“အမှောင်ထဲက အော်သံကို အရောင်ခွဲတော့မယ် ဆိုပါစို့”

သွေးညှီနံ့သမိုင်းဆိုတာ လူ့အန်ဖတ်တွေ မွေးဖွားရာနယ်မြေ

အမှန်တရားမှန်ချပ်တွေ ပြိုင်တူကျကွဲတိုင်း ကြားကမြေကြီး

ခါးနာနေကြ ခံဘက်ချည်း

ဟိုထိုး ဒီထိုး ခြေဗွေပါ လက်ညှိုးတွေ များများလာ

ကြားနေကျ အရွေ့လှိုင်းတွေထဲ ငိုသံ ကျယ်ကျယ်လောင်လောင်

“အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း”

“အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း”

“အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း”

ရှေ့ကိုသွားတဲ့မြှား နောက်ပြန်ဆုတ်သင့်/မဆုတ်သင့်

ဘေးဖယ်… ဒီမေးခွန်း လူကြီးတွေ မဖြေနိုင်ရင် ကလေးတွေ ဝင်ဖြေလိမ့်မယ်

ဘာပဲလောင်လောင် ညှော်နံ့ကို ဖုံးလို့ရရိုးလား

နဖူးပေါ် ပုစဉ်းနားတာလောက်ကိုများ လောင်ချာနဲ့ထုချချင်သူကြီး

ဒီအကွက်က ရိုးတယ် နောက်အကွက်ကို ပြောင်း

ဟေ့ကောင် ဗိုက်ကြီး မင်းသောက်နေတဲ့ မျက်ရည်က ချိုလား

အသိုက်ပျောက်ငှက် ဝပ်ကျင်းပျောက်တိရစာ္ဆန် မြစ်ချောင်းမဲ့ငါးတွေအား

ညှာတာပါ စာနာပါ ကူညီပါ

သူတို့ခမြာ အောက်စီဂျင်တောင် ဖြောင့်ဖြောင့်မရှူရဘူးတဲ့

ရေခမ်းနေတဲ့ရေတွင်းက ရေငတ်နေသူကို လှောင်တယ်

သားကောင်တွေ တောပြောင်းတာ မုဆိုးတွေ စည်းကမ်းမဲ့လို့

ဘာလို့ ကိုယ့်နာမည်ကိုယ် မင်နီနဲ့ရေးတာလဲ စဉ်းစားလို့မရ

ကြည့်လုပ် ကြားပေါက်ငွေတွေမှာ ငရဲဝင်ပူးနေကြတယ် ။ ။

စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • မောင်ပေ

    February 16, 2013 at 7:28 pm

    အော်သံ
    လော်ညံ
    ဆော်ထန်
    လျော်ရန်
    ထော်လန်
    ဖော်ကြံ
    မော်ကန်

    Reply

  • niki ta

    February 17, 2013 at 11:00 am

    သိပ်ကို ထိမိတဲ့ ကဗျာပဲ….
    အားပေးသွားပါတယ်…

    Reply

Leave a Reply to niki ta Cancel Reply

Your email address will not be published.