အမိမဲ့သား ရေများစေရမယ်

ဇွန်လ ၁ ရက် မိုးရေစက်တွေကြားမှာ
လူဖြစ်လာခဲ့တဲ့သားလေ
ဒေါ်စံမေရဲ့ မြေး
မျိုးသန့်လေးအတွက် ရတနာ
လောကအလယ်မှာ
အသန့်အကောင်းတွေနဲ့ စံရဖို့
အဖေတို့ကြိုးစား
၁ နှစ်သားကတည်းက
အပေါ်ထပ်မှာ အဖွားနဲ့အိပ်
တိတ်ဆိတ်ခြင်း မဲ့ခဲ့တဲ့ အဖေတို့အိမ်ထောင်ရေးကြားမှာ
သားဟာ လူကြီးလေးပမာ နေတတ်ခဲ့တယ်နော်
အရွယ်အတော်ရောက်လာပြီးတဲ့နောက်
ကျောင်းအပ်ရတဲ့အခါ Smart School  မှာထား
သားကို သူများထက်သာစေချင်ခဲ့တယ်
သား စာရေးနေတဲ့အခါ
အဖေ့ခမျာ အမောတွေပျောက်
လူလားမြောက်တဲ့အထိ
အဖေ အားတွေရှိနေအောင်ဆုတောင်းမိတယ်
မင်းအမေ ဒူဘိုင်းမြေကပြန်လာတဲ့အခါ
ပါလာတဲ့လက်ဆောင်ပုံတွေကြား
ငါ့သားပျော်နေတာမြင်တော့လည်း
ဪ သူ့အမေပဲ လို့ ဖြည့်တွေး
အမေတည်းတဲ့ဟိုတယ်ဟာ
သိပ်မိုက်တာပဲအဖေရာ တဲ့
ဟိုတယ်နဲ့အိမ် ကွာခြားမှု
မိသားစုရဲ့ အဓိပ္ပါယ်
သား တစ်နေ့ နားလည်လာလိမ့်မယ်
၄ တန်းဆိုတဲ့အရွယ်ကျော်လာတော့
ICEC  မှာထား
ကျောင်းလခ ငါးသောင်း ကျောင်းကားခ တစ်သောင်းခွဲ
ဘာအကြောင်းလည်း သားရယ် သားအတွက်ပဲကွယ်
အဖွားရယ် အဖေရယ်က အမေမဲ့သားအတွက်
အစစ အဆင်ပြေရေး ကြိုးစားပေးနေတယ်လေ
ညနေကို ဈေးဝင် သားစားချင်မှာလေးတွေဝယ်
အိမ်မရောက်ခင် တစ်ထောက်နား
၂ ပက်ထက် ပိုမများပါဘူးကွာ
ညစာဆိုတာစားအပြီး အဖွားကြီးနဲ့မင်းက တီဗီရှေ့
အဖေကတော့ မီးဖိုချောင်ဝင်
နောက်တစ်နေ့အတွက် ချက်ပြုတ်ထား
ကျောင်းကားလာတဲ့ ၆ နာရီ
ကဗျာကသီ နှိုးစရာမလိုတဲ့သား
မင်း ကျောင်းသွားပြီးမှ အဖေရေချိုး
သဝေထိုးစရာမရှိ ပျင်းအိအိ
၈ နာရီမှာ အိမ်ကထွက်
လှည်းတန်းဘက်မှ သံလမ်းဆီ
ရုံးမရောက်မီ လဘက်ရည်သောက်
ဒီလိုနဲ့ ညနေပြန်ရောက်ပြန်
စက်ရုပ်ဆန်တဲ့ ထူးမခြားနားနေ့တွေကြား
တောင်တောင်အီအီလည်း မစဉ်းစား
အမိမဲ့သား ရေနည်းငါး ဆိုတဲ့စကား
ငါ့သားအတွက် မဖြစ်စေရ
အချစ်တွေက သားအပေါ်
အများမော်သလို မော်စေရမှာမို့
အဖေ့သား ဘယ်တော့မှ ရေနည်းငါး ဖြစ်မလာ
အဖေ့ကိုသာ  ယုံလိုက်ပါ ။

 

1 (2)

16 comments

  • Thit San Khant

    February 7, 2013 at 1:58 pm

    လူတွေအားလုံးလိုလိုဟာ မိခင် မေတ္တာကိုသာ ပုံဖော်ညွှန်းကြတယ်..
    ဒီလို အဖေ တစ်ယောက်က သားအပေါ်ထားတဲ့ မေတ္တာ စေတနာ အနစ်နာ တွေကို
    ပြန်လည် ပြသပေးတဲ့ အတွက် အဖေ တစ်ဦးရဲ့ မေတ္တာတရားကို နားလည်လိုက်ပါပြီ
    ကျေးဇူးပါ ကိုမျိုးသန့်

    Reply

  • Myo Thant

    February 7, 2013 at 2:06 pm

    ဟုတ်ကဲ့ပါ
    ကျနော် အဖေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေဆဲပါ ၊

    Reply

  • MaMa

    February 7, 2013 at 2:26 pm

    တခါက ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးတာ….
    သမီးအသက်၂ဝ ပြည့်တဲ့ မွေးနေ့မှာ အဖေဖြစ်သူက ထူးခြားတဲ့လက်ဆောင်လေးတစ်ခု ပေးခဲ့တယ်။
    သမီးဖြစ်သူခမျာ အဲဒီလက်ဆောင်ကို ရပြီး အရမ်းကို ဝမ်းသာခဲ့ရတယ်တဲ့။
    အဲဒီလက်ဆောင်လေးကတော့….
    သမီးငယ်ငယ်က ဆွဲခဲ့တဲ့ ပုံလေးတွေ၊ သမီးမွေးနေ့တိုင်း တစ်နှစ်တခါ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေနဲ့ သမီးအတွက် အဖေက သူ့အရွယ်နဲ့သူ ရေးခဲ့တဲ့ စာတိုပေစ လေးတွေ ဆိုပဲ။
    ကိုမျိုးသန့်ရဲ့ အခုရေးနေတဲ့စာတွေကို စုစည်းထားရင် နောင်တစ်နေ့မှာ သားလေးအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ လက်ဆောင်ကောင်းလေး ဖြစ်လာနိုင်တယ်နော။ :hee:

    Reply

  • Myo Thant

    February 7, 2013 at 2:37 pm

    ဟုတ်ကဲ့
    မေးလ်ထဲမှာ ရှိပါတယ် ၊
    သားရဲ့ မေးလ်ဆီလည်းပို့ပြီးသားပါ ၊
    စနေလိုနေ့ဆို သားက ဂျီတော့ကနေ စကားတွေ လာပြောတတ်ပါတယ်
    ညနေမတွေ့ရမှာကျနေတာပဲဗျာ

    Reply

  • ခင်ခ

    February 7, 2013 at 3:04 pm

    အသက်ကြီးပေမယ့် မပျက်စီးဘူးဆိုရင်………
    အရွယ်မတူပေမယ့် အချစ်မလျော့ဘူးဆိုရင်…..
    ပြောထားတဲ့အဖေ့စကား အမြဲတည်မယ်ဆိုရင်……..
    အိမ်ထောင်တွေကျ ကလေးရလည်း သား လို့သာ ခေါ်နေခဲ့မယ်ဆိုရင်…….
    အဖေရေမနည်းတာ ယုံကြည်စွာနဲ့ ရေလွှာရှောစီးတောင် ဆော့လိုက်ချင်ပါရဲ့။

    Reply

  • မျက်ရည်လည်အောင်ပီတိဖြစ်စရာစာလေးတွေပါ။
    ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်သာစေပါတယ်။

    Reply

  • Myo Thant

    February 7, 2013 at 3:32 pm

    ကျေးဇူးပါခင်ဗျာ
    လောကမှာ မိဘ မစုံမလင်နဲ့ နေရသူတွေရဲ့ ခံစားမှုမျိုးကို
    ကျနော်ကိုယ်တိုင် အထီးကျန်စွာခံစားကြီးပြင်ခဲ့ရသူမို့
    သားကို အဲဒီလို မတွေးမိ မခံစားမိစေအောင် ကြိုးစားနေသူပါ

    Reply

  • nozomi

    February 7, 2013 at 5:32 pm

    ခံစားချက် နဲ့ မေတ္တာက ပြင်းလို့လား
    အရေးကပဲ ကောင်းလို့လား မသိ
    (နှစ်ခုလုံးကြောင့်နေမှာပေါ့)
    ဖတ်ရတာတော့ ဟတ် ထိတာ အမှန်ပဲ

    အရင်က ဖတ်ခဲ့ဘူးတဲ့ ရှင်မရေ ကဗျာစုတောင် သတိရမိသေးရဲ့

    Reply

  • အရီးခင်လတ်

    February 7, 2013 at 7:31 pm

    ဒီလို ဖခင်ကောင်း ဖခင်မြတ် ကို ပိုင်ဆိုင်ထားတဲ့ သားလေး မို့ ကံကောင်းပြီးဖြစ်နေပါပြီ။
    ပိုပိုပြီး အောင်မြင်ထူးချွန်တဲ့ ကလေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

    ရန်သူတောင် လက်နက်ချရင် ကျေအေးရပါတယ်။
    တစ်နေ့သားလေး အမေ လက်နက်ချ အလံဖြူထောင်ပြတဲ့ နေ့လေး ရှိလာပါစေလို့လဲ ဆုတောင်းပေးပါတယ် ကိုမျိုးရေ။

    Reply

  • မောင်ပေ

    February 7, 2013 at 7:41 pm

    သားအဖ၂ယောက် ပျော်ရွှင်ပါစေ

    Reply

  • padonmar

    February 7, 2013 at 8:58 pm

    ကိုမျိုးသန့်
    ကိုနိုပြောတဲ့ အတိုင်းပါပဲ။
    မလတ်လိုလည်း ဆုတောင်းပေးပါတယ်။
    (ဟဲဟဲ၊ အချောင်ခိုလိုက်တာ)

    Reply

  • Myo Thant

    February 8, 2013 at 9:12 am

    သိကြားမင်း ဆင်းလာပြီး စေ့စပ်ရင်တောင်
    ကျနော်က ဟင့်အင်းပါ ၊
    သားမျက်နှာကြောင့် ပတ်ဝန်းကျင်က လက်ဖျားခါရတဲ့အထိ သည်းခံခဲ့ပြီးပါပြီ
    ဒီထက် အစော်ကား မခံနိူင်တော့ပါ ၊
    ကောင်းစေချင်လို့ ဆုတောင်းပေးကြသူများကို ကျေးဇူးများစွာ တင်လျက်ပါ ။

    Reply

  • padonmar

    February 8, 2013 at 9:35 pm

    အမေက စာရေးဆရာမလည်းပြောဖူးတယ်။
    NLD အမတ်အဖြစ် ထောင်ထဲလည်း ရောက်ဖူးတယ်။
    ဒေါ်စံမေဆိုတော့ ကိုမျိုးသန့်အမေက ရွှေကူမေနှင်းပါလား။
    ဟုတ်ရင်တော့ သူအရင်က မြဝတီလား ငွေတာရီလားတော့ မမှတ်မိတော့ဘူး၊မဂ္ဂဇင်းဝတ္ထုတိုအဖြစ်ရေးခဲ့တဲ့ ရှင်စံမေတို့ သူငယ်ချင်း ၄ယောက် ကောျင်းအပိတ် စားရိတ်ပြတ်လို့ မီးရထားနဲ့ မြို့အပြန် တစ်ယောက်စာ လက်မှတ်မဝယ်ပဲ အိပ်စင်ကလိုက်ရင်း လက်မှတ်စစ်နဲ့ တိုးတဲ့ ဝတ္ထုတိုလေး
    အရမ်းကြိုက်ပါတယ် လို့ ပြောပေးပါနော်.
    ကိုမျိုးသန့်ရဲ့ ကိုယ်တွေ့ခံစားချက်ကလည်း ကာရန်လေးတွေ ချိတ်ထားတာ အလွန်လှလို့ နှစ်သက်မိပါတယ်။

    Reply

  • Myo Thant

    February 9, 2013 at 9:15 am

    ဟုတ်ကဲ့
    အမေက ရွှေကူမေနှင်းပါ
    ကျနော်ကလည်း ရွှေကူမှာပဲ မွေးခဲ့တာပါ ၊
    အမေ နဲ့ ကျနော် အခု အတူတူနေပါတယ် ၊

    Reply

  • ရွှေ ကြည်

    February 9, 2013 at 11:29 am

    ဪ ရွှေကူမေနှင်းဆိုတာကြားဖူးတယ်ဗျ သေချာတော့စာတွေမမှတ်မိတော့ဖူးဖတ်ဖူးသလိုပဲ ရွှေကြည်အဒေါ်ကစာအုပ်တွေစုထားတာဖတ်ဖူးတယ်ထင်တယ်။ ကိုမျိုးသန့် အိမ်ထောင်ရေး့အတွက်စိတ်မကောင်းပါဘူး။
    ဒါပေမယ့် သားအပေါ်ထားတဲ့မေတ္တာနဲ့ စိတ်ထားတွေကလေးစားလောက်ပါတယ်ရှင်။ မိခင်နဲ့သားကိုစောင့်ရှောက်နေတဲ့ကိုမျိုးသန့် ကျန်းမာပျော်ရွှင်ပါစေ။

    Reply

  • padonmar

    February 9, 2013 at 7:42 pm

    ကိုမျိုးသန့်ရေ
    အမေရဲ့ အင်းစိန်မှတ်တမ်းကိုလည်း အရမ်းကြိုက်ပါတယ်လို့ ပြောပေးပါနော်။
    အဲဒီစာအုပ်ကို အရင် ဖတ်ဖူးလိုက်တော့ မသီတာရဲ့ စမ်းချောင်းအင်းစိန်ဟားဗတ်က ပိုပြီး ကွက်ကွက်ကွင်းကွင်း ဖြစ်သွားပါတယ်။
    အမေ့လက်ရာတွေလည်း ဂဇက်မှာ ဖတ်ခွင့်ရချင်ပါတယ်။
    ကျမတို့ ရွာသူားတွေ ကိုယ်စား( သဂျီး ရှေ့ ထွန်ကျူး ပြီး) ဖိတ်ခေါ်ချင်ပါတယ်။

    Reply

Leave a Reply to Myo Thant Cancel Reply

Your email address will not be published.