ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း) – ၂

ဟိုတယ်ပိုင်းမှာ ကျန်ခဲ့တာလေးတစ်ခုက contract rate ထွက်တာ နောက်ကျတာပါ။ ဒီလိုအချိန်မျိုးမှာ အလုပ်တွေအပြည့်လုပ်နေရတဲ့ဘဝကို နားလည်ပါတယ်။ ဟိုတယ်စီမံခန့်ခွဲရေးပိုင်း၊ reservation ပိုင်းတွေကြောင့် ဖုန်းမဖြေနိုင်၊ paper work တွေမနိုင်တာ ဖြစ်နေတာတွေကို တွေ့နေရတော့ စာချုပ်တွေဘက်ကို မလှည့်နိုင်တာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်မှာကျတော့ rate က အရမ်းအရေးကြီးပါတယ်။ အနည်းဆုံးတော့ တစ်နှစ်စာလောက် ကြိုရနေမှ အဆင်ပြေမှာပါ။ အရင်ကတော့ rate မထွက်သေးလည်း အရင်နှစ်တွေကိုကြည့်ပြီး မှန်းပေးလိုက်တာမျိုးတွေ၊ တစ်ခါတစ်လေကျတော့လည်း “ဘယ်ဈေးနှုန်းလောက် ဖြစ်သွားနိုင်လဲ၊ ခန့်မှန်းခြေလေး ပြောပေးပါလား“ လို့ ဟိုတယ်ကိုမေးပြီး ဈေးတွက်ပေးလိုက်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် မနှစ်က အခန်းဈေးနှုန်းတွေက 300% လောက်အထိ ခုန်တက်သွားတာကို ကြုံရပြီးတဲ့နောက်ပိုင်းတော့ ဈေးလည်း မမှန်းရဲတော့ပါဘူး။ ဟိုတယ်တွေကလည်း မှန်းမပေးတော့ပါဘူး။ ဒီတော့ မေးလာသမျှတွေကိုလည်း ဈေးပေးလို့ မရသေးတဲ့အကြောင်း၊ ရှိတဲ့ဈေးနဲ့ပဲ ပေးလို့ရသေးတဲ့အကြောင်း၊ contract အသစ်ရရင် ဈေးအသစ်ပြန်ပေးပါမယ်ဆိုတဲ့အကြောင်း အဖန်တလဲလဲ ရှင်းပြရပါတယ်။ ဒီကြားထဲ ဟိုဘက် agent တွေကလည်း အခြေအနေကို နားမလည်ပေးရင်၊ ဒါမှမဟုတ် သူတို့ဆီနဲ့မတူလို့ သဘောမပေါက်ရင် ဒီမေးခွန်းတစ်ခုတည်းအတွက်နဲ့ပဲ အကြိမ်တစ်ရာလောက် ဖြေနေရလို့ စိတ်လည်းတိုရပါတယ်။

 

နောက်တော့ သူတို့က တစ်ဆင့်လျှော့ပါတယ်။ “ရှိတဲ့ဈေးနဲ့ပဲ ပေးထားပါ၊ ဒါပေမယ့် ဘယ်လောက်ရာခိုင်နှုန်း တက်သွားနိုင်လဲ မှန်းပေးပါ” တဲ့။ ဒီမေးခွန်းကို ဖြေမယ့်အစား ကျားမြီးသာ ပြေးဆွဲချင်စိတ်ပေါက်ပါတယ်။ ဖြေလိုက်ရပြန်ပါပြီ.. “မနှစ်က အခြေအနေတွေအရ မှန်းပေးလို့ မရပါဘူး” လို့။ ဆိုတော့ သူတို့က နောက်တစ်မျိုး ဖြစ်ပြန်ပါတယ်။ နာမည်အတိအကျ၊ လူဦးရေအတိအကျ၊ ရက်အတိအကျပေးပြီး လုံးဝသေချာတဲ့ဖိုင်အတွက် booking တင်ရင်းနဲ့အတူ rate ပါ တောင်းပေးပါတဲ့။ အဲဒီလောက်များ လွယ်နေရင် ကျွန်မတို့တွေ ဒီလောက်စိတ်ပင်ပန်းဖြစ်မနေပါဘူး။ နောက်ဆုံးတော့ ကျွန်မတို့အဖြစ်က ဘယ်အရာကိုမှ တိတိပပမသိဘဲ၊ ဘာဖြစ်လာမယ်ဆိုတာလည်းမသိဘဲ အလုပ်လုပ်နေရဘဝမို့ မျက်နှာပန်းမလှတဲ့အခြေအနေ ဖြစ်နေပါတယ်။

 

(တစ်ခုပြောချင်တာက ဒီစာကိုရေးတာဟာ ဘယ်သူ့ကိုမှ အပြစ်ပြောချင်တာ မဟုတ်ဘဲ ကျွန်မတို့ရုံးပိုင်းဆိုင်ရာအလုပ်မှာ အဆင်မပြေမှုတွေကို ပြောပြချင်ရုံသက်သက်ပါလို့။)

 

လေကြောင်းလိုင်းများ-

လောလောဆယ် လေကြောင်းလိုင်း (၆)လိုင်းကို သုံးနေပါတယ်။ Air Bagan၊ Air Mandalay၊ Air Kanbawza၊ Asian Wings၊ Yangon Airways…နောက် Myanma’s Airways က လေယာဉ်အသစ်ကြီးတွေကို Ticketing Agent တစ်ခုက charter ထပ်ဆွဲပေးတဲ့အတွက် Myanma’s Airways-Special…အားလုံးပေါင်း (၆) ခုပါ။ အခုဆို Golden Myanmar Airline ဆိုပြီး ဈေးနှုန်းနည်း လေကြောင်းလိုင်းတစ်ခု ထပ်ထွက်လာသလို Air Asia Airlines ကလည်း မန္တလေးကို တိုက်ရိုက်ဆင်းပေးတာမျိုးလည်း ရှိပါတယ်။ နောက်လည်း ပြည်တွင်းလေကြောင်းလိုင်းအသစ်တွေ ထပ်ထွက်ဖို့ ရှိနေပါတယ်။

 

လေကြောင်းလိုင်းတွေကတော့ ရရင်ရသလို confirm ပေးပါတယ်။ ဒါပေမယ့် ခက်တာက sector ပြဿနာပါ။ ဥပမာ – ခရီးစဉ်တစ်ခုမှာ လေကြောင်း (၄) ခုပါတယ်ဆိုရင် ရှိသမျှအကုန်ကို လေကြောင်းလိုင်းတစ်ခုစီကို တင်ပါတယ်။ ရတာရှိသလို မရတာလည်း ရှိပါတယ်။ ရတဲ့ Airline ကနေ ရတဲ့ sector တွေကို ယူပါတယ်။ အဲဒီမှာ sector က စကားပြောပါတော့တယ်။

 

ဥပမာ လေယာဉ်တစ်စင်းအနေနဲ့ ရန်ကုန် – ညောင်ဦး – မန္တလေး – ဟဲဟိုး – ရန်ကုန် ဆိုပြီး ပတ်သွားပါတယ်။ ဒါက အများအားဖြင့် သွားတဲ့ လမ်းကြောင်းပါ။ ရန်ကုန်ကစတဲ့ ခရီး (ရန်ကုန် – ညောင်ဦး၊ ရန်ကုန် – မန္တလေး၊ ရန်ကုန် – ဟဲဟိုး) ဆိုရင် booking ရဖို့ လွယ်ပါတယ်။ ကြားဖြတ်စီးမယ့် ခရီးဆိုရင်တော့ Waiting နဲ့ ရတာများပါတယ်။ confirm ရခဲ့ရင်တောင်မှ ကြားခရီးစဉ်တစ်ကြောင်းတည်းဆိုရင် လက်မှတ်ပေးမထုတ်ပါဘူး။ ကျွန်မတို့က ရန်ကုန် – ညောင်ဦး၊ ညောင်ဦး – မန္တလေး၊ မန္တလေး – ဟဲဟိုး၊ ဟဲဟိုး – ရန်ကုန် ဆိုပြီး (၄)ကြောင်းတင်ပါတယ်။ Airline တစ်ခုက ညောင်ဦး – မန္တလေးအတွက်ပဲ နေရာရပါတယ်။ တစ်ခြား Airline မှာလည်း အဲ့ဒီ sector က နေရာမရပါဘူး။ ဒါပေမယ့် ကျွန်မတို့ကို ညောင်ဦး – မန္တလေး အတွက် လက်မှတ်ပေးမထုတ်ပါဘူး။ ရန်ကုန် sector တစ်ခု ထပ်ယူမှ နှစ်ကြောင်းစာ ပေးထုတ်ပါမယ်တဲ့။ ဒါပေမယ့် သူတို့ Airline မှာ ရန်ကုန် sector အတွက်လည်း နေရာမပေးနိုင်ပါဘူး။ တော်တော်ကို အခက်တွေ့စေတဲ့ အခြေအနေပါ။ တစ်ခြား Airline တွေကို အပူကပ်ပေရော့ ဖြစ်သွားပါတယ်။

 

ဒါပေမယ့် ကောင်းတာ တစ်ခုက cancellation policy က အရမ်းအဆင်ပြေပါတယ်။ အမြဲတမ်းလိုလိုလည်း booking လှမ်းတိုက်လေ့ရှိပါတယ်။ ဝယ်လိုအား အရမ်းများတဲ့အတွက် တစ်ခါတစ်လေများဆို cancel ဖြစ်ရင်တောင် ဝမ်းသာပါတယ်တဲ့။

 

တော်တော်ဆိုးတာကတော့ အခြေအနေ မတည်ငြိမ်တာပါပဲ။ အချိန်ပြောင်းခြင်း၊ လေယာဉ်ပြောင်းခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း စတာတွေကို အချိန်ပြည့် ကြုံတွေ့ရပါတယ်။ ခရီးစဉ်တစ်ခုဆိုတာ အချိန်နဲ့ အလုပ်လုပ်နေရတာပါ။ ဘယ်နေရာကို ဘယ်အချိန်လောက်ဆိုရောက်ပြီး ဘာတွေကိုလည်မယ်ဆိုတာ အတိအကျကြီးမဟုတ်တောင် အကြမ်းဖျင်းတော့ အကုန်လုံးကို ကြိုစီစဉ်ထားရတာပါ။ ဒီတော့ လေကြောင်းလိုင်းတွေရဲ့ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲတွေက အရေးပေါ်ပြဿနာတွေ ဖြစ်လာပါတော့တယ်။ အချိန်အပြောင်းအလဲအနည်းငယ်လောက်က ကိစ္စမရှိပေမယ့် လေယာဉ်တစ်စီးလုံးကို မထွက်တော့ဘဲ cancel လုပ်ပစ်လိုက်တာ၊ လေယာဉ်ချိန်ကို မနက်ကနေ ညနေကို ရွှေ့ပစ်လိုက်တာတွေက program မှာ အရမ်းကို ထိခိုက်ပါတယ်။ အဲဒီလိုဖြစ်လာရင်လည်း တာဝန်ယူမှုဆိုတာ တော်တော်ကြီးကို ရှားပါတယ်။ ဖြစ်သမျှပြဿနာကို ခရီးသွားကုမ္ပဏီတွေကပဲ ဒိုင်ခံဖြေရှင်းပေးရတာပါ။

 

တစ်ခါက ကျွန်မတို့ဧည့်သည်တွေအတွက် ညောင်ဦး – မန္တလေး ညနေလေယာဉ်နဲ့ သွားဖို့ စီစဉ်ထားပါတယ်။ ဧည့်သည်က မနက်ဘက်မှာ မီးပုံးပျံစီးချင်လို့ပါ။ ကျွန်မတို့အခေါ် Balloon Over Bagan (BOB) ပေါ့။ Sunrise BOB စီးရင် မနက် ၅ နာရီခွဲလောက်ကနေ ၈နာရီခွဲလောက်အထိ ကြာပါတယ်။ ဒါကြောင့် အေးအေးဆေးဆေးသွားလို့ရအောင် ညနေလေယာဉ်ကို ယူထားရတာပါ။ ဧည့်သည်ရောက်ဖို့ (၁၅) ရက်လောက်အလိုမှာ Air Kanbawza က အကြောင်းကြားလာပါတယ်။ ညနေလေယာဉ် cancel ဖြစ်သွားပါတယ်တဲ့။ ဘာမှလည်း တာဝန်မယူပေးပါဘူး။ နောက်ပြီး ညောင်ဦး –  မန္တလေး ညနေလေယာဉ်က ရှားပါတယ်။ ကျန်တဲ့လေကြောင်းတွေကိုလည်း ဘယ်လိုမှ တင်လို့မရပါဘူး။ (၁၅) ရက်လောက်ပဲ လိုတော့တဲ့အတွက် ကျွန်မတို့ agent အချင်းချင်းရော၊ ဟိုဘက် agent နဲ့ ဧည့်သည်နဲ့ရော၊ ဟိုတယ် booking တွေရော အကုန်လုံးက fix ဖြစ်ပြီးသားပါ။ ဒီလိုအချိန်မျိုးမှာ program ပြောင်းဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ မနက်လေယာဉ်စီးရအောင်ဆိုရင်လည်း BOB ကို လွတ်လို့ မဖြစ်ပါဘူး။ ညနေလေယာဉ်ကလည်း မရဘူး။ ပုဂံမှာ တစ်ရက်ထပ်နေရင်လည်း မန္တလေးဟိုတယ်ကို တစ်ရက် cancel လုပ်ရမယ်။ cancellation fees ပေးရမှာပါ။ ဧည့်သည်ဆီက ပိုက်ဆံထပ်တောင်းလို့လည်း မရပါဘူး။ Airline Department လည်း ဗြောင်းဆန်၊ ကျွန်မတို့ Sales တွေလည်း ဟိုဘက်ကို စာတွေပို့နဲ့ တော်တော်လေးကို ဂယက်ရိုက်ခဲ့ရတာပါ။ နောက်ဆုံးတော့ မနက် (၁၁) နာရီ လေယာဉ်ကို ယူလိုက်ပါတယ်။ BOB စီးပြီးတာနဲ့ ဧည့်သည်က တစ်ခါတည်း လေဆိပ်ကို တန်းလာ၊ ကျွန်မတို့ဘက်က တစ်ယောက်က လေဆိပ်မှာ ဧည့်သည်အတွက် check-in ကြိုဝင်ပေးထား၊ ဧည့်သည်ရောက်ရင် လေယာဉ်ပေါ်တန်းတက်..နည်းနည်းတော့ အန္တရာယ်များပြီး အလွဲမခံနိုင်တဲ့ အခြေအနေပါ။ မရတဲ့အဆုံးတော့ ရတာလေးကိုပဲ သတိကြီးကြီးလုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

 

ဧည့်သည်လာလို့ အဲဒီနေ့ရောက်မယ့်ညမှာ Airline က အစ်မတွေက ရုံးမှာ အိပ်ကြပါတယ်။ နောက်နေ့အစောကြီးအတွက် တစ်ခုခုဆို ဖြေရှင်းလို့ ရအောင်ပါ။ ကျွန်မတို့အားလုံးလည်း ရင်ထိတ်နေပါတယ်။ ဒါပေမယ့် သတင်းတစ်ခုက ရောက်လာခဲ့ပါတယ်။ ရာသီဥတုမကောင်းလို့ BOB က cancel ဖြစ်သွားပါတယ်တဲ့။ ဘာပဲပြောပြော နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်။

 

(ဆက်ပါဦးမည်။)

12 comments

  • Mobile

    January 26, 2013 at 3:06 pm

    လုံမလေးရေ ဖတ်ရှု့အားပေးသွားဗာဒယ်ခည။
    လေကြောင်းလိုင်း အဆင်မပြေမှုအတွက်တော့ မပူဗါနဲ့ဂျာ
    ကျုပ်လေကြောင်းလိုင်း တစ်လိုင်းထောင် တဲ့အခါကြရင် လုံမလေးဒို့ ကုန်ပါနီ ကို
    အထူအခွင့်အရေး အထူးဒစ်စကောင့် အထူးဝန်ဆောင်မှုတွေ လုပ်ပေးဗမယ်။
    :harr:

    Reply

  • ခင်ခ

    January 26, 2013 at 3:33 pm

    ခရီးသွားအေးဂျင့်ရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ trading နဲ့ကွဲလို့ ဗဟုသုတရတယ်မို့
    ဖတ်ရှု့တယ်ဗျာ။ ဆက်ပါအုံးနော် အတွေ့အကြုံရှယ်ပေးလို့ ကျေးဇူးဗျို့။

    Reply

  • ဗဟုသုတ အဖြစ် ဖတ်ရှုသွားပါတယ်ဗျို့ …
    ဒါတွေနဲ့ မရင်နှီးလို့ …
    ပြန်ပြီးတော့ ပြောနိုင်စွမ်းတော့ မရှိပါဘူး …

    အဓိက ကတော့
    ကိုကိုအံ ကွန်မန့်လေး ခြွေချသွားတယ်ဆိုတဲ့ သဘောပေါ့ … :mrgreen:

    Reply

  • MaMa

    January 26, 2013 at 11:01 pm

    အားပေးသွားပါတယ် မွန်မွန်ရေ။
    ကိုယ်နဲ့မနီးစပ်တဲ့ လုပ်ငန်းဖြစ်လို့ ပြောပြသမျှ ထူးဆန်းနေတာချည်းပဲမို့ စိတ်ဝင်စားစရာ ကောင်းတယ်။
    ကိုယ်လည်း ဒီလုပ်ငန်းတွေနဲ့ မဆက်စပ်ဘူးလို့ ပြောလို့မရနိုင်တာမို့ ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်။
    ကိုခင်ခ ပြောသလိုပဲ နောက်အတွေ့အကြုံလေးတွေလည်း ရှယ်ပါအုံး လို့။ :hee:

    Reply

  • padonmar

    January 26, 2013 at 11:27 pm

    လုံမလေးရေ
    အရာရာကို ကြိုတင်တွက်ချက်စီစဉ်လို့ရတဲ့ တိုင်းပြည်ကလူတွေနဲ့
    အရာရာကို ကြုုံသလိုစခန်းသွားနေကြတဲ့ ဒို့တိုင်းပြည်ကလူတွေကြားမှာ
    စီစဉ်ရတဲ့လူတွေအတွက် တော်တော့်ကို ခေါင်းစားမယ်လို့ ကိုယ်ချင်းစာပါတယ်။
    အထူးသဖြင့် ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ သူတွေဆို နားတောင်လည်နိုင်မှာမဟုတ်ဘူး။
    Business အတွက် အကြိမ်ကြိမ်ရောက်နေသူတွေကတော့ ကိုယ့်အလိုအတိုင်းမဖြစ် အနတ္တတရားကို တော်တော်နားလည်နေကြပြီ။

    Reply

  • pooch

    January 26, 2013 at 11:49 pm

    တကယ်တန်း ပြောရမယ်ဆို အဲ့ဒီ ခရီးသွားလုပ်ငန်းက risk များတယ်
    ဘေးက ကြည့်ရဖတ်ရတဲ့ လူတောင် မောနေတာပဲ တော်ရုံဝါသနာ တော်ရုံသီးခံမှုတွေနဲ့တော့ မရဘူး
    စိတ်ကလည်း ရှည်နိုင်မှ

    ညီမရေ ခုက စပ်ကူးမတ်ကူးမို့ နေမှာပါ
    ( ကိုယ်ချင်းမစာတတ်လို့ ပြောတာ မဟုတ်ပါဘူးနော်)
    နောက်ဆို ဟိုတယ်တွေ ဒီထက်များလာ လေကြောင်းလိုင်းတွေလည်း ဒီထက် များလာရင် ရွေးချယ်စရာ အပြိုင်အဆိုင် ရှိလာတဲ့အခါ အဆင်ပြေသွားမှာပါ

    ခုက တော့ အစကိုး ဘတပြန်ကျားတပြန်လုပ်နေကြတယ် ထင်ပါတယ် မွန်မွန်က ဒီလို ရေးပြတော့ အစိမ်းဖြစ်နေတဲ့ အမတို့လည်း သိရတာပေါ့

    ကိုယ်တိုင်လည်း ချေးများတတ်ပြီး ရက်ကို စိတ်ကူးပေါက်သလို ဟိုရွှေ့ဒီရွှေ့ လုပ်တတ်ပါတယ်

    ခရီးသွားတာက ခရီးစဉ်ရယ် ကိုယ့်ရဲ့ ကျန်းမာရေးရယ် စိတ်ပျော်တာရယ်ကို ခံစားပြီး လုပ်ကြတာဆိုတော့ တခါတရံမှာ ရက်ရွှေ့တာကတော့ ဖြစ်လေ့ ဖြစ်ထ ဖြစ်မြဲ ဖြစ်မဲ့ ကိစ္စတခုဖြစ်နေတာမို့

    မွန်မွန်တို့လို ခရီးစဉ်ကို စီစဉ်ရတဲ့ သူတွေအတွက်တော့ အမြဲတစေ စိန်ခေါ်နေမဲ့ ပြသာနာလို့ ယူဆပါတယ် သို့သော် အဲ့ဒီလို ပြသာနာတွေကို အွန်လိုင်းမှာသာ ဖြေရှင်းလို့ ရမဲ့ စနစ်တခု ပေါ်လာရင်တော့ အထိုက်အလျောက်များ ပြေလည်သွားမလားပဲ ခုက ဖုန်းဆက်နေရသေးတယ်လေ

    Asia Web Direct Travel Site လိုမျိုးဆိုရင် အချိန်ပြည့်ပို့ပေးနေတာ ဟိုတယ်တွေ ထောင်ချီတယ် ဘယ်ကာလမို့ ဘယ်လို ဈေးလျော့တယ် ဘယ်ဟိုတယ်က ဘယ်လို ဝန်ဆောင်တယ်ဘယ်ရက်ဆို ဘယ်ဈေးနဲ့ ဘယ်ရာသီထိရတယ် ဆိုပြီး

    နောက်သူတို့ အောက်ကနေ တည်းသွားတဲ့သူူတွေရဲ့ ကွန်းမန့်တွေပါ ဖတ်ရတယ် တချို့တွေဆို အားမနာဘူး ပျစ်ပျစ်နှစ်နှစ်ကို ပြောသွားတာ

    အမတို့ဆီလည်း မကြာခင် ဒီလို ဆိုဒ်တွေ ပေါ်လာမယ် မျှော်လင့်ရတာပဲ

    ညီမရဲ့ အတွေ့အကြုံလေးတွေလည်း စိတ်ဝင်စားပါတယ် ဆက်ပါအုန်း

    ဒါကြောင့်မို့ မွန်မွန်က သေးသွယ်သွယ်လေးဖြစ်နေတာ နေမှာ ညို စိမ့်စိမ့်လေးနဲ့ အေးအေးလေး
    ထင်တောင် မထင်ရဘူး ဒီလို စိတ်ဖိစီးမှုများတဲ့ အလုပ်ကို လုပ်နေတယ်ဆိုတာ
    Fighting !!! 😀

    Reply

  • Foreign Resident

    January 27, 2013 at 5:00 am

    ဖတ်လို့ အရမ်းကောင်းပါတယ် ။
    ဒီလိုပါပဲ အလုပ်တိုင်းမှာ အခက်အခဲကတော့ရှိမှာပါပဲ ။
    အခက်အခဲ များလေ ၊ အောင်မြင်မှု ကြီးလေပါပဲ ။

    Reply

  • kai

    January 27, 2013 at 8:31 am

    တိုးရစ်ဇင်က.. အခုရှိပြီးသားအခြေအနေကနေ နောက်ထပ် ၁ဝဆအနည်းဆုံးတက်ဦးမယ့် စီးပွားရေးလုပ်ငန်းမို့..အင်မတန်အလားအလာကောင်းတဲ့ စီးပွားရေးပါလို့..
    တောင့်ထားပေါ့နော..

    ရွေလသာတဲ့နေ့ရောက်လာမှာပါ..။ :kwi:

    Reply

  • ဦးဦးပါလေရာ

    January 27, 2013 at 10:12 am

    တိုးရစ်ဇင်ကို အကြမ်းဖျင်းတော့သိထားပေမယ့်
    အခုလို လိုအပ်ချက်တွေ အခက်အခဲတွေ သိရတာ
    ဗဟုသုတလဲရပါတယ်..။
    မတော်တဆ အဲဒိနယ်ပယ်မှာ အလုပ်လုပ်ဖို့ကြုံလာရင် မလုပ်ဘူးလို့ဆုံးဖြတ်ဖို့လဲ အထောက်အကူရသွားပါတယ်။
    ကျေးဇူးပါ မွန်မွန်ရေ

    Reply

  • Mr. MarGa

    January 30, 2013 at 3:19 pm

    မသေချာမှုများကြားမှ ခရီးသွား လုပ်ငန်းပေါ့လေ
    ဆက်ရေးပါ
    သုံးကို ဖတ်နေပါတယ်

    Reply

  • weiwei

    February 10, 2013 at 9:01 pm

    ဘာကြောင့်ကြိုက်တာလဲဆိုတော့ ……

    သူ့ ရဲ့ လုပ်ငန်းခွင် ဘဝ တွေ ကို ၊
    စာဖတ်သူကို လက်က မချတမ်း ၊
    အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ် ။
    သုတ ကော ၊ ရသ ပါ ၊
    ၂ မျိုးစလုံး မှာ ကောင်းမွန်လှပါတယ် ။

    ခရီးသွားလုပ်ငန်းခွင်အတွင်း တွေ့ကြုံရသော လုပ်ငန်းခွင်အခက်အခဲများ လိုအပ်ချက်များကို ချက်ကျလက်ကျ ပိုင်ပိုင်နိုင်နိုင် တင်ပြထားသည်မှာ နှစ်လိုဖွယ်လည်းကောင်းသလို ဗဟုသုတများစွာ ရရှိပါသည်။ စာအရေးအသား သရုပ်ဖေါ်ပုံလည်း ကောင်းမွန်လှပါသည်။

    ဒီကနေ့ မြန်မာပြည်ရဲ့ ခေတ်အစားဆုံးလုပ်ငန်း၊နိုင်ငံ့ဂုဏ်ဆောင်နိုင်သလို ဂုဏ်လည်းဖျက်နိုင်တဲ့ လုပ်ငန်း၊ဒီလုပ်ငန်းရဲ့ သဘောသဘာဝတွေကို ထဲထဲဝင်ဝင် သိစေဖို့ အရေးအသားသွက်သွက် နဲ့ ဖော်ပြထားတာ နှစ်ခြိုက်မိပါတယ်။

    Reply

  • လုံမလေးမွန်မွန်

    February 15, 2013 at 10:40 pm

    သီးခြားကွန်မန့်တွေ မပြန်ဖြစ်တာ တောင်းပန်ပါတယ်… ကွန်မန့်ပေးတဲ့သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…

    ချစ်တဲ့
    လုံမလေး

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.