လက်ပံတောင်းတောင်အတွက် သတင်းထုတ်ပြန်ချက်။

ကို ကိုေလးNovember 29, 20121min05

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သတ်၍ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၂ ကို ထုတ်ပြန်ခဲ့ပြီး ယနေ့(နိုဝင်ဘာလ ၂၉ ရက်)ညနေ ၄နာရီတွင် MRTV မှ Breaking News အဖြစ် ကြေညာခဲ့သည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။

၄။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။

၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

Eleven Media Group ကဖြန့်ဝေပေးပို့တဲ့သတင်းပါ။

 

5 comments

  • ကထူးဆန်း

    November 29, 2012 at 10:34 pm

    ိဒီ သတင်းထုတ်ပြန်ချက်ကို ပယ်ဖျက်ပါတယ်ဆိုပြီး သမ္မတရုံး web site မှာ ပြန်ကြေညာထားကြောင်းပါ။

    http://www.president-office.gov.mm/zg/briefing-room/statements-and-releases

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ကို ပယ်ဖျက်ကြောင်း သိရှိရပါသည်။

    Reply

  • သခင် Mobile

    November 30, 2012 at 2:23 am

    အဲ့ဂလိုဖြစ်သွားပြန်ပြီလား။

    Reply

    • Mr. MarGa

      November 30, 2012 at 6:09 pm

      ကြောင်စုတ် ဒီကအကောင်းမှတ်လို့ ဖွင့်ကြည့်တာ

      Reply

  • areno areno

    December 1, 2012 at 2:53 pm

    အခုထုတ်၊အခုဖျက် ဟူးးးးးးးးးးးးးးးးးးးးးးးးး ..မလွယ်ကြောပါလား ……..ကလေးတွေလို့ဘဲ ….
    သူတို့ဘာသာမီးရှိပြီးထွက်ပြေးသွားတယ်။ဒါဏ်ရာရသွားတယ်လို့မပြောတာဘဲကျေးဇူးတင်ကြပါ ..

    Reply

Leave a Reply

Your email address will not be published.