လက်ရှက်ခြင်း

လင္းစက္ရာDecember 17, 20121min05

အဲဒီ မုန်တိုင်းငယ်ရဲ့ မျက်ဝန်းက
ငါ့ကို ရူးသွပ်သွားစေတာ…။
( လိပ်ပြာသက်ရောက်မှု ဆန်ဆန် )
အချစ်က
သူ့နှုတ်ခမ်းပါးကို ဆွဲဖွင့်လိုက်ပြီး
ရောက်တတ်ရာရာ ခံစားမှုတွေ
ကဗျာဖြစ်စေသတည်း လို့ ကောင်းချီးပေးတယ်…၊
အဲဒီလိုနဲ့
ငါ ကဗျာဆရာဖြစ်လာတာ…။
ကောင်းကင်ကို အရောင်မဆိုးဘူး..၊
ပန်းတွေကို ရနံ့မသွင်းဘူး..၊
ငှက်တွေကို တေးမသင်ဘူး..၊
အရှိန်အဟုန် တစ်စုံတစ်ရာအတိုင်း
ငါ အလိုက်သင့် စီးမျောသွားတာပဲရှိတယ်…။

ဘုရားသခင်ကို ဖယ်ပြီး
သိပ္ပံက
စကြဝဠာကို ဖန်ဆင်းပြတယ်..။
ငါ့ကို ဖယ်ပြီး
နှလုံးသားက
ကဗျာကို ဖန်ဆင်းတယ်…။
အဲဒီတော့
မင်း အငွေ့အသက်တွေ ရိပ်သန်းနေတာ
ငါကိုယ်တိုင်လည်း မတတ်နိုင်ဘူး…။

အချစ်ထဲကို ပြုတ်ကျသွားတယ် ၊
သူများတွေတော့ မသိဘူး
ငါကတော့ ခွေးကျဝက်ကျ ၊
အောက်ခြေမလွတ်ပဲ
အကျနာခဲ့ရတာ
” ဝဋ်မှာအမြဲ ငရဲမှာအပ ” လို့ ဆိုရုံ…။

ငါတတ်ပွန်ခြင်းမရှိတဲ့
မာယာတွေ အောင်ပွဲခံကြပါစေ…
ငါ့နှလုံးအိမ်ကို
အဲ့ဒီအရာတွေ အဆာမသွတ်ချင်ဘူး….
ရုပ်လုံးပေါ်လာနိုင်ပေမယ့်
ဒါ အစစ်မဟုတ်ဘူး…….။
ဆိုတော့ကာ…..
အနှုတ်သဘောဆောင်တဲ့
ရာသီဥတုတွေ ငါ့ကိုရွာတယ်….။

အိုကွယ်..
ရင်ကွဲနာလောက်များ
ကဗျာဆရာက ပြုံးမှာပေါ့…။
ချစ်ခြင်းဆိုတာ
သိမ်းထုတ်သော့ခတ်ထားမယ့်
လှောင်ချိုင့်တစ်ခုမဟုတ်ဘူး ၊
ထည့်ဝင်ဖြည့်ဆည်းပေးမယ့်
ပျော်ဝင်မှုတစ်ခုဗျလို့…
ကဗျာဆရာက ပြုံးမှာပေ့ါ…။

အမှောင်ကို
မဆောင်ပါနဲ့ဦး အရှင်တို့ ၊
ရင်ခွင်ထက်က ပန်းအတွက်
အလင်းစက်စက် ယိုဖိတ်
( သူ )
ဂုဏ်မာနတွေ ဝင့်ထည်ပါစေဦး…။
ရေကြည်စီးစေ….၊
လေပြည် ညင်းစေ…၊
ကောင်းကင်ဘုံရဲ့ ရနံ့တွေနဲ့
ထုံမွေ့ကြည်သာစေ….၊
ကွယ်…..ပန်းရေ
မလှမ်းသင့်တဲ့ လက်တွေကို ရုပ်သိမ်း
ငါ
ခပ်စိမ်းစိမ်းပဲ နေတော့မယ်…..။ ။
လင်းစက်ရာ

5 comments

  • Mobile

    December 17, 2012 at 2:31 pm

    lynnsatyar ရေ
    ဖတ်ရှု့အားပေးသွာပါတယ်ဗျာ။
    စာသားလေးတွေ ရည်ရွယ်ချက်လေးတွေက ကျနော်ရဲ့ ခံစားချက်နဲ့ မကိုက်ညီတဲ့အတွက်
    သိပ်ပြီးသဘောမတွေ့ဘူးလို့ပြောချင်ပါတယ်။ စကားလုံးအသုံးအနှုန်း လေးတွေကတော့
    မိုက်လှပါ၏။

    Reply

  • မောင်ပေ

    December 17, 2012 at 7:01 pm

    လက်ရှက်
    ထပ်နှပ်
    တပ်မက်
    ဆက်လက်
    ဖက်တက်

    Reply

  • Mr. MarGa

    December 17, 2012 at 7:13 pm

    ဝင်ဖတ်သွားသဗျို့

    Reply

  • အလင်းဆက်

    December 17, 2012 at 8:14 pm

    ငါ့ကို ဖယ်ပြီး
    နှလုံးသားက
    ကဗျာကို ဖန်ဆင်းတယ်…။

    တဲ ့

    ကောင်းလိုက်တာ..ဗျာ ။

    Reply

  • may flowers

    December 17, 2012 at 9:31 pm

    အမှန်အကန်အားပေးဖတ်ရှု ခံစားသွားပါကြောင်း…..။

    Reply

Leave a Reply

Your email address will not be published.