင့် သက်ဆိုင်သူတွေ နစ်နာခဲ့ကြရတဲ့ အဖြစ်အပျက်မျိုးတွေ ဒီခေတ်မှာ အများကြီးပါ။ အချို့ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်တဲ့ အထိဆိုတော့ တော်တော်ရင်နာစရာ ကောင်းပါတယ်။ အချို့အကြောင်းအရာတွေကတော့ အမှန်တကယ်ဖြစ်ခဲ့တာ မှန်ပေမဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့ လူသိမခံချင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ လွတ်လပ်စွာ ဖော်ပြခွင့်ရတိုင်း သူတပါးရဲ့ အားနည်းချက်ကို ဖော်ပြတာဟာ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရာ ရောက်တယ်လို့ မြင်မိပါတယ်။ လူတိုင်းမှာ လူသိမခံချင်တဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ ဘယ်သူမှ စင်းလုံးချော အပြစ်ကင်းတဲ့သူ မရှိပါဘူး။

လောကကြီးမှာ ဥပဒေအရ အရေးယူလို့ မရပေမဲ့ လူသားတစ်ယောက်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စမျိုးတွေ အများကြီးရှိပါတယ်။ ဘယ်လိုအလုပ်မျိုးတွေဟာ မလုပ်သင့်တဲ့ကိစ္စတွေပဲဆိုတာ နည်းနည်းလေး ကိုယ်ချင်းစာကြည့်လိုက်ရင်ကို သိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသတင်းမျိုးတွေကို ဖန်တီးတဲ့လူမှာ တာဝန်ရှိသလို ထပ်ဆင့်ဖြန့်ဝေတဲ့ လူတွေမှာလည်း တာဝန်မကင်းပါဘူး။

တကယ်ဆို အချို့သတင်းတွေဟာ အင်တာနက်မှာ နည်းနည်းလောက် လေ့လာလိုက်တာနဲ့ အမှန်မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ ကိုယ်မေးလ်ထဲရောက်လာတဲ့ သတင်းထူးဆိုရင် ဘာမှကို မစဉ်းစားပဲ တစ်ဆင့်ဖြန့်ခြင်း (forward) လုပ်လိုက်ကြတာ များပါတယ်။ အဲဒါမျိုးတွေကြောင့် သက်ဆိုင်သူတွေ ဒုက္ခရောက်ကြရတာပါ။

ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်ရအောင် ကိုယ့်ဆီရောက်လာတဲ့ မေးလ်တွေကို ကိုယ်တိုင်လေ့လာပြီး သေချာတယ်ထင်မှ တစ်ဆင့်ဖြန့်ခြင်း (forward) လုပ်သင့်တယ်လို့ ထင်ပါတယ်။

3 comments

  • etone

    July 22, 2010 at 2:16 am

    ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ …သတင်းက ကိုယ်မသိသေးတာဆိုရင် သတင်းထူးပဲပေါ့ ။ စာပို့တဲ့လူတွေက ဒီသတင်းမှန်လားမှားလားဆိုတာမျိုး တွေးတောချိန်မရပဲ ပို့ဖြစ်သွားတာလည်းရှိကောင်းရှိမှာပါ ။ ဒါပေမဲ့ fwd လုပ်ကြတယ်ဆိုတာကလည်း သူများ တစ်ကာ နစ်နာအောင်ဖွတယ်လို့ ယူဆလို့မရဘူးလေ ။

    Reply

  • naywoonni

    October 17, 2010 at 2:21 pm

    ကျွန်တော်ကတော့forward မလုပ်ဖြစ်တော့တာကြာပါပြီ
    ကျွန်တော့forward mailကနေအကောင့်တွေပါသွားပြီးတစ်ဖက်ကနေ
    အက်ပြီးအစအနောက်လုပ်တာကြုံဖူးလို့
    ပို့ချင်ရင်အရင်းနှီးဆုံးတစ်ယောက်နှစ်ယောက်ဆီပဲ
    အများကြီးမပို့ဖြစ်တော့ဘူး

    Reply

  • winkyawaung

    October 17, 2010 at 3:26 pm

    ကောင်းသော အကြံပေးခြင်းပါ..။ သတင်းသမားများ ဆင်ချင်သင့်ပါတယ်..။

    Reply

Leave a Reply

Your email address will not be published.