ဘဝထဲက ဆားတစ်ဆုပ်

etoneJuly 21, 20101min00

တစ်ခါက အိန္ဒိယဆရာတစ်ဦးမှာ အမြဲတမ်း ညည်းညူ၊ ဝေဖန်ပြစ်တင်ပြောဆိုတတ်တဲ့
တပည့်တစ်ဦးရှိတယ်။ တစ်နေ့မှာဆရာက တပည့်ကို ဖန်ခွက်တစ်လုံးထဲ
ဆားတစ်ဆုပ်ထည့် အရည်ဖျော်ပြီး သောက်ခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်လိုအရသာ
ရှိသလဲလို့မေးတော့ တပည့်က တစ်ငုံ့သောက်ပြီး ချက်ချင်းပြန်ထွေးထုတ်တယ်။
“အရမ်းခါးတယ်” တဲ့။

နောက်တော့ဆရာက ဆားတစ်ဆုပ်ကို အနီးမှာရှိတဲ့ ရေကန်ထဲ ထည့်ပြီး ကန်ရေကို
ခပ်သောက်ခိုင်းပြန်တယ်။ ပြီးတော့ အရသာကိုမေးတယ်။ ဒီတစ်ခါတော့ တပည့်က
ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ “လတ်ဆတ်တယ်” တဲ့။

“ဆားအရသာကို ရသလား” လို့ ဆရာကမေးတော့ “မရဘူး”တဲ့.. တပည့်ကပြန်ဖြေတယ်။

လူ့ဘဝမှာရှိတဲ့ နာကျင်ခြင်းက ဆားနဲ့တူတယ်။ မများဘူးလို့ မဆိုနိုင်သလို
နည်းတယ်လို့လည်း မဖြေသာဘူး။ ဒါပေမယ့် နာကျင်ခြင်းကို ခံရတဲ့အခါ
ကိုယ်ဘယ်လောက် ခံစားနိုင်သလဲ! နာကျင်ခြင်းကို ခံယူတဲ့ (ထည့်တဲ့ခွက်ပမာဏ)
အနည်းအများပေါ် မှုတည်ပါတယ်။ နာကျင်ခြင်းကို များများခံယူလေ ခါးသက်လေမို့
နာကျင်ခြင်းကို သင်ခံစားရတဲ့အခါ ရင်ဘတ်ကို ချဲ့နိုင်သလောက် ချဲ့ထားပါ။

ဖန်ခွက်တစ်လုံး မဟုတ်ဘဲ ကန်ရေပြင်ကျယ်တစ်ခု (သဘောထားပြည့်ဝသူ) လုပ်နိုင်ပါစေ…

မူရင်း — ဝယ်ယူခဲ့သော ပုံပြင် (၃ဝဝ) စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Leave a Reply

Your email address will not be published.