နောင်ရိုးဆိုတဲ့မြေ

htet wayNovember 13, 20121min05

အို..ပန်းမဝတီ
သင့်တေးသံနဲ့ ဆက်စီးပါလေ
တခါက
ရဲရဲနီစွေး “နောင်ရိုး တိုက်ပွဲ”က သွေးတွေ လည်း
သင့် ရင်ခွင်ထဲ စီးခဲ့ဖူးတယ်
လေးသံ မြှားသံဓါးချင်းခတ်သံ
စစ်မောင်းသံ ကြွေးကြော်သံ ကြုံးဝါးသံတွေနဲ့
သင့် ကျောပေါ် တိုက်ဆင်တွေ စစ်မြင်းတွေ ဖြတ်ခဲ့ဖူးတယ်
အို..အိပ်မက်ဆိုသော အရပ်က ပန်းမဝတီငဲ့
ကျော်ထင်နော်ရထာက ဖေါင်တွေကို မီးတိုက်
နောက်ပြန် မလှည့်ကြေးဆိုတဲသူရဲကောင်းတို့ရဲ့ သီချင်း မှာ
ဝါးပိုးပင်ကြီးတွေယိမ်းနွဲ့ ကခုန်
မြစ်ကလည်းသံပြိုင် စည်းချက်ညီခဲ့တယ်မဟုတ်လား
ကျော်ထင်နော်ရထာရဲ့
အောင်လျှင် အသက်ရှင်မည်မအောင်လျှင်သေမည်ဆိုတဲ့
ကြွေးကြော်သံကို သင်နာခံခဲ့တယ် မဟုတ်လား
တပင်ရွှေထီး က ပေးတဲ့ ဘုရင့်နောင် ဘွဲ့
သင့်နုတ်ခမ်းသားပေါ်မှာအောင်စည် အောင်မောင်းတွေနဲ့
ကျော်ထင်နော်ရထာကိုဂုဏ်ပြုပွဲ သူတို့ ဆင်နွဲခဲ့တာပဲ
အိုပန်းမဝတီ
အစကတော့ သင့်ကို ပန်းမတီလို့ခေါ်ကြ
သင့်ကလည်း အိမ်မဲချောင်းထဲ စီးဝင် ပျော်ပါးခဲ့တာပဲ မဟုတ်လား
သင့်ရဲ့ အသိအကျွမ်း ဒါးက မြစ်နဲ့ မင်းမနိုင်ချောင်း
သုရှင်တကာရွတ်ပိရဲ့ ကြောက်စိတ်ကို သင်တို့ ပြက်ရယ်ပြုခဲ့ကြ
မြောင်းမြ ချောင်းလည်း သိတယ်
ပြာမလော့ မြစ်လည်းသိမယ်
အိမ်မဲမြို့လည်းသိမယ်
စစ်တလင်းမြေမှာ ဖေါင်ဖျက်တိုက်တဲ့
သူရဲကောင်းတို့ရဲ အရိုးတွန်သံကို သင်ကြားပါစ
ဒါ ဘုရင့်နောင်ရဲ့ အောင်မြေ
ဒါ .သူရဲကောင်းတို့မြေ
သင်ကြွေးကြော်ရင်း ဆက်စီးပါ
သင်ဂုဏ်ယူရင်း ဆက်စီးလိုက်ပါ
သမိုင်းဆိုတာ ကြမ်းချင်လည်းကြမ်းမယ်
လွမ်းချင်လည်းလွမ်းမယ်
ဒါပေမယ့်ရမ်းလို့မရဘူး
မငြင်းလေနဲ့
ဒါ အိမ်မဲသားတို့ရဲ့ဝီရတေးသီတဲ့ နေရာ။ ။

5 comments

  • မိုချို

    November 14, 2012 at 9:52 am

    ဆရာ ထက်ရေ
    ဘုရင့် နောင်တို့ ဖောင်ဖွဲ့ မျှောခဲ့ တဲ့ အဲဒီ ပန်း မ ဝတီ မြစ် ကို မြင်ဖူးချင်လို့ ကြုံရင် ဓါတ်ပုံ လေး ရိုက်ပြီး တင်ပေး ပါအုံး လို့ ။

    Reply

  • htet way

    November 14, 2012 at 10:05 am

    ကဗျာကိုအားပေးတာကျေးဇူးပါ
    ဟုတ်ကဲ့ တင်ပေးပါ့မယ်။အားပေးတာကျေးဇူးပါဗျာ

    Reply

  • ခိုင်ဇာ

    November 14, 2012 at 10:13 am

    ဟုတ်တယ်။ အဲ့ဒီ ဘက်ကို မရောက်ဖူးဘူး။
    သမိုင်းဝင် မြစ်ကို မြင်ဘူးချင်တယ်တော့။
    ကဗျာလေးလည်းကောင်းတယ်။ (ကျနော် နားလည်လို့) 🙂

    Reply

  • Good™

    November 15, 2012 at 12:56 pm

    သိပါကကော ကိုထက်ဝေး ရေ။
    ပမ္မဝတီ ( ၁ ) နဲ့ ( ၂ ) လို့ ဂုဏ်ပြု အမည်ပေးပြီး သုံးထပ် သင်္ဘော နှစ်စီး ပြည်တွင်းရေကြောင်း မှာ တောင် ပြေးဆွဲ နေသေး မဟုတ်ပါလား။

    Reply

  • ရွာသူ jujuma .

    November 15, 2012 at 2:25 pm

    အားပေးသွားပါတယ်ဗျာ …

    Reply

Leave a Reply

Your email address will not be published.